SJ WorldNews - шаблон joomla Авто

စစ်သူကြီး မဟာဗန္ဓုလ၏ဂူဗိမာန်

Tuesday, 31 March 2020 10:05 Written by  font size decrease font size decrease font size increase font size increase font size

စာရေးသူ ၂ဝဝ၈ ခုနှစ်က မကွေးတိုင်းဒေသကြီး မလွန်ရွာလေးသို့ အလုပ်ကိစ္စဖြင့်ရောက်ခဲ့စဉ် မလွန်မြသပိတ်ဘုရားကို ဖူးမြော်ခဲ့ရသည်။ မြသပိတ်ဘုရားကို မလွန်ရွာ၌ တည်ထားပြီး  မလွန်မှာ  မြသပိတ်ဟူ၍  ရှိသလို သထုံ၌လည်း မြသပိတ်တောင်တော် စေတီရှိသည်။

အထက်အညာဒေသဖြစ်သည်နှင့်အညီ လေပူများ တိုးဝှေ့တိုက်ခတ်လာသကဲ့သို့ တစ်ခါတစ်ရံ တွင် ဧရာဝတီမြစ်မှ ဖြတ်တိုက်လာသော လေနုအေးများ၏ အရသာကို အပူအအေးနှစ်မျိုး မျှဝေခံစားရသည်။ ဘုရားဝန်းကျင်အနီးရှိ ချုံပုတ်လေးများကလည်း ရွက်သစ်များဖြင့် ဝေဖြာ လျက်ရှိပြီး စိမ်းဖန့်ဖန့်ရွက်နုများနှင့် ဖြူဝါဝါအပွင့်လေးများ ဝေဆာနေသည့် တမာပင်မှတမာ ပွင့်ရနံ့တို့သည်လည်း သင်း၍နေပေသည်။

စာရေးသူ ရင်ပြင်ပေါ်မှပြန်အဆင်းတွင် စစ်သူကြီး  မဟာဗန္ဓုလ၏ မြင်းစီးရုပ်တုကို တွေ့ရှိရ သောကြောင့် မှင်တက်မိလေတော့သည်။ မလွန်ဒေသသို့ စာရေးသူ တစ်ခါမျှ မရောက်ဖူးပါ။ ငယ်စဉ်ကတည်းက ကျောင်းစာအုပ်တွင် ဖတ်ဖူးသိဖူးသော စစ်သူကြီးမဟာဗန္ဓုလ အကြောင်း ကို သိရှိခွင့်ရခဲ့သည်။ မြသပိတ်ဘုရားကုန်းစောင်းရှိ တောင်ဘက်နေရာ၌ စစ်သူကြီး မဟာ ဗန္ဓုလ ၏ ခံ့ညားသော မြင်းစီးရုပ်တုကို တွေ့ရှိရသည်။ စစ်သူကြီးကျဆုံးစဉ်က အသက်မှာ ၄၂ နှစ်သာရှိသေးသည်။ ဓနုဖြူ၌ ကျဆုံးသည့်အတွက် ထိုနေရာ၌ပင် ဂူဗိမာန် တည်လိမ့်မည်ဟု ထင်ခဲ့မိသည်။ ယခုမူ မလွန်ဘုရား အနီး၌ ဂူပြုလုပ်ကာ အရိုးအိုးကိုမြှုပ်နှံပြီး မြင်းစီးရုပ်တုနှင့် ကမ္ပည်းမှတ်တမ်းကို တွေ့မြင်ခဲ့ရသည်။

စစ်သူကြီးမဟာဗန္ဓုလ၏ ငယ်အမည်မှာ မောင်ရစ် ဖြစ်သည်။ ဖခင်မှာ ဦးပေါက်တော၊ မိခင်မှာ ဒေါ်မိငြိမ်းတို့ဖြစ်ပြီး ဒီပဲယင်းမြို့ ဇာတိဖြစ်သည်။ မွေးချင်းလေးဦးအနက် မောင်ရစ်က အကြီး ဆုံးသားဖြစ်သည်။ မောင်ရစ်မိဘများမှာ အလွန်ဆင်းရဲသော်လည်း ကိုယ်ပိုင်နှမ်းခင်း လေးရှိ သည်။ မောင်ရစ်၏မိခင်သည်  စာပေတတ်ကျွမ်းသူဖြစ်ပြီး ဘာသာတရား ကိုင်းရှိုင်းသည်။

