SJ WorldNews - шаблон joomla Авто

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွက် မိုးလေ၀သနှင့် ဇလဗေဒ ခန့်မှန်းချက်များနှင့် ကြိုတင် သတိပြုဖွယ်ရာများ

Sunday, 08 December 2019 17:35 Written by  font size decrease font size decrease font size increase font size increase font size

ဆောင်းကာလ အတွင်း တစ်ခါတစ်ရံ တိုက်ခတ်သော အရှေ့လေပြင်းများကြောင့် မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် လှိုင်းကြီး နိုင်ကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် လေထုမငြိမ်သက်ရာမှ ဖြစ် ပေါ်သော တိမ်တိုက်များကြောင့် အအေးပေါ့နိုင်ကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၌ နံနက်ပိုင်းနှင့် ညနေပိုင်း တို့တွင် မြူထူများ ကျဆင်းတတ်ကြောင်း  ထို့ကြောင့် ရေကြောင်း၊ လေကြောင်းသွားလာရေး ဂရုစိုက် ကြရန် စသော အချက်အလက်များကို မြ၀တီစာဖတ်ပရိသတ်များ သိရှိစေရန်  မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးလှထွန်း နှင့် တွေ့ဆုံမေးမြန်း မှုများကို ဖော်ပြ လိုက်ရပါသည်။

မေး။   ။ ပထမဆုံး ဒီဇင်ဘာလအတွက် မိုးလေ၀သနှင့် ဇလဗေဒ ခန့်မှန်းချက်များကို မတင်ပြခင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့    မိုးလေ၀သ အခြေအနေများကို ပြန်လည် သုံးသပ်ပေးပါဦး။

ဖြေ။     နိုဝင်ဘာလအတွင်းမှာ  လေဖိအားနည်း ရပ်ဝန်း တစ်ကြိမ်သာ ဖြစ်ပေါ် ခဲ့ပြီး   "BULBUL" အမည်ပေး မုန်တိုင်း တစ်ခုအဖြစ်    အားကောင်း ခဲ့ပါတယ်။  မုန်တိုင်း အရှိန်ကြောင့်   ဒေသအချို့မှာ မိုးရွာသွန်းနိုင်တဲ့ အခြေအနေ ရှိကြောင်းကို ကြိုတင်ထုတ်ပြန် ပေးနိုင်ခဲ့ပြီး  မုန်တိုင်း သတင်းကိုလည်း     အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန် ပေးခဲ့ပါတယ်။ 

မေး။   ။ ဟုတ်ကဲ့ပါ ဆရာ။ ဒီဇင်ဘာလမှာ ဖြစ်နိုင်တဲ့ ရာသီဥတု အခြေအနေများနဲ့ ပတ်သက်ပြီး ခန့်မှန်းချက် များကို တင်ပြပေးပါဦး ဆရာ။

ဖြေ။   ။ ဒီဇင်ဘာလရဲ့ ရာသီဥတုအခြေအနေများနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်များကတော့ မိုးရွာသွန်းနိုင်မှု အလားအလာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့  ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်   မိုးရွာ နိုင်သည်။   စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊  တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊  ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့  ကယားပြည်နယ်တို့တွင် သုံးရက်မှ ငါးရက်ခန့်အထိ နေပြည်တော်၊  စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊  မန္တလေးတိုင်း ဒေသကြီး၊မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် တစ်ရက်မှနှစ်ရက်ခန့် အထိ  မိုးအနည်းငယ် ရွာနိုင်သည်။ ညအပူချိန် အလားအလာ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေး တိုင်း ဒေသကြီး၊  မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊  ကရင်ပြည်နယ် နဲ့  မွန်ပြည်နယ် တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်သည်။

မြူကျဆင်းမှု အလားအလာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊  ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၁၆ ရက်မှ ၂၄ ရက် ခန့်နှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး နဲ့ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ကိုးရက်မှ ၁၅ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများ ဆိုင်းနိုင်သည်။

မေး။   ။ ဟုတ်ကဲ့ပါဆရာ။ ဒီဇင်ဘာလမှာရော ပုံမှန်ထက် အအေးပိုလာနိုင်မယ့် အခြေအနေများ     ရှိလာ နိုင်ပါ သလား ဆရာ။

ဖြေ။   ။ ပုံမှန်အားဖြင့် မြန်မာနိုင်ငံ တစ်ဝန်းမှာ ဒီဇင်ဘာလမှစပြီး အအေးပိုလာတဲ့ အခြေအနေ ရှိပါတယ်။ ဒီဇင်ဘာ လဟာ များသော အားဖြင့် အေးပြီး ခြောက်သွေ့တဲ့ လက္ခဏာ ရှိတဲ့အတွက် အအေးပိုလာ ဖို့တော့ ရှိတယ်။

