SJ WorldNews - шаблон joomla Авто

မြင်းမိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးအရှင်

Friday, 06 March 2020 14:07 Written by  font size decrease font size decrease font size increase font size increase font size

ကျေးဇူးအနန္တကြီးမြတ်လှသော ကျွန်ုပ်တို့၏ မိခင်များသည် ဘုရားနှင့်တစ်ဂိုဏ်းတည်းထားရှိသော မဟာကျေးဇူး အရှင်မွေးမိခင်များ ဖြစ်ကြသည်။  ''မြင်းမိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးအရှင်မွေးမိခင်ဟု တင်စား ခေါ်ဝေါ်ထားသော မိခင်များသည် နေမင်း၊ လမင်းကြီးပမာတူပေသည်။ နေမင်း၏  ရဲရင့်သည့် အလင်းရောင်ပမာ၊ လမင်း၏ အေးမြကြည်လင်သော အလင်းရောင်ကဲ့သို့လည်း သားသမီးများအပေါ်ကို ခွန်အားစွမ်းရည် ဖြည့်ဆည်း ဆောင်ရွက်ပေးသူလည်းဖြစ်သည်။ ထို့ကြောင့် မိခင်များ၏ ဂုဏ်ကျေးဇူးသည် တုနှိုင်းမမီနိုင်အောင်   ကြီးမားမွန်မြတ်လှသည်'' ဟု ဆိုလိုရင်းပင် ဖြစ်သည်။

''ပုခက်လွှဲသောလက်သည် ကမ္ဘာကိုစိုးမိုးနိုင်သည်'' ဟူသော စကားအတိုင်း  မိခင်၏ ကျေးဇူးကြီးမားမှုကြောင့် ကမ္ဘာကို အုပ်ချုပ်နိုင်သော လူတော်လူကောင်းများ ဖြစ်ကြရသည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။

ထိုသို့ဖြစ်တည်ရန် အတွက်လည်း မိခင်တို့သည် သားသမီးများအား မိမိ၏ ဝမ်းတွင်း၌ ကလလရည်ကြည်သန္ဓေ တည်ကတည်းက ချဉ်၊ ငန်၊ စပ်၊ ခါး၊ အပူများကို ဆင်းရဲဒုက္ခခံပြီး ရှောင်ရှား၍ ထိခိုက်မခံ ကာကွယ်ကြသည်။

မမြင်ရသေးသောမိမိ၏ ရင်သွေးအပေါ်    မေတ္တာသက်ဝင်ပြီး  ကိုယ့်ဆန္ဒကိုယ့်အာသီသကို စွန့်လွှတ်ကြသည့် မိခင်တို့၏ မေတ္တာသည် နှိုင်းဆယှဉ်ပြနိုင်ဖွယ် အလျဉ်းမရှိ။

''ယောက်ျားဖောင်စီး မိန်းမမီးနေ'' ဟူသော စကားအတိုင်း သင်္ချိုင်းကို တစ်နေ့သုံးကြိမ် မျက်စောင်းထိုး၍ နေရပြီး မိမိ၏ ရင်သွေးငယ်ကို အသက်နှင့်ရင်း၍ချစ်ကြသည်။ မိမိ၏ ရင်သွေးငယ်များကို အပြစ်အနာအဆာ ကင်းကင်းနှင့် ကိုးလလွယ်ဆယ်လ ဖွားပြီး လူ့လောကထဲကို  မွေးဖွားပို့ဆောင်ကြသည်။ မိခင်တို့၏ မွန်မြတ်သော စိတ်ထားသည် မည်သို့သော အကြောင်းတရားများနှင့် ဖော်ကျူး၍ မရနိုင်။

