SJ WorldNews - шаблон joomla Авто

GAP စနစ်ဖြင့်စိုက်ပျိုးသည့်သခွားမွှေးများအား မူဆယ် ၁ဝ၅ မိုင်ဈေးကွက်သို့ စတင်တင်ပို့

Wednesday, 25 March 2020 09:19 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ GAP နည်းစနစ်ဖြင့် စိုက်ပျိုးသည့် သခွားမွှေးများအား မူဆယ် ၁ဝ၅ မိုင်ဈေးကွက်သို့ စတင်တင်ပို့ ရောင်းချလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး  ဖရဲ၊ သခွားမွှေးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝေမြင့် ကပြောသည်။

'' GAP  စနစ်နဲ့စိုက်တဲ့ သခွားမွှေးတွေကို စတင်ရောင်းချနေတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက  စစ်ကိုင်းတိုင်းမှာ ချောင်းဦးမြို့နယ်က GAP  လက်မှတ်ကို ၁၆ ဦးလောက် ရထားတယ်။ ကျွန်တော်တို့ မြောင်မြို့နယ်ကလည်း   တစ်ဦးရထားတယ်။

ကျွန်တော်ကိုယ်တိုင်က စိုက်ပျိုးရေးဌာနက ပေးတဲ့ Logo နဲ့ကပ်ပြီး ဈေးကွက်မှာ ရောင်းတယ်။ အခု ကျွန်တော့်အသီးတွေမှာ Logo ကပ်ပြီးတင်နေပြီ။ မူဆယ် ၁ဝ၅ မိုင်မှာ GAP စနစ်နဲ့စိုက်ပြီး Logo ကပ်ပြီးရောင်းတာ မနှစ်ကတည်းကပါ။ အခုအချိန်မှာတော့ ဈေးကွက်က အများကြီး မတောင်းဆိုရသေးဘူး။  အခုမှမိတ်ဆက် ရောင်းရတဲ့အချိန် ဖြစ်နေတယ်''ဟု ဦးဝေမြင့် ကပြောသည်။

မူဆယ် ၁ဝ၅ မိုင်ဈေးကွက်သို့ ဖရဲ၊ သခွားမွှေးသီးနှံများကို မတ် ၁၆ ရက်မှ စတင်တင်ပို့နေပြီး တစ်နေ့လျှင် ကားအစီးရေ တစ်စီးမှ လေးစီးခန့် တင်ပို့နေရကာ လာမည့်နှစ်တွင် ဖရဲ၊ သခွားမွှေး GAP အသိအမှတ်ပြု လက်မှတ်ကို တောင်သူဦးရေ ၁ဝဝ ကျော်အထိ ရရှိရန် မျှော်မှန်းထားကြောင်း  သိရသည်။

လက်ရှိတွင်  ဖရဲ၊ သခွားမွှေးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အနေဖြင့် GAP သင်တန်းများ ဖွင့်လှစ်ကာ အသိပညာပေးခြင်းများ၊ သက်ဆိုင်ရာ အဖွဲ့များဖြင့် ပူးပေါင်း၍  ထွက်ရှိလာသည့်ဖရဲ၊ သခွားမွှေးများကို   ဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်စေရန် ရည်မှန်းချက်ချ ဆောင်ရွက်နေကြောင်း၊ ပြည်ပသို့တင်ပို့ပါက သမားရိုးကျ စိုက်ပျိုးရောင်းချခြင်းထက် GAP နည်းဖြင့် ထုတ်လုပ် ရောင်းချနိုင်မည်ဆိုပါက အရည်အသွေး အာမခံချက်အပြည့်အဝ ရှိလာနိုင်၍  ခိုင်မာသည့် ဈေးကွက် ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်သည့် သီးနှံများသည် အခြားစိုက်ပျိုး နည်းစနစ်များဖြင့်  စိုက်ပျိုးထုတ်လုပ်ထားသည့် သီးနှံများထက်   အရည်အသွေး ပိုမိုကောင်းမွန်ကာ ပြည်တွင်းဈေးကွက်တွင်သာမက  ပြည်ပဈေးကွက်များကိုပါ အရည်အသွေး ပြည့်မီစွာ တင်ပို့ရောင်းချနိုင်ပြီး  GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများအနေဖြင့်လည်း  အကျိုးစီးပွား ပိုမိုဖြစ်ထွန်းကာ  ၎င်းတို့၏  လူမှုစီးပွားရေး ဘဝများကိုပါ တိုးတက်လာမည်ဖြစ်ကြောင်း  သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖရဲစိုက်ဧက တစ်သောင်းခွဲနှင့် သခွားမွှေးစိုက်ဧက နှစ်သောင်းရှိပြီး ဖရဲ၊ သခွားမွှေးများကို မြို့နယ်တိုင်းလိုလို စိုက်ပျိုးကြကာ ဖရဲ၊ သခွားမွှေးအများဆုံး စိုက်ပျိုးသည့် မြို့နယ်မှာ ချောင်းဦးမြို့ နယ်ဖြစ်ကြောင်း  သိရသည်။                          

Read 131 times Last modified on Wednesday, 25 March 2020 09:20