သို့သော်လည်း ဒီနှစ်မှာ စံချိန်တင်အောင်အေးမယ့် မိုးလေ၀သ အခြေအနေ များကိုတော့ မတွေ့ရ သေးပါဘူး။ သုံး၊ လေးရက်လောက် အေးလာပြီးရင် တစ်ခါပြန်ပြီး နွေးလာမယ်။ အဲဒီအခါမှာ မိုးရွာတဲ့ အခြေအနေ ရှိတတ် ပါတယ်။ မိုးရွာပြီးရင် ပြန်အေးလာမယ်။ ဒီဖြစ်စဉ်မျိုးကို ဒေသအတော်များများမှာ ဖြစ်လေ့ရှိပါတယ်။ အထူး သဖြင့် ဆောင်းရာသီရဲ့ အဓိကလက္ခဏာ ဖြစ်ပြီး ဒီဇင်ဘာလမှာ  ပိုမိုအားကောင်းလာတဲ့ အိန်္ဒိယနိုင်ငံ မြောက် ပိုင်းရှိ လေအေးရပ်ဝန်း (လေဖိအားများ ရပ်ဝန်း) နဲ့ တရုတ်နိုင်ငံ၊ တိဗက် ဒေသရှိ လေအေးရပ်ဝန်း (လေဖိအား များ ရပ်ဝန်း)မှ လေအေးများနဲ့  တိုက်ရိုက် ထိတွေ့မှုရှိတဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသများ၊ မြောက်ပိုင်း ဒေသများ၊ အရှေ့ဘက်ကုန်းမြင့် ဒေသများမှာ  ပြီးခဲ့တဲ့လထက် ပိုပြီး အေးလာနိုင်တဲ့ အနေအထား ရှိပါတယ်။

မေး။   ။ ဟုတ်ကဲ့ပါဆရာ။ ဒီဇင်ဘာလ အတွင်း မုန်တိုင်းဖြစ်ပေါ်မှု အလားအလာများ နဲ့ ပတ်သက်ပြီး ဆွေးနွေး ပေးပါဦး။

ဖြေ။   ။ ဒီဇင်ဘာလ အတွင်း အိန်္ဒိယသမုဒ္ဒရာ မြောက်ပိုင်းဖြစ်တဲ့   ဘင်္ဂလားပင်လယ်အော်မှာ ပင်လယ်ရေ မျက်နှာပြင် အပူချိန်များ ပုံမှန်ထက်ပိုပြီး ပူနွေးနိုင်ကြောင်း ခန့်မှန်းထားတဲ့အတွက် လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ် လာနိုင်သလို  ပစိဖိတ် သမုဒ္ဒရာဘက်မှ မုန်တိုင်းများ တစ်ခါတစ်ရံမှာ အနောက်ဘက်ကို ရွေ့လျားရင်း ဖိလစ်ပိုင် နိုင်ငံကို ဖြတ်ကျော်ပြီး  တောင်တရုတ် ပင်လယ်ပြင်ထဲကို  ရောက်ရှိလာတဲ့အခါ အနောက် သို့မဟုတ် အနောက်မြောက် ဘက်ကို ရွေ့လျားလေ့ ရှိပါတယ်။ အနောက်ဘက်ကို ရွေ့လျားတဲ့အခါ  ဗီယက်နမ်ကို ဖြတ်ကျော်ပြီး   လေဖိအားနည်း ရပ်ဝန်း၊ လေပွေလှိုင်းများ အဖြစ်   အားလျော့ပြီး နောက် ထိုင်းပင်လယ်ကွေ့မှ ကပ္ပလီပင်လယ်ပြင်ကို ရောက်ရှိကာ တစ်ဖန်အားပျိုး တတ်ပါတယ်။ နောက်တစ်ခုက အရှေ့မြောက် မုတ်သုံလေ အားကောင်းတဲ့အခါ  အရှေ့လေပွေလှိုင်းများ မကြာခဏ ဖြစ်ပေါ်စေပြီး လေပွေလှိုင်းမှ တစ်ဆင့် လည်း   လေဖိအားနည်း ရပ်ဝန်းများ ဖြစ်ပေါ်တတ် ပါတယ်။