ထို့အတူ လူ့ဘဝထဲကို ''ဖဝါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ်''အရွယ်မှစပြီး  ဝင်ရောက်လာ ကတည်းကပင်မှက်၊ ခြင်၊ ယင်မသန်းရအောင် ပင်ပန်းဆင်းရဲစွာနှင့် ကာကွယ်စောင့်ရှောက်ကြရသည်။   ထို့ပြင် သားသမီးငယ်လေးများ၏ ကျင်ကြီး၊ ကျင်ငယ်အညစ်အကြေးများကို ဝမ်းတွင်းအကျခံပြီး     မရွံမရှာပြုစု လုပ်ကိုင်ဆောင်ရွက် ပေးကြရသူများမှာ  ကျွန်ုပ်တို့၏ ကျေးဇူးရှင် မွေးမိခင်များပင်ဖြစ်သည်။ ''လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဖ'' ဟုဆိုသည့်အတိုင်း မိခင်သည် မိမိ၏သားသမီးလေးများ မပီကလာ ပီကလာစကားပြောတတ်စ အရွယ်ကစပြီး ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးယဉ်ကျေးမှု ရှိအောင်  စိတ်စေတနာကောင်းဖြင့် သင်ကြားပေးသည့် တုနှိုင်းဖွယ်ရာ မြတ်မိခင်ပင်လည်း ဖြစ်သည်။

သို့ဖြစ်ပါသောကြောင့် မိခင်များသည်  သားသမီးများ၏   လက်ဦးဆရာဟု ဆိုလိုရင်းပင် ဖြစ်သည်။

သားသမီးလေးများ အချိန်တန်အရွယ် ရောက်လာပြန်တော့ လူ့လောကအလယ် မျက်နှာမငယ် ဂုဏ်မငယ်စေဘဲ ဘဝမြင့်မား တိုးတက်ရန်နှင့်   ကာယ၊ ဉာဏ၊ စာရိတ္တကောင်းမွန်ပြီး လိမ္မာစေချင်ကြသည်။ ထို့ကြောင့် အနာဂတ်အတွက် လူတော်လူကောင်းများ ဖြစ်စေရန်အတွက်   မွေးထုတ်သင်ကြားပေးသည့် စာသင်ကျောင်းဆီသို့ မေတ္တာစေတနာ အပြည့်ဖြင့် ပို့ဆောင်ပေးကြသည်။ သားသမီးများအပေါ် ထားရှိသည့် မိခင်များ၏ မေတ္တာတရားသည် တန်ဖိုးဖြတ်မရသည့် အရာပင် ဖြစ်သည်။

မကောင်းမြစ်တာ ကောင်းရာညွှန်လတ် အတတ်သင်စေ၊ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင် ဖခင်မယ်တို့တာ ဟူသော ကျင့်ဝတ်နှင့်အညီ   စီမံဆောင်ရွက်ပေးကြသည်။ မိခင်တို့သည်  မိမိတို့၏ သားသမီးလေးများ  အချိန်တန် အရွယ်ရောက်လာတော့ မိဘတို့ဝတ္တရား ရှိသည့်အတိုင်း    လက်ထပ်ထိမ်းမြားခြင်း ကိစ္စအဝဝ တို့ကိုလည်း  လုပ်ဆောင်ပေးကြပြန်သည်။ မိခင်တို့၏ရင်ခွင်၊ မိခင်တို့၏ အရိပ်အာဝါသကနေ ခွဲထွက်သွားပေမယ့်လည်း မေတ္တာမပြတ် ကရုဏာသက်ပြီး မိမိ၏သားသမီးလေးများ ဘေးအန္တရာယ်ကင်းအောင် ကွယ်ရာကနေ ဆုတောင်းမေတ္တာ ပို့သပေးနေသည့် မိခင်တစ်ယောက်၏ သားသမီးအပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာ တရားသည် လွန်စွာမှ ကြီးမားလှပေသည်။

ပန်းကလေးများ လှပလန်းဆန်းပြီး တန်ဖိုးရှိရသည့် အကြောင်းရင်းသည် မျိုးစေ့အရွယ် အပင်ပေါက်အရွယ်မှ စနစ်တကျ ပြုစုပျိုးထောင်ပေးသော ဥယျာဉ်မှူးကောင်းကြောင့် ဖြစ်သည်။ ထိုနည်းအတူ သားသမီးလေးများ လိမ္မာယဉ်ကျေးပြီး လူတော်လူကောင်းဖြစ်ရခြင်းမှာ မူလအစအရွယ်ကတည်းက လမ်းကြောင်းမှန် ထိတွေ့ သင်ကြားပေးသော မိခင်၏ မဟာကျေးဇူးကြောင့် ဖြစ်သည်။

