SJ WorldNews - шаблон joomla Авто

ရော်ဘာဈေးနှုန်း ဆက်တိုက် ကျဆင်းနေသဖြင့် စိုက်ပျိုးသူများ အခက်အခဲတွေ့

Thursday, 26 March 2020 08:56 font size decrease font size decrease font size increase font size increase font size

မြိတ်၊ ဈေးကွက်စီးပွား

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း ရော်ဘာဈေး ဆက်တိုက်ကျဆင်း လာသောကြောင့် တစ်ပိုင်တစ်နိုင် ရော်ဘာစိုက်ပျိုး လုပ်ကိုင်သူများ  အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ရော်ဘာစိုက် တောင်သူများထံမှ သိရသည်။

''ရော်ဘာဈေးနှုန်း မကောင်းတာတော့ ဆယ်စုနှစ်နီးပါးရှိနေပါပြီ။ ဈေးအကောင်းကြီး မဟုတ်ပေမယ့် အသင့်အတင့်တော့ ရပါသေးတယ်။ အစေးထွက်များတဲ့ အချိန်နဲ့ အထွက်နည်းတဲ့အချိန်မှာ သူ့ဈေးနှုန်းနဲ့သူ လည်ပတ်နိုင်သေးတယ်။ ဒီနှစ်မျိုးတစ်ခါမှ မကြုံဖူးသေးဘူး။ ရော်ဘာခြံရှင်တွေအတွက်တော့ ခေါင်းကိုမဖော်နိုင်တော့ဘူး''ဟု ရွှေပေး ကျေးရွာနေ ဦးသိန်းနိုင်က ပြောသည်။

မြိတ်မြို့အတွင်းရှိ ရော်ဘာလုပ်ကိုင် သူများသည် ရော်ဘာအပြား၊ အစေးရည်နှင့် ဆွဲဖတ်(ခွက်ကပ်) အမျိုးမျိုး ထုတ်လုပ်ရောင်းချကြပြီး ယခုနှစ် ရော်ဘာအဖွင့်တွင် ရော်ဘာအပြားနှင့်အစေးရည် အမြင့်ဆုံးဈေး ငွေကျပ်၃ဝဝဝ ကျော်နှင့်ဆွဲဖတ်(ခွက်ကပ်) တစ်ပိဿာလျှင်ငွေကျပ် ၁၅ဝဝ အထိရသော်လည်း ယခုအပြားနှင့် အစေးရည် ဈေးနှုန်းသည် ငွေကျပ် ၁၈ဝဝ နှင့်ဆွဲဖတ်(ခွက်ကပ်) တစ်ပိဿာသည် ငွေကျပ် ၈ဝဝ သာ ကျန်ရှိကြောင်း သိရသည်။

''နှစ်တိုင်းလိုလိုဈေးကတော့ အတက်အကျရှိပါတယ်။ ဒီနှစ်တော့ ဆက်တိုက် လိုက်ကျလာတယ်။ ဒီအချိန်က အစေးထွက်တာကလည်း နည်းလာတယ်။လုပ်ငန်းရှင် သူဌေးတွေအတွက်တော့ နားလို့လည်း ရတယ်။  သိုလှောင်ထားလို့လည်း ရတယ်။

ကျွန်တော်တို့လို တစ်ပိုင်တစ်နိုင် လုပ်ကိုင်တဲ့ ခြံငယ်သမားတွေက ဒီအလုပ်တစ်ခုပဲ ရှိတယ်ဆိုတော့ နားလို့မရသလို  သိုလှောင်လို့လည်း မဖြစ်ဘူး။ ဒီအလုပ်ပဲ လုပ်လိုက်စားလိုက်နဲ့ မိသားစု မှီခိုနေရတယ်။ ဒီဈေးနဲ့ဆို ဒုက္ခရောက်ဖို့ပဲ ကျန်တယ်''ဟု  ရော်ဘာပင် ၂ဝဝဝ ပိုင်သူ ဦးသိန်းနိုင်က ပြောသည်။

မြိတ်ရော်ဘာပေါက်ဈေးမှာ ရော်ဘာအဖွင့်၌ ရော်ဘာမှိုင်းခံ အဆင့်(၃) တစ်ပိဿာလျှင် ငွေကျပ် ၃ဝ၅ဝ နှင့်အစေးရည် (DRC 100)ရာခိုင်နှုန်း တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ အထိဈေးရခဲ့ပြီး ဆွဲဖတ်(ခွက်ကပ်) တစ်ပိဿာလျှင် ငွေကျပ် ၁၅၅ဝခန့် ရရှိခဲ့သော်လည်း    မတ် ၂၃ ရက် ရော်ဘာဈေးနှုန်းမှာ ရော်ဘာမှိုင်းခံ အဆင့်(၃) တစ်ပိဿာနှင့် အစေးရည် (DRC 100) ရာခိုင်နှုန်း တစ်ပိဿာလျှင် ငွေကျပ် ၁၈ဝဝ နှင့်    ဆွဲဖတ်(ခွက်ကပ်) တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝ သာရှိကြောင်း သိရသည်။

အဆိုပါရော်ဘာဈေး ကျခြင်းမှာ ပြည်ပတင်ပို့ခွင့် နည်းပါးနေသောကြောင့် ဈေးကျလာခြင်းဖြစ်ပြီး  ယခုတစ်ပတ်အတွင်းမှာ တစ်ရက်ငွေကျပ် ၁ဝဝ ကျဆင်းရာမှ ဆွဲဖတ်(ခွက်ကပ်) တစ်ပိဿာလျှင်ငွေကျပ် ၁၂ဝဝ မှ ၈ဝဝ အထိ ကျဆင်းခဲ့ပြီး တစ်ပိဿာဈေး ငွေကျပ် ၅ဝဝ အထိ ကျဆင်းနိုင်ကြောင်း ဆွဲဖတ်(ခွက်ကပ်) အဝယ်ဒိုင်ထံမှ သိရသည်။     

Read 35 times Last modified on Thursday, 26 March 2020 09:13