SJ WorldNews - шаблон joomla Авто

ပဲစင်းငုံဈေးနှုန်း ကျဆင်းမှုကြောင့် တောင်သူများ အရှုံးပေါ်

Friday, 14 February 2020 12:03 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ပဲစင်းငုံ စိုက်ပျိုးသူများအနေဖြင့် ယခုနှစ် ပဲစင်းငုံ ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းမှုများကြောင့် အရှုံးပေါ်နေကြောင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာရှိ တောင်သူတစ်ဦးထံမှ သိရသည်။

ပဲစင်းငုံသီးနှံသည် လွန်ခဲ့သည့်သုံးနှစ်ခန့်က ဈေးကောင်း ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တစ်တင်းလျှင် ငွေကျပ်  ၂၅၀၀၀ ခန့်ရရှိခဲ့ရာမှ ယခုနှစ်တွင် တစ်တင်းလျှင် ငွေကျပ်  ၁၉၀၀၀ ခန့်သာ  ရရှိခဲ့သဖြင့် တောင်သူများ အရှုံးပေါ်နေခြင်း ဖြစ်သည်။

““ပဲစင်းငုံက   မနှစ်ကမှ တစ်တင်းကို ငွေကျပ် ၂၅၀၀၀ လောက်ရသေးတယ်။

ဒီနှစ်ပိုင်းကျတော့ ငွေကျပ် ၁၉၀၀၀ ဆိုတော့ ပဲစင်းငုံစိုက်တဲ့တောင်သူတွေက ဘယ်လိုနည်းနဲ့မှ မကိုက်ဘူးဖြစ်နေတယ်။ မနှစ်က ဈေးနှုန်းထက် ဒီနှစ်က ပိုဆိုးတယ်။တစ်တင်းကို   ငွေကျပ် ၁၉၀၀၀ လောက်ပဲ ရှိတာဆိုတော့ တောင်သူတွေ ဘယ်လိုမှ အဆင်မပြေဘူး””ဟု ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ တောင်သူဦးညွန့်လှိုင်က ပြောသည်။

ပဲစင်းငုံသီးနှံသည် စတင်စိုက်ပျိုးချိန်မှ ထွက်ရှိသည်အထိ တစ်ဧကငွေ ကျပ်သုံးသိန်းခန့် ကုန်ကျကာ ၂၀၁၉ ခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် အထွက်နှုန်းလျော့ပြီး တစ်ဧက ၁၀ တင်းနှင့် ၁၅ တင်းကြားသာ ရရှိခဲ့သည့်အပြင် ဈေးနှုန်းကျဆင်းမှုများကြောင့်    တောင်သူလုပ်ငန်းများ ဆောင်ရွက်ရန် အဆင်မပြေမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

““ပဲစင်းငုံစိုက်တဲ့အချိန်မှာ သီးနှံအထွက်နှုန်းကလည်း မိုးလေ၀သ မမှန်တဲ့အတွက် အထွက်နှုန်းလျော့တယ်။ နောက်ပြီးတော့ သီးနှံပေါ်လာတဲ့ အခါကျတော့ ဈေးကွက်မရှိတဲ့ အတွက်ကြောင့် တောင်သူလုပ်ရတာ အဆင်မပြေဖြစ်နေ တယ်””ဟု ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ တောင်သူ မ၀င်းကြည်က ပြောသည်။

ပဲစင်းငုံစိုက်ပျိုးရန်အတွက် တန်ခူးလ၊ ကဆုန်လတို့တွင် ထွန်ယက်ကာ  နယုန်လတွင် စိုက်ပျိုးပြီး  နတ်တော်လ၊ ပြာသိုလ တို့တွင် ရိတ်သိမ်းရကြောင်းနှင့်  ယခင်နှစ်များက တစ်ဧက ၁၅ တင်းနှင့်တင်း ၂၀ ကြား ထွက်ရှိခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်လောက်က တစ်တင်းလျှင် ၄၀၀၀၀ ကျော်  ရရှိခဲ့သော်လည်း ဈေးနှုန်း ကျဆင်းခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီ ဖြစ်သဖြင့် အရှုံးပေါ်ကာ အဆင်မပြေမှု များဖြစ်ပေါ်နေကြောင်း  သတင်း ရရှိသည်။

Read 75 times Last modified on Friday, 14 February 2020 12:04