SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

သဘာဝ ထုတ်ကုန်ဝါးများဖြင့် တစ်ခေတ်ဆန်းလာသည့် ဝါးအနုပညာ ဈေးကွက်

Sunday, 13 August 2017 08:12 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံသည် သဘာဝအလျောက် ပေါက်ရောက်သော ဝါးတောများရှိသည့် နည်းတူ ယင်းဝါးများကို အသုံးပြု၍ လူတို့နေထိုင်ရာ အိမ်များနှင့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်မှု သည်လည်း ရှေးယခင်ကပင် ရှိခဲ့သည်။ ယခုအခါ ဝါးဖြင့်ပြုလုပ်သည့် လူသုံးကုန် ပစ္စည်းများသည် ပြည်တွင်းဈေးကွက် ရရှိရုံသာမက ပြည်ပနိုင်ငံများ ကပါ ကြိုက်နှစ်သက်မှု ရှိသဖြင့် တင်ပို့နေရသည့် အခြေအနေ တစ်ရပ်အထိ ဈေးကွက်ရရှိလာပြီ ဖြစ်သည်။

ခေတ်မီလူသုံးကုန် ပစ္စည်းများကို ဝါးဖြင့်ပုံဖော်၍ မြန်မာ့အနုပညာ လက်ရာများနှင့် ပေါင်းစပ် ထုတ်လုပ်မှုအား ကြိုက်နှစ်သက်နေကြခြင်း ဖြစ်သည်။ မြန်မာ့အနုပညာ လက်ရာများသည် ကမ္ဘာတွင်ထင်ရှားပြီး ယခုအခါ ဝါးဖြင့်ပြုလုပ်သော အနုပညာ လက်ရာများ ပါဝင်လာသည်။  ဟိုတယ်များ၊ အိမ်များ၊ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များတွင် ဝါးဖြင့် အလှဆင်မှုများ တိုးတက်လာသည့် အတွက် ဝါးဖြင့်အနုပညာ ပုံဖော်သူများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာကြသည်။ ယင်းအတွက် လက်ရှိတွင် မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းကာ မြန်မာမှုအနုပညာ လက်ရာများကို ဆက်လက်ထိန်းသိမ်း ထုတ်လုပ်လျက် ရှိသည်။ အဓိကအားဖြင့် ဝါးဖြင့်ပြုလုပ်သော မီးအိမ်များ၊ အခန်းအလှဆင်မှုများ၊ ခုံများ၊ ဆက်တီများ၊ ဗီရိုနှင့် ခုတင် အစရှိသည့် လူသုံးကုန် ပစ္စည်းများကို ထုတ်လုပ်၍ ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချနေသည်။ ယခုနောက်ပိုင်းတွင် ဂျပန်၊ တရုတ်(တိုင်ပေ)နှင့်    ဥရောပနိုင်ငံများက စိတ်ဝင်စား လာကြသဖြင့် အမှာစာများပင် ရရှိနေသည်။ ပြည်တွင်း ဈေးကွက်တွင် တွင်ကျယ်စွာ အသုံးပြုလာသည့် အတွက် ဆိုင်များ၊ အိမ်များနှင့် ဟိုတယ်များသို့ သွားရောက် အလှဆင်ပေးရသည် အထိ ဈေးကွက်ရရှိ လာနေသည်။ ယင်းအတွက် မြန်မာနိုင်ငံအတွင်း ဝါးအနုပညာ လက်ရာပညာရှင်များ အနေဖြင့် ခေတ်မီ အသုံးအဆောင် ပစ္စည်းများ၏ ခေတ်ဆန်း ပုံစံများအတိုင်း ဝါးများကို တစ်နေ့ထက်တစ်နေ့   တိုးမြှင့်ပုံဖော် ထုတ်လုပ်နိုင်အောင် ကြိုးပမ်းလာနေ ရသည်ဟု ဝါးလက်မှု အနုပညာရှင်များက ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ ယနေ့အချိန်ထိ ဝါးဖြင့်ပြုလုပ်သော လူသုံးကုန် ပစ္စည်းများကို အများဆုံး အသုံးပြုနေကြပြီး တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း အသုံးပြုမှု ရှိနေသေးသည်။ မြန်မာနိုင်ငံအတွင်း   ရိုးမတောကြီး များစွာရှိသဖြင့် ဝါးသယံဇာတ ပေါများရာ ဝါးဖြင့်ပြုလုပ်သော အသုံးအဆောင်များ ပိုမိုများပြားသည်။ မြန်မာ့ တူရိယာများတွင် ဝါးဖြင့်ပြုလုပ်သော တူရိယာများစွာ ရှိနေသည်။ ယင်းအတွက် မြန်မာနိုင်ငံအတွင်း ဝါးလက်မှု အနုပညာ ပစ္စည်းများသည် ကဏ္ဍစုံတွင် အလွန်အရေး ပါလှသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ပြည်ပ နိုင်ငံများက ခရီးသွားများသည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရာတွင်လည်း ဝါးဖြင့် ပြုလုပ်သော လက်မှုအနုပညာ ပစ္စည်းများကို အမှတ်တရ ဝယ်ယူမှုများ ရှိလာသောကြောင့်   ဝါးလက်မှု အနုပညာ ပစ္စည်းများ ရောင်းချသော ဆိုင်များပင် ရှိလာပေသည်။ ဥပမာ- ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ သွားရောက်ဖူးမြော်ရာတွင် ဝါးဖြင့်ပြုလုပ်ထားသော အသုံးအဆောင်များ ရောင်းချမှုကို အများဆုံး တွေ့မြင်ရမည်ဖြစ်သည်။ ဝါးလက်မှု အနုပညာ အမျိုးအစားပေါင်း ၅ဝဝ ကျော်ရှိပြီး ယင်းတို့ကို ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်၊ ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက် ရှိသည်။ ဟိုတယ်များတွင်လည်း ဝါးအသုံးပြု၍ ဘန်ဂလိုများ၊ နေအိမ်အသေးများ ဖန်တီးကာ ခရီးသွားများအား ဆွဲဆောင်မှု ပြုလုပ်လာ ကြသည်။ တခြားသော နိုင်ငံများတွင်လည်း မြန်မာနိုင်ငံအား အတုယူ၍ ဝါးဖြင့် ဖန်တီးသော အနုပညာများကို ပြုလုပ်လာကြောင်း သိရသည်။

