SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံသို့ကဏန်း မတင်ပို့နိုင်သောကြောင့် ကဏန်းဈေးနှုန်းများ ထက်ဝက်ခန့်ကျဆင်း

Thursday, 13 February 2020 10:52 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံသို့ ကဏန်းမတင်ပို့နိုင်သောကြောင့် ရန်ကုန်မြို့ရှိ ကဏန်းဈေးကွက်အတွင်း ဈေးနှုန်းများ ထက်ဝက်ခန့် ကျဆင်းလာကြောင်း   ရန်ကုန်ကဏန်းဈေးကွက် အတွင်းမှ သိရသည်။

ရန်ကုန်ကဏန်းဈေးကွက်သည် ပြည်ပသို့ တင်ပို့နေသည့်  အဓိက ဈေးကွက်ဖြစ်ပြီး  ဧရာဝတီတိုင်းဒေသကြီး၊  ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများမှ လာရောက် ရောင်းချသော ကဏန်းများကို စုဆောင်း၍ အဓိကအနေဖြင့်  တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချနေခြင်းဖြစ်သည်။ 

လက်ရှိတွင်  ပြည်ပသို့တင်ပို့ခွင့် မရရှိသဖြင့် ပြည်တွင်း စားသောက်ဆိုင်များကို ပြန်လည်ရောင်းချနေရကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့စဉ်က  ကဏန်းတစ်ကောင်လျှင် အလေးချိန်အလိုက် ငွေကျပ် ၁၅၀၀၀ မှ ၁၆၀၀၀ အထိ ဈေးရရှိသော်လည်း ပြည်တွင်းဈေးကွက်တွင် ငွေကျပ် ၅၀၀၀ ခန့်ဖြင့်သာ ပြန်လည်ရောင်းချနေရကြောင်းနှင့် လက်ရှိတွင် ပုံမှန်တင်ပို့နိုင်ရေး အတွက် ခက်ခဲနေသဖြင့် ပြည်တွင်းဈေးကွက်ကို  အားထားနေရကြောင်း သိရသည်။

““နယ်စပ်စခန်းတွေ     ပိတ်ထားတော့ တရုတ်နိုင်ငံကို ကဏန်းတင်ပို့လို့ မရဘူး။ ရန်ကုန်မှာရှိတဲ့ ဒိုင်အားလုံးကလည်း တခြားဒေသတွေက လာရောင်းချတဲ့ ကဏန်းတွေကို ဈေးကွက်ဖြစ်အောင်လို့ စားသောက်ဆိုင်တွေကို ပြန်ရောင်းချရတယ်။ ပြည်ပဈေး ကွက်လောက်ဈေးမရတဲ့အပြင်  ရွေးကျ ကဏန်းတွေဆိုရင် ဈေးကွက် မရတော့ဘူး။ အခုက ဈေးကွက်ဖြစ်အောင်လို့သာ ဒိုင်တွေ အနေနဲ့ ရောင်းပေးနေရတာ။ပြည်တွင်း ဈေးကွက်မှာလည်း ကဏန်းအကောင် လှတာပဲ စားသောက်ဆိုင်တွေက ၀ယ်တယ်””  ဟု   သစ်္စာမြိုင်ကဏန်းဒိုင် လုပ်ငန်းရှင် ဦးမျိုးမြင့်ကပြောသည်။

ပုံမှန်အချိန်များတွင် တရုတ်နိုင်ငံဈေးကွက်သို့ နေ့စဉ် ၃၃ ကီလိုဂရမ်ရှိ ကဏန်း ဖော့ဘူးပေါင်း ၇၀၀ မှ ၁၅၀၀ ခန့်အထိ တင်ပို့ရောင်းချရကြောင်း၊    လက်ရှိတွင် ဈေးကွက်  လုံးဝ ရပ်ဆိုင်းသွားခြင်းကြောင့် ကဏန်းဒိုင်များသာမက ကဏန်းမွေးမြူ ထုတ်လုပ်သည့် လုပ်ငန်းများပါ နစ်နာဆုံးရှုံး မှုများရှိနေကြောင်း၊ ယင်းအတွက် ဈေးကွက် ပုံမှန်ပြန်လည်ရရှိရေး   မျှော်မှန်းထားပြီး တရုတ်နိုင်ငံ ဈေးကွက်နှင့် ချိတ်ဆက်ဆောင်ရွက်နေသော  ရေထွက်ကုန် လုပ်ငန်းအများစုသည်လည်း   ရပ်ဆိုင်းထားရကြောင်း၊ ကဏန်းများကို ရန်ကုန်မြို့ရှိ   ဒိုင်များမှ တင်ပို့ရာတွင်  ကဏန်းတစ်ကောင်လျှင် ၁၀၀ ဂရမ်၊ ၁၃၀ ဂရမ်၊ ၁၆၀ ဂရမ်အလေး ချိန်ရှိ  ကဏန်းများကို  အအေးရိုက်ဖော့ ဘူးများဖြင့် ထုပ်ပိုး၍    တင်ပို့ရောင်းချကြောင်း သိရသည်။                

Read 60 times Last modified on Thursday, 13 February 2020 10:52