အဲဒါကို အခြေခံပြီး   ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်    တောင်ပိုင်းမှာ လေဖိအား နည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ် နိုင်ပြီး တစ်ကြိမ်မှာ ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။    ဒီဇင်ဘာလမှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းများဟာ  များသော အားဖြင့် အနောက်ဘက် (အိန်္ဒိယနိုင်ငံ ကမ်းခြေ) ကိုသာ ဦးတည်ရွေ့လျား လေ့ရှိပြီး  မြန်မာကမ်းရိုးတန်း ဘက်ကို ရွေ့လျားနိုင်တဲ့ အလား အလာ နည်းပါတယ်။

မေး။   ။ ဟုတ်ကဲ့ပါဆရာ။ မြစ်ကြီးများရဲ့ မြစ်ရေ အခြေအနေက ဘယ်လို ရှိနိုင်ပါသလဲ ဆရာ။

ဖြေ။   ။ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နဲ့ စစ်ကိုင်း မြို့တို့တွင် ၁ ပေမှ ၂ ပေခန့်၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊   ချောက်မြို့၊မင်းဘူးမြို့၊  မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့တွင် ၃ ပေမှ ၄ ပေခန့် လက်ရှိ ရေမှတ် များအောက် ကျဆင်း လာနိုင်သည်။  ချင်းတွင်းမြစ်ရေ သည် ခန်္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော် လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာ မြို့တို့တွင် ၁ ပေမှ ၂ ပေခန့် လက်ရှိ ရေမှတ်များ အောက် ကျဆင်း လာနိုင်သည်။

မေး။   ။ ဒီဇင်ဘာလ ပထမ ၁၀ ရက်ပတ်မှာ ဖြစ်လာနိုင်တဲ့ မိုးလေ၀သနဲ့ ဇလဗေဒ ခန့်မှန်းချက် များကိုလည်း  ပြောပြ ပေးပါဦး။

မုန်တိုင်းဖြစ်ပေါ်နိုင်မှု အလားအလာ

ကပ္ပလီ ပင်လယ်ပြင်နှင့်   ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့တွင် လေ ဖိအားနည်း ရပ်ဝန်း တစ်ကြိမ် ဖြစ် ပေါ် နိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသ ကြီး အောက်ပိုင်း၊ မန္တလေး တိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသ ကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းကာ  စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊    ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နဲ့  ကယား ပြည်နယ် တို့တွင် ရွာသွန်းမြဲခန့် မိုးအနည်းငယ် ရွာနိုင်ပါသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ ကယားပြည်နယ် တို့တွင် တစ်ရက်မှ နှစ်ရက်ခန့် အထိ မိုးအနည်းငယ် ရွာနိုင်ပါသည်။

ညအပူချိန် - စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊  ကချင်ပြည်နယ်၊  ရှမ်းပြည် နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း ) နှင့် ချင်းပြည်နယ် တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှ အပူချိန် တို့အောက် ၁ ဒသမ ၅ ဒီဂရီ စင်တီ ဂရိတ် လျော့နည်း နိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊  ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊  တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ ၏ ပျမ်းမျှအပူချိန် ခန့်သာ ရှိနိုင်ပါသည်။

မြူအခြေအနေ- စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ် တို့တွင် ခြောက်ရက်မှ ရှစ်ရက်ခန့်နဲ့ နေပြည်တော်၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ တနင်္သာရီတိုင်း ဒေသကြီး တို့တွင် သုံးရက်မှ ငါးရက်ခန့် နံနက်ပိုင်းတွင် မြူထူများ ဆိုင်းနိုင်ပါသည်။

မြစ်ရေအခြေအနေ- ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တို့တွင် ပေ၀က်မှ ၁ ပေခန့်၊ မြင်းမူမြို့၊ ပခုက်္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့တွင် ၁ ပေခွဲမှ ၂ ပေခန့် လက်ရှိ ရေမှတ်များ အောက် ကျဆင်း လာနိုင် ပါသည်။

ချင်းတွင်းမြစ်ရေ သည် ခန်္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့တွင် ပေ၀က်မှ ၁ ပေခန့် လက်ရှိရေမှတ်များအောက်ကျဆင်းလာနိုင်ပါသည်။

မေး။   ။ ဒီဇင်ဘာလမှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေ၀သ ဖြစ်စဉ်များနဲ့  ပတ်သက်ပြီး မိဘပြည်သူတွေ ကြိုတင် သတိပြု နိုင်အောင် ဆရာ့အနေနဲ့ ဖြည့်စွက် ဆွေးနွေး စရာများ ရှိရင် ပြောကြားပေးပါဦး ဆရာ။

