SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၌ လူရွှင်တော် ဘိုးဘွားရိပ်သာ တည်ထောင်ရန် စီစဉ်နေ

Tuesday, 08 January 2019 10:20 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(မြောက်ပိုင်း)မြို့နယ် (၄၈)ရပ်ကွက်၌ လူရွှင်တော်ဘိုးဘွား ရိပ်သာ တည်ထောင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ လူရွှင်တော်အသင်းဥက္ကဋ္ဌ ဦးဒိန်းဒေါင်ထံမှ သိရသည်။

''သက်ကြီး လူရွှင်တော်ကြီးတွေအတွက်စောင့်ရှောက်ပေးနိုင်ဖို့ စီစဉ်ကြတာဖြစ်ပါတယ်။ လော လောဆယ်တော့ ရိပ်သာတည်ထောင်ဖို့ အလှူငွေတွေ လိုက်လံကောက်ခံ နေပါတယ်။ လူရွှင်တော်ကြီးတွေ အတော်များများက ဆင်းရဲကြတယ်။ ဒါကြောင့်လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ ရည်ရွယ်တာလည်း ပါတာပေါ့'' ဟု ဦးဒိန်းဒေါင်က ပြောသည်။

ယခုအခါ ခေတ်ကာလ ပြောင်းလဲမှုနှင့်အတူ ဇာတ်သဘင်ပွဲများ ကျင်းပရန် ဖိတ်ကြားမှု နည်းပါးလာခြင်း၊ ရုပ်ရှင်၊ဗီဒီယိုဈေးကွက် ကျဆင်းလာခြင်းတို့ကြောင့် လူရွှင်တော်များအနေ ဖြင့် စားဝတ်နေရေး အခက်အခဲများ တွေ့ကြုံ လာရကြောင်း သိရသည်။

လတ်တလောတွင် လူရွှင်တော် အနုပညာရှင်များ ဖြစ်ကြသည့် ဦးစိန်ရိုး၊ ဦးမန်းဝင်း၊ ဦးတိမ်ညွန့် စသည့် သက်ကြီး လူရွှင်တော်များမှာ ကျန်းမာရေးချို့တဲ့နေပြီး ဦးဝင်းနိုင် (အနုပညာ)သည်လည်း လေဖြတ်ဝေဒနာ ခံစားနေရသည်။

''ခေတ်ကာလ ပြောင်းလဲလာတော့ တချို့ကလည်း ဟာသကားတွေ ရိုက်လာကြတာ များ တယ်။ အဲဒီမှာ ဇာတ်ရံတွေကို အရင်လိုမျိုး ကျွန်တော်တို့လို လူရွှင်တော်တွေကို မသုံးတော့ဘူး။ ဇာတ်ပို့၊ ဇာတ်ရံတွေ လျှော့ပြီး မင်းသား၊ မင်းသမီးတွေ ကိုယ်တိုင်က ဟာသဆန်ဆန် သရုပ်ဆောင်နေကြတာတွေကြောင့်လည်း ကျွန်တော်တို့အတွက် ဈေးကွက် ကျဆင်းလာတာ တွေရှိလာတာပေါ့''ဟု ဝါရင့် လူရွှင်တော်တစ်ဦးက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ လူရွှင်တော် အသင်းအနေဖြင့် လူရွှင်တော် ဘိုးဘွားရိပ်သာ တည်ဆောက် ခြင်းအပြင် တက်သစ်စ မျိုးဆက်သစ်လူရွှင်တော်များအား မြေတောင်မြှောက် ပေးနိုင်ရန်အတွက် အစီအစဉ်များ ချမှတ်၍ လုပ်ကိုင်ရန် ရှိကြောင်း သိရသည်။

Read 318 times Last modified on Tuesday, 08 January 2019 10:21