SJ WorldNews - шаблон joomla Авто

မြိတ်မြို့နယ်၌ အုတ်ဈေးကွက် အရောင်းအဝယ် အေးနေခြင်းကြောင့် စီးပွားဖြစ် အုတ်လုပ်ငန်းရှင်များ အခက်တွေ့

Thursday, 07 November 2019 09:16 font size decrease font size decrease font size increase font size increase font size

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အုတ်လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်လာကြသော်လည်း အုတ်ဈေးကွက် အရောင်းအဝယ် အေးနေခြင်းကြောင့် လုပ်ငန်းရှင်များ အခက် အခဲတွေ့နေရကြောင်း မြိတ်ဒေသရှိ အုတ်ထုတ်လုပ် ရောင်းချသူများထံမှ သိရသည်။

မြိတ်မြို့နယ်၌ အုတ်လုပ်ငန်းများကို အောက်တိုဘာလဆန်းပိုင်းမှ စတင်၍ အုတ်ကျင်းတူးခြင်း၊ အုတ်ပေါက်ခြင်း၊ အုတ်ထုတ်လုပ်ခြင်းနှင့် အုတ်မီးတင် အခြောက်ခံနိုင်ရန် အုတ်ဖိုဖိုခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

မြိတ်ဒေသတွင် အုတ်ထုတ်လုပ်ခြင်းကို နွေရာသီနှင့် ဆောင်းရာသီတို့တွင်သာ အဓိက ထုတ်လုပ်ကြသည်။ ယခင်က အုတ်လုပ်သူ လုပ်ငန်းရှင်များ အနည်းငယ်သာရှိရာမှ ယခုနှစ်အတွင်း မြိတ်မြို့နယ်အတွင်းရှိ စန္ဒဝတ်ကျေးရွာ အုပ်စု၊အင်္ဂမော်ကျေးရွာအုပ်စု၊ ကဟန်းကျေးရွာအုပ်စု၊ ပသောင်းကျေးရွာအုပ်စု၊ ပင်းအိုကျေးရွာအုပ်စု၊ သဘွတ်ကျေးရွာ အုပ်စုနှင့် သမုတ်ကျေးရွာ အုပ်စုစသည့် ကျေးရွာအုပ်စုကြီးများရှိ ကျေးရွာတို့တွင် အုတ်လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိသည်။ တချို့သော ကျေးရွာအုပ်စုများတွင် အုတ်လုပ်ငန်းရှင် သုံးဦးမှလေးဦးအထိ ရှိသည်။

အုတ်များကို တိုက်အိမ်၊ အဆောက်အအုံများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်ထုတ်လုပ်ကြပြီး ဒေသအတွင်း ဝယ်ယူအသုံးပြုကြသူများနှင့် မြို့ပေါ်ရပ်ကွက်များမှ လာရောက် ဝယ်ယူသူများကိုသာ ရောင်းချနေကြ ရသည်။

အခြောက်ခံပြီးသား   အုတ်တစ်ချပ်လျှင် ယခုလက်ရှိပေါက်ဈေးငွေကျပ် ၉ဝ  နှင့် အများဝယ်ယူလျှင် ၈၅ ကျပ်ဖြင့် ရောင်းချကြသည်။

အုတ်လုပ်ငန်းတွင်ကျယ်စွာ လုပ်ကိုင်လာကြခြင်းကြောင့်  ဝယ်ယူ အသုံးပြုကြသူများမှာ မြို့ပေါ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် နီးစပ်ရာ အုတ်ဖိုများနှင့် အုတ်အရည်အသွေးကောင်းပြီး သယ်ယူရ လွယ်ကူသက်သာသည့် အုတ်ဖိုတို့၌သာ အဝယ်များကြသဖြင့် တချို့ကျေးရွာများရှိ အုတ်ဖိုတို့တွင် အုတ်များ အရောင်းအဝယ်အေးနေခြင်းကြောင့် အုတ်လုပ်ငန်းရှင်များ အခက်အခဲ တွေ့နေရကြောင်း အုတ်လုပ်ငန်းရှင် အသိုင်းအဝိုင်းများမှ သိရသည်။

Read 52 times Last modified on Thursday, 07 November 2019 09:17