မောင်ရစ်မွေးဖွားစဉ်က မျက်နှာဖုံးပါပြီး အချင်းက စလွယ်သိုင်းသကဲ့သို့ ရစ်ဖွဲ့နေသောကြောင့် ငရစ်ဟု ခေါ်ခဲ့သည်။ မောင်ရစ်အသက် ခုနစ်နှစ်အရွယ်တွင် ရွာဦးကျောင်းဆရာတော်ထံ ပညာဆည်းပူးစေသည်။ အသက် ၁၃ နှစ်အရွယ်ရောက်သောအခါ ရှင်သာမဏေဝတ်ပြီး နောက်ပိုင်းတွင် ဖခင်ဖြစ်သူ ဆုံးပါးသွားသောကြောင့် လူဝတ်လဲပြီး မိခင်နှင့်မောင်နှမများကို  ရှာဖွေကျွေးမွေးရသည်။  မောင်ရစ်သည် မဟုတ်မခံတတ်သူဖြစ်ပြီး အလုပ်လုပ်ရာတွင် အလွန် စေ့စပ်သေချာသည်။ အနိုင်ကျင့်သူများကို မဟုတ်မခံ တုံ့ပြန်တတ်သည်။  မောင်ရစ်အရွယ် ရောက်လာ သောအခါ ဒီပဲယင်းမြို့သူ ရှင်မင်းဘူးဆိုသူနှင့် အိမ်ထောင်ကျကာ သားဦး မောင်ကျန်းကြီးကို မွေးဖွားခဲ့သည်။ မောင်ရစ်၏ စွမ်းရည်သတ္တိပြည့်စုံမှုအပြင် မြန်မာစစ်သည် သူရဲကောင်းများ ထွန်းကားရာ နယ်သားဖြစ်၍  သွက်လက်သောမောင်ရစ်ကို သီရိမဟာဓမ္မ ဘိဇယသီဟသူရက သူ၏ထံပါး အမှုတော်ထမ်းစေသည်။

ထို့ကြောင့် ရွာသိမ်ဇနပုဒ်များမှ တိုင်းပြည်အတွက်အားထားရသော ပုဂ္ဂိုလ်ထူး အာဇာနည်များ ပေါ်ထွက်လာသဖြင့် တိုင်းပြည်အတွက် ဂုဏ်ယူစရာပင် ဖြစ်ပေတော့သည်။

မောင်ရစ်၏ ရဲဝံ့သည့်သတ္တိကြောင့် သက္ကရာဇ် ၁၁၇၅ ခုနှစ် နယုန်လတွင် မောင်ရစ်အား ဒီပဲယင်းမြို့ဝန်ရာထူးအပြင် နေမျိုးသူရရဲခေါင်ဘွဲ့ထူးပါ ပေးအပ်ခဲ့သည်။ ထို့နောက် ဝေသာလီ တိုက်ပွဲတွင် နေမျိုးသူရရဲခေါင် (မောင်ရစ်)သည် တပ်ငယ်ဗိုလ်မှူးငယ် ဖြစ်သော်လည်း စစ်ကဲကြီး ဗိုလ်ချုပ်ကြီးတို့ကဲ့သို့ စီမံခန့်ခွဲတိုက် ခိုက်ရသဖြင့် နေပြည်တော်သို့ ပြန်ရောက် သောအခါ မင်းတရားကြီးက ဒီပဲယင်းမြို့ဝန် နေမျိုးသူရရဲခေါင်သည် စွမ်းရည်သတ္တိ၊ ရဲစွမ်း သတ္တိနှင့်ပြည့်စုံသူဖြစ်ပြီး စစ်ရေး အကြံဉာဏ်များလည်း အထူးပင်ဆောင်ရွက်နိုင်သောကြောင့် နေမျိုးသူရရဲခေါင်ကို ဆုငွေ ငွေကျပ် ၁ဝဝဝ နှင့်အတူ အလုံမြို့ဝန် ရာထူးကိုလည်း ပေးအပ်ခဲ့ သည်။

စစ်သူကြီးမဟာဗန္ဓုလသည် ရန်သူကိုနှိမ်နင်းတတ်သော ပညာဉာဏ်ရှိခြင်း၊ စစ်အောင်မြင်ရာ မြေလက္ခဏာကို သိခြင်း၊ စစ်သည်တို့ကို ပစ်မသွားတတ်ခြင်း၊ ဆင်းရဲချမ်းသာတန်းတူ ထားရှိခြင်း၊ ခွန်အားကြီးခြင်း၊ ကောင်းမွန်သော စာရိတ္တရှိခြင်း၊ သစ္စာစောင့်သိခြင်း၊ သေနင်္ဂ ဗျူဟာအတတ်ကိုတတ်ခြင်း၊ စစ်သည်တို့ကို မပင်ပန်းစေခြင်း၊ လုံ့လဝီရိယနှင့်ပြည့်စုံခြင်း စသည့် စစ်သူကြီးတို့ တတ်အပ်သော အင်္ဂါနှင့် ပြည့်စုံသူဖြစ်သည်။

