Print this page

ပုံမှန်ဝင်ငွေ ဖော်ဆောင်ပေးသော အိမ်တွင်းမှု မြက်ဖျာလုပ်ငန်း

Tuesday, 05 May 2020 08:31 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး   ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် မဲဇာရွာနှင့် သင်ကတုန်ရွာတွင် မြက်ဖျာရက်လုပ်သည့် လုပ်ငန်းဖြင့် တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေ ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

မဲဇာရွာနှင့်သင်ကတုန်ရွာရှိ မိသားစုအများစုမှာ မြက်ဖျာ ရက်လုပ်သည့် လုပ်ငန်းကို ရှေးယခင်ကတည်းက တောင်သူလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်ကြသည်။ တောင်သူနားချိန်တွင် မြက်ဖျာများ တွင်ကျယ်စွာ ရက်လုပ်ပြီး ဒေသအနှံ့ ဖြန့်ချိရောင်းချကြသည်။

မြက်ဖျာရက်လုပ်ရန်အတွက် အဓိက ကုန်ကြမ်းမှာ ဒေသအခေါ် ဆီမီးတိုင် ခေါ်ရှင်မွေးလွန်းမြက်ကို အသုံးပြုကြရသည်။

ရှင်မွေးလွန်းမြက်မှာ အင်းအိုင်များ၊ ကန်များအတွင်း ပေါက်ရောက်ပြီး မြက်ဖျာရက်လုပ်ပါက နွေတွင်အေးပြီး ဆောင်းတွင်းပိုင်းတွင် နွေးသည့် သဘာဝဓာတ်ရရှိသည်။ မြက်ကုန်ကြမ်းကို ကိုယ်တိုင်ရိတ်ခြင်း၊ မြက်ရိတ်ရောင်းသူ များထံမှလည်း   တစ်ဆင့်ဝယ်ယူ သိုလှောင်ခြင်းများ ပြုလုပ်ကာ တစ်နှစ်ပတ်လုံး ရက်လုပ်ကြသည်။  လူတစ်ဦးတစ်နေ့လျှင် မြက်ဖျာ ခုနစ်ချပ်အထိ ပြီးစီးသည်။

ယခင်က မြက်ဖျာရက်လုပ်ရာတွင် ကြိုးများကို သီးသန့်လွန်းကာ ရက်လုပ်သော်လည်း လက်ရှိကာလတွင် ပလတ်စတစ်ကြိုးကို အသုံးပြုကာ ရက်လုပ်ကြသည်။

မြက်ဖျာရက်လုပ်ရာတွင် အဆင်ဒီဇိုင်း လှပရန်အတွက် မြားဟုခေါ်သောမြက်ကို ချည်ဆိုးဆေးများဖြင့် အနီ၊ အစိမ်း၊ ခရမ်း၊ အပြာနှင့် အခြားအရောင်များ ဆိုးကာ တစ်ထွာခြား ထည့်သွင်းရက်လုပ်ကာ အကွက်ဖော်လေ့ရှိသည်။ ဈေးကွက်တွင် ရောင်းချသော မြက်ဖျာများကို အလျားသုံးတောင်နှင့် တစ်ထွာ၊ အနံနှစ်တောင် အရွယ်အစား ရက်လုပ်ပြီး တန်းလျားခုံ၊ ထိုင်ခုံများခင်းရန် အတွက် သီးသန့်ရက်လုပ် ပေးခြင်းများလည်း ပြုလုပ် ပေးလျက်ရှိသည်။

မြက်ဖျာရက်လုပ်ရာတွင် ဆီမီးတိုင် ခေါ် ရှင်မွေးလွန်းမြက်ဖြင့် ရက်လုပ်သည့် မြက်ဖျာအကြမ်းနှင့် မြားမြက်ဖြင့် ရက်လုပ်သော မြက်ဖျာအနုဟူ၍ နှစ်မျိုးရက်လုပ် ရောင်းချကြသည်။ မြက်ဖျာအကြမ်း တစ်ချပ်လျှင် ငွေကျပ် ၁၅ဝဝ၊ ၂ဝဝဝ၊ ၂၅ဝဝ အထိ လက်ရာအလိုက် ဈေးအမျိုးမျိုးဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

 

Read 152 times Last modified on Tuesday, 05 May 2020 08:32