ဖြေ။   ။ ဆောင်းမှာ အေးနေရာကနေ တဖြည်းဖြည်း ပြန်ပြီးနွေးလာရင် သတိထားရပါမယ်။ နွေးခြင်းကို ဖြစ်ပေါ် စေနိုင် တာက ဘင်္ဂလား ပင်လယ်အော် တောင်ဘက်က လာတဲ့ ရေငွေ့ပါတဲ့ လေတွေကြောင့်သော် လည်း ကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများ ကြောင့်သော် လည်းကောင်း ပင်လယ်ဘက်က ရေခိုး ရေငွေ့ပါတဲ့ လေများ တိုက်ခတ်မှုဟာ  မြန်မာနိုင်ငံ အချို့ဒေသများကို သက်ရောက်ပြီး နွေးသွား တာပါ။  ဒီလို နွေးသွားတာနဲ့ တစ်ဆက်တည်း သတိပြုဖို့က မိမိဒေသမှာ မိုးအနည်းငယ် ရွာနိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါ တယ်။

တောင်ဘက်လေနွေး တိုးဝင်လာတဲ့အခါ မြောက်ဘက်လေအေး တွေနဲ့ ဆုံတွေ့ပြီး အဲဒီဆုံတွေ့ရာ ဒေသတွေ မှာ အရည်ဖွဲ့ပြီး မိုးပြန်ရွာချ ပါတယ်။ အဲဒါဟာ ဆောင်းမိုး တစ်နည်းအားဖြင့် ဆောင်းတွင်းမှာ ရွာသောမိုးလို့ ပြောနိုင် ပါတယ်။    ဒါကြောင့်မို့ ကျွန်တော်တို့ကလည်း  မိုးရွာနိုင်ခြေရှိတဲ့  ထူးခြားမိုးလေ၀သ ဖြစ်စဉ်များ ရှိ လာရင် ပြည်သူ လူထုကို ကြိုတင်ပြင်ဆင်နိုင်အောင်    မိုးရွာမည့်  သတိပေးချက် ထုတ်ပြန်ပေးနေတဲ့အတွက် ကြိုတင် သိရှိ နိုင်ပါတယ်။

မြန်မာနိုင်ငံ  အောက်ပိုင်းဒေသများ မှာတော့ တစ်ခါတစ်ရံ လေထုမငြိမ်သက်ရာမှ ဖြစ်ပေါ်လာတတ်တဲ့ တိမ်များ ကြောင့် အအေးပေါ့သွား တတ်ပါတယ်။ ဒီရာသီကာလအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ အထက်မှ အောက်သို့ အရှိန်ပြင်းစွာ  ထိုးစိုက် တိုက်ခတ်တတ်သည့် အထက်အောက် လေစီးကြောင်းများ ဖြစ်ပေါ် တတ်ခြင်းနဲ့ နံနက်ပိုင်းနဲ့ ညနေပိုင်း အချိန်များမှာ မြူထူများ ကျဆင်းတတ်သဖြင့် အဝေးမြင်တာ နည်းသွား သည့် အတွက်  လေကြောင်းပျံသန်းရေးနဲ့ ရေကြောင်း သွားလာရေးမှာလည်း အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။ နောက်တစ်ခု ကတော့ မြစ်ကြီးများမှာ  လက်ရှိမြစ်ရေများထက်  ကျဆင်းလာ နိုင်တဲ့အတွက် မြစ်ကြောင်း သွား လာရေး မှာ ဂရုပြုရမှာ ဖြစ်ကြောင်း အကြံပြုလိုပါတယ်။

ကျွန်တော်တို့ အနေနဲ့ ဒီဇင်ဘာလရဲ့ ရာသီဥတု အခြေအနေများကို အထက်မှာ တင်ပြပြီး ဖြစ်ပါတယ်။ ဆက်လက် ပြီးလည်း ဖြစ်ပေါ်လာတဲ့ မိုးလေ၀သဖြစ်စဉ်များကို စောင့်ကြည့်ပြီး အချိန်အခါမဟုတ် မိုးရွာ သွန်း နိုင်မှုများ၊ ထူးခြားစွာ ဖြစ်နိုင်တဲ့ ညအပူချိန် အခြေအနေများကို  ထူးခြားမိုးလေ၀သ ဖြစ်စဉ်အနေနဲ့  ကြိုတင် ထုတ်ပြန် ပေးသွားမှာ ဖြစ်ကြောင်း ပြောကြား လိုပါတယ် ခင်ဗျာ။    

မြ၀တီ

Read 34 times
Rate this item
(0 votes)
Last modified on Sunday, 08 December 2019 20:46