စစ်သူကြီးမဟာဗန္ဓုလ၏ ဖြတ်ထိုးဉာဏ်ကောင်းမကြောင့် ဓနုဖြူခံတပ်ကြီးကို ရက်ပေါင်း ၃ဝ အတွင်း ပြန်လည်ပြုပြင်တည်ဆောက် ပြီးစီးခဲ့လေသည်။ သူ၏ စီမံအုပ်ချုပ်မှုကိုလည်း အင်္ဂလိပ် တပ်မှူးတို့က ချီးကျူး ခဲ့သည်။ (ဓနုဖြူခံတပ်သည် ရှေးမွန်တို့တည်ဆောက်ခဲ့သော ခံတပ်ဟောင်းဖြစ်သည်။) ဓနုဖြူခံတပ်၌ မဟာဗန္ဓုလသည် ငါအသက်ရှည်သမျှကာလ ပတ်လုံး အင်္ဂလိပ်တို့ ငါ၏တပ်မှ ကျော်လွန်၍ မတက်စေရဟု ကြွေးကြော်ခဲ့သည်။ ရန်သူ့တပ်များနှင့် ရင်ဆိုင်တွေ့ကြုံ ရာတွင်လည်း ၏တပ်ကို သေသပ်ကျနစွာအုပ်ချုပ် နိုင်သူဖြစ်သည်။  ဓနုဖြူခံတပ်ကြီးကိုလည်း  တည်ဆောက်ခဲ့ရာတွင် အင်ဂျင်နီယာ လက်ရာကဲ့သို့ တည်ဆောက် နိုင်သူဖြစ်သည်။

စစ်သူကြီးမဟာဗန္ဓုလ တည်ဆောက်ခဲ့သော ဓနုဖြူ ခံတပ်ကြီးသည် အလျား တစ်မိုင်ခန့် ရှည်ပြီး ကိုက် ၅ဝဝ မှ ၈ဝဝ အထိ ကျယ်သည်။ ၁၇ ပေမြင့်သော ကျွန်းသစ်လုံးကြီးများကို ခံတပ်နံရံအဖြစ် စိုက်ထူကာရံ ထားပြီး သစ်လုံးခံတပ်နောက်မှ အုတ်ရိုးခံတပ်ကို အခိုင်အမာ တည်ဆောက်ထားသည်။ ခံတပ်အုတ်ရိုးသူရဲပြေးပေါ်၌ အမြောက်အလက်ပေါင်း ၁၅ဝ တပ် ဆင်ထားသည်။ ကတုတ်ကျင်းများနှင့် မြောင်းရှည်များကို စီမံထားသည်။ သစ်တပ်အပြင် ဘက်၌  ၁၈ ပေကျယ်ပြီး ၈ ပေနက်သော ကျုံးတစ်ခုကို ထပ်မံတည်ဆောက်ထားသည်။ ကျုံးအတွင်း ဝါးချွန်၊ သံချွန်၊ ကျင်းကတုတ်၊ ဆင်ခလုတ်၊ မြင်းခလုတ်များကို စီမံထား၍ ဝင်ထွက်ပြုလုပ်ရန် အလွန်ခဲယဉ်းသည်။ ဓနုဖြူမြို့သည် ကုန်းအမြင့်ပိုင်းတွင်ရှိသောကြောင့်  ရန်သူကို တိုက်ရာတွင် လွယ်ကူသည်။

သို့သော် စစ်သူကြီးမဟာဗန္ဓုလသည် သက္ကရာဇ် ၁၁၈၆ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၄ ရက် (ခရစ်နှစ် ၁၈၂၅ ခုနှစ်) နံနက် ၉ နာရီကျော်တွင် ရန်သူ၏ဗုံးဆန်ကြောင့် ဤဓနုဖြူခံ တပ်၌ ကျဆုံးခဲ့ရလေသည်။ စစ်သူကြီးကို ဓနုဖြူခံတပ်အတွင်းမှာပင် မီးသင်္ဂြိုဟ်ခဲ့သည်။ အရိုးပြာကို ရွှေအိုးတွင်ထည့်ကာ စစ်ကြောင်းချီရာ တစ်လျှောက် သယ်ဆောင်သွားကြသည်။