ထို့ကြောင့် မိခင်တို့၏ ကျေးဇူးသည် ဆပ်၍မကုန်ခန်းနိုင်ပေ။ မိခင်တို့၏ သားသမီးပေါ်ထားရှိသည့်  ချစ်ခြင်းတရားတို့သည် လေးနက် နက်ရှိုင်းသည်။   မိမိ၏ ရင်သွေးငယ်များအတွက် ဘယ်လိုဘဝမျိုးနှင့်  ရင်ဆိုင်ရပါစေ ငါ၏အသက်ကို စွန့်လွှတ်၍ ကာကွယ်စောင့်ရှောက်မည်ဆိုသည့်   မိခင်တို့၏ ရဲရဲတောက်စိတ်ဓာတ်သည် လူ့ဘဝသမိုင်းတွင်   ထာဝစဉ်ရှိနေမည် ဆိုတာကို  စာရေးသူအနေနှင့် အကြွင်းမဲ့ ယုံကြည်မိပါသည်။

မိမိ၏အသက်ကို မငဲ့ကွက်ဘဲ သားတော်လူဆိုးကြီး အင်္ဂုလိမာလပေါ် ထားရှိခဲ့သည့် အမယ်အို၏ မေတ္တာသည် ရာဇဝင်တွင် စာတင်ခဲ့လေသည်။  ၄င်းနည်းတူ မိခင်၏ ကျေးဇူးကြီးမားခဲ့သော သာဓကများသည် လူ့လောက လူ့ဘဝသမိုင်းတွင် ရေတွက်၍ မရနိုင်အောင် ရှိနေသည်။ မိခင်၏ ကျေးဇူးနှင့် ကင်းဝေးသည့် သားသမီးသည် လူ့လောကတွင်မရှိပါ။ မိခင်၏ အသွေးအသားနှင့် တည်ဆောက်ထားကာ မိခင်၏ နို့ချိုကို သောက်သုံးပြီး လူဖြစ်ခဲ့ရသောကြောင့် လူမှန်လျှင်မိခင်ကျေးဇူးနှင့် ကင်းသည်ဟူ၍ မရှိပါ။ မိခင်၏သွေးရည်သည် မိခင်၏ ကြီးမားလှသော မေတ္တာအနန္တကြောင့် အာဟာရခွန်အားဖြစ်စေသည့် နို့ရည်အဖြစ် ပြောင်းလဲခဲ့သည်။ ထို့ကြောင့် မိခင်၏နို့ရည်ကို သောက်သုံးပြီး လူဖြစ်ခဲ့ရသော ကျွန်ုပ်တို့သည်လည်း ကြီးမားသော မိခင်၏ကျေးဇူးကို အထူးသိရှိ နားလည်စေချင်ပါသည်။

စာရေးသူငယ်စဉ်အရွယ်က ကိုယ်တွေ့ဖြစ်ရပ်လေး တစ်ခုဖြစ်သော  မိခင်၏ ကျေးဇူးကြီးမားပုံတစ်ခုကို သာဓကတစ်ခု အနေနှင့် တင်ပြချင်သည်။ စာရေးသူ၏ ဇာတိသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ဖြစ်သည်။

စာရေးသူငယ်စဉ်က မိဘများသည် အလွန်ဆင်းရဲသည်။

တစ်နေ့လုပ်မှတစ်နေ့စားရသောဘဝမျိုးပင်ဖြစ်သည်။

မိသားစုက ဆင်းရဲသောကြောင့် စာရေးသူသည် အရွယ်နှင့်မလိုက်အောင် မိဘများကို  တစ်ဖက်တစ်လမ်းကနေ ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးရသည်။  သည်လိုနှင့် တစ်နေ့တွင် စာရေးသူ နေထိုင်ရာနှင့် မနီးမဝေးတွင် ရှိသော မြစ်၏တစ်ဖက်ကမ်းသို့ လှေကြုံနှင့်လိုက်၍ ပဲကောက်သင်းကောက်ရသည်။ ပဲကောက်သင်းဆိုသည်မှာ သောင်ကိုင်းပေါ်တွင် စိုက်ပျိုးထားသောပဲများကို ပိုင်ရှင်များက အချိန်တန်ရိတ်သိမ်းချိန်တွင် ၄င်းပဲသီးများမှ ကွဲအက်၍ ကျကျန်ခဲ့သော ပဲစေ့လေးများကို တစ်စေ့ချင်းပြန်လည် ကောက်ယူသည်ကို ဆိုလိုသည်။

ထိုသို့ စာရေးသူသောင်ကိုင်းပေါ်တွင် ပဲကောက်သင်းကောက်နေချိန်တွင် အမှတ်မထင် မိုးသက်လေပြင်း တိုက်ခတ်မှုနှင့် ကြုံတွေ့လေသည်။ စာရေးသူလည်း သင့်လျော်မည့် နေရာတွင်  မိုးခိုလိုက်သည်။ လာတုန်းက လှေကြုံနှင့် လိုက်ခဲ့ရသည်မို့ အကြောင်းမထူးပေမယ့် ပြန်ရမည့် အချိန်တွင် မိုးသက်လေပြင်း ကျရောက်မှုနှင့် ကြုံနေသည့်အတွက် လှေကြုံကမရှိ ဖြစ်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ အမှောင်ထုကကြီးစိုးလာ သလိုအေးကလည်းအေး၊ ဗိုက်ကလည်းဆာ၊ ကြောက်ကလည်းကြောက်လာမိသည်။ မျက်ရည်တွေကလည်း တဖြိုင်ဖြိုင်ကျလာသည်။ အားငယ်စိတ်ကဝင်လာပြီး အမေကြီးရေ...အမေကြီးရေဟု တမ်းတစိတ်ဖြင့် ငိုနေမိသည်။ အမေ့ကိုတမ်းတပြီး ငိုရသည့် အကြောင်းကလည်း စာရေးသူရင်တွင် အမှတ်ရသည့် အကြောင်းရင်း တစ်ခုကြောင့် ဖြစ်သည်။ ထိုအကြောင်းရင်းကတော့ စာရေးသူ၏ မိခင်သည် စာရေးသူကို အမြဲတမ်းပြောပြလေ့ရှိသည့် စကားတစ်ခွန်းကြောင့်ပင် ဖြစ်သည်။ ငါ့သား ဒုက္ခတစ်ခုခုနှင့် ကြုံနေလျှင်  အမေ့ကို တမ်းတလိုက် အမေသားဆီကို အရောက်လာခဲ့မယ်ဟု ဆိုသည့် မိခင်၏ ကျေးဇူးကြီးမားလှသည့် စကားတစ်ခွန်းကြောင့်ပင်ဖြစ်သည်။

သည်လိုနှင့်မိခင်ကို တမ်းတပြီး ငိုနေချိန်တွင် ငိုသံနှင့်ရောနှောနေသော အသံနှင့်အတူ ခပ်လှမ်းလှမ်းတွင် အရိပ်မည်းမည်း တစ်ခုကို တွေ့လိုက်ရလေသည်။ အသံကိုသေသေချာချာ နားစွင့်ကြည့်လိုက်သည်။ သားလေးရေ..လူလေးရေ...လှမိုးရေ  အမေဒီမှာလူလေးရေ သားလေးရေဟုဆိုပြီး တကြော်ကြော်အော်ခေါ်နေသည့် အမေ့ရဲ့အသံ ဖြစ်နေသည်။ စာရေးသူလည်း အားရဝမ်းသာ ဖြစ်သွားသည်။ အမေကြီးရေ သားဒီမှာလို့   အသံပြုရင်း  အမေ့ကိုပြေးဖက်လိုက်မိသည်။

သည်အချိန်မှာတော့ အမေ့ရဲ့ခန္ဓာကိုယ်သည် အေးစက်နေပေမယ့် အမေရဲ့ရင်ခွင်ကတော့ ပူနွေးလို့နေပါတော့သည်။