စစ်သူကြီးကျဆုံးရာ ဓနုဖြူမြို့မြောက်ဘက်ရှိ သဒ္ဓမ္မဇောတိက စာသင်တိုက်ကျောင်းအဝင် စောင်းတန်း အနောက်ဘက်ထိပ်နေရာ၌ အုတ်ဂူပုံစံအင်္ဂတေ အုတ်ခုံတစ်ခုရှိသည်။ ဤအထိမ်း အမှတ်ဂူခေါင်းရင်း ဘက်ရှိ ကျောက်တိုင်တွင် အင်္ဂလိပ်-မြန်မာနှစ်ဘာသာ ရေးထိုးထားသည်။    ထိုကျောက်စာတိုင်အပေါ်၌ ဒေါင်းရုပ်ထုလုပ်ထားသည်။ အုတ်ဂူမှာ အလျား ၈ ပေခွဲ၊ အကျယ် ၈ ပေ ၈ လက်မ၊ ကျောက်စာတိုင်အမြင့်မှာ ၄ ပေ ၅ လက်မရှိသည်။ အထိမ်းအမှတ်အုတ်ဂူကို ခရစ်နှစ် ၁၉၁၈ ခုနှစ်က မအူပင်အရေးပိုင်ဖြစ်သူ ကပ္ပတိန်ရောဘတ်က စစ်သူကြီးကျဆုံး ရာနေရာ၌ အထိမ်း အမှတ်ပြုကာ တည်ဆောက်ပေးထားခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီးရှိ မလွန်ခွေးလင်ပန်းချောင်း အနီးတောင်ကုန်း၌ အရိုးအိုးစေတီကို တည် ထားခဲ့သော်လည်း နောင်တစ်ချိန် ကမ်းပါးပြိုပါက အရိုးအိုးပါသွား မည်စိုးသောကြောင့် မြသပိတ်ကုန်းစောင်း တောင်ဘက်နေရာသို့ ရွှေ့ပြီး ၁၉၆၄ ခုနှစ်တွင် တည်ခဲ့သည်။ ဤသို့ဖြင့် ၂ဝဝ၃ ခုနှစ်တွင် မဟာဗန္ဓုလ မြင်းစီးရုပ်တုကို ပြုလုပ်ပြီး စစ်သူကြီး၏ အတ္ထုပ္ပတ္တိသမိုင်းကို ရေးထိုးထားရှိခဲ့သည်။

စစ်သူကြီးမဟာဗန္ဓုလကို အလွန်လေးစားမိသည်။ သူသည် မျိုးချစ်စိတ်ဓာတ်ပြင်းထန်၍ လုံ့လ ဝီရိယကြီးမားသူ၊ ထက်မြက်သော စစ်ရေးကျွမ်းကျင်သူ၊ အဆုံးအဖြတ်ပေးရာတွင် တိကျပြတ် သားပြီး မှန်ကန်သူ၊ လက်ရုံးရည်သမားချင်း တူသော်လည်း သူကတစ်ဖက်သားထက် ခေါင်းတစ်လုံးသာ နေတတ်သူဖြစ်သည်။

ယခုအခါ စစ်သူကြီးမဟာဗန္ဓုလ ကွယ်လွန်ခဲ့သည် မှာ ၁၉၄ နှစ်ခန့်ရှိပြီဖြစ်သည်။ သူသေ သွားသော်လည်း ယနေ့အထိ သူ၏အမည်မှာ ကျော်စောထင်ရှားလျက်  မြန်မာနိုင်ငံ၌သာမက  ကမ္ဘာ့လူသားတိုင်း၏ နှလုံးအိမ်တွင်  အစဉ်အမြဲကိန်းအောင်းကာ  ရဲစိတ်ရဲမာန်များကို အတုယူ စေပြီး  မျိုးချစ်စိတ်များ ရှင်သန်နိုးကြားစေသည်။

ထို့ကြောင့် စာရေးသူသည် မလွန်ရောက်ခဲ့စဉ်က စစ်သူကြီးမဟာဗန္ဓုလ ဂူဗိမာန်ရှိ   မြင်းစီး ရုပ်တုရှေ့၌ ခြေအစုံရပ်ကာ ဂါရဝပြုမိသည်။ စစ်သူကြီးမဟာ ဗန္ဓုလမြင်းစီးရုပ်တုကြီးသည် မားမားမတ်မတ်ခံ့ညား စွာရပ်ပြီး သူ၏ဓားကိုမြှောက်လျက် မြန်မာတို့၏ ရဲသွေးရဲမာန်ကို သမိုင်းမော်ကွန်းတင်ကာ ဝင့်ထည်နေပေတော့သည်။ မဟာဗန္ဓုလ၏ ရုပ်လုံးသဏ္ဌာန်ကို မြင် ရသူတိုင်း ဇာတိသွေးဇာတိမာန်များ ထက်သန်လာမည်မှာ ဧကန်ပင်ဖြစ်ပါကြောင်း  ရေးသား လိုက်ရပါသည်။                               

ကိုအောင်

Read 61 times
Rate this item
(0 votes)
Last modified on Tuesday, 31 March 2020 10:21