သည်နောက်ပိုင်းမှာတော့   အမေမြစ်တစ်ဖက်ကမ်းကို ရောက်ရှိလာသည့် အကြောင်းရင်းကို  သိရှိရလေသည်။ ရုတ်တရက် မိုးသက်လေပြင်းကျလာတော့ သားဖြစ်သူကို သတိရလိုက်သည်။ သည်အချိန်လောက် ဆိုသားပြန်လာမည့် အချိန်ပင်ဖြစ်သည်။ သားပဲကောက်သည့်နေရာကိုတော့ သိနေသည်။ အချိန်က လင့်လာသည်နှင့်အမျှ အမှောင်ဘက်ကို အစပြုလာသည်။ အမေ့ရင်တွေပူလာသည်။ သားအတွက်  စိုးရိမ်လာသည်။ ရင်ထဲမှာလည်း ဘုရားတပည့်တော်မသားလေး ဘေးအန္တရာယ် ကင်းပါစေဆိုပြီး ဘုရား ဘုရားဟု တနေမိသည်။ ခင်မင်ရင်းနှီး သူတွေကို အကူအညီ တောင်းကြည့်သည်။ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနေတာကြောင့် အန္တရာယ်ရှိသည့်အတွက်  လှိုင်းငြိမ်သွားသည်အထိ အမေ့ကို စေတနာစိတ်ဖြင့် စောင့်ခိုင်းသည်။ ဒါကိုအမေကလက်မခံ။ သောင်ကိုင်းတွင် အဖော်မဲ့ပြီး တစ်ယောက်တည်း ဒုက္ခဖြစ်နေမည့်သားကို တွေးပြီး အမေရင်ကွဲမတတ် ခံစားနေမိသည်။

နောက်ဆုံးမှာတော့ အမေဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချလိုက်သည်။ စေတနာဖြင့် သူမကို တားနေသည့်သူများကို ဥပေက္ခာပြုလိုက်သည်။  သားကိုချစ်သည့်ဇောနှင့် မြစ်ဆိပ်တွင်တွေ့သော လှေတစ်စင်းကို ပိုင်ရှင်မသိအောင် ဖြုတ်ယူ၍  လေထန်လှိုင်းကြီးသည်ကို ဂရုမပြု၊ မိုးသက်လေကိုအန်တုရင်း မြစ်ကိုဖြတ်ကာ သားရှိတဲ့ဆီကို  အရောက် လှမ်းခဲ့သည်။

မိခင်၏စွန့်စားခန်းသည် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်။ ဒီထက်အံ့သြစရာကောင်းသည့် အချက်ကတော့ စာရေးသူ၏မိခင်သည် ရေလုံးဝမကူးတတ်သူပင်ဖြစ်သည်။ သည်အကြောင်းလေးကိုမြင်သူတိုင်း၊  ကြားသူတိုင်း မယုံကြည်နိုင်အောင် အံ့သြကြသည်။

သည်နေ့သည်အချိန်ထိလည်း စာရေးသူတို့ ရွာလေး၏ သမိုင်းတွင် မိခင်ကျေးဇူးကြီးမားပုံကို ပုံဖော်ပြသသည့် ပုံပြင်တစ်ပုဒ် သဖွယ်ရှိနေဆဲပင် ဖြစ်သည်။

သားသမီးနှင့်ပတ်သက်လာရင်လည်း    မိမိရဲ့အသက်ကို မငဲ့ကွက်ဘဲ မိခင်တို့၏ မေတ္တာသည်  မြင်းမိုရ်တောင်နှင့် နှိုင်းယှဉ်ကြမည်ဆိုပါက မြင်းမိုရ်တောင်သည် အလွန်သေးငယ်သွားသော အရာတစ်ခုလောက် ဖြစ်သည်ဟု တင်စားခြင်းပင် ဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့ မိခင်များ၏ သားသမီးအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာတရား တို့သည် ဘယ်အရာနှင့် မျှနှိုင်းယှဉ် မရသောကြောင့် မိခင်တို့အား တန်ဖိုးထား နားလည်စေချင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ မြင်းမိုရ်တောင်ဦး မကကျူးသည့်  ကျေးဇူးရှင် မွေးမိခင်များ၏ ကျေးဇူးတရားကို သိရှိနားလည်ပြီး ရိုသေလုပ်ကျွေးပြုစုကြပါလို့ ဆန္ဒပြုရင်း သားသမီးပေါ် အချစ်ကြီးသော ကမ္ဘာလောကရှိ မိခင်များအား ဤဆောင်းပါးဖြင့် တန်ဖိုးထားလေးစား ဂုဏ်ပြုအပ်ပါသည်။  

မနောဖြူ

Read 38 times
Rate this item
(0 votes)
Last modified on Friday, 06 March 2020 14:09