ဝါးလက်မှု အနုပညာ ပစ္စည်းများကို ဝါးအမျိုးအစားပေါင်း များစွာ ပေါင်းစပ်၍ ထုတ်လုပ်ရသော အခြေအနေများ ရှိသည့်နည်းတူ ဝါးအမျိုးအစား အနည်းငယ်ဖြင့် ပုံဖော်ဖန်တီး ရမှုများလည်း ရှိသည်။ မြန်မာနိုင်ငံတွင် ဝါးအမျိုးအစားပေါင်း ၂၂ မျိုးရှိပြီး မျိုးစိတ်ပေါင်း ၁၂ဝ ခန့်ရှိသည်။ ဝါးသည် တခြားသော အပင်များထက် အောက်ဆီဂျင် ၃၅ ရာခိုင်နှုန်း ပိုမိုထုတ်လုပ် ပေးနိုင်သောကြောင့် ဝါးစိုက်ပျိုးမှုသည်လည်း များပြားလာသည်။ မြန်မာနိုင်ငံ၌ အသုံး များသော ဝါးအမျိုးအစား များသည် ကြသောင်းဝါး၊ ကြခတ်ဝါး၊ သိုက်ဝါး၊ တင်းဝါး၊ ကြလိုဝါး၊ ဝါးပိုး၊ မြင်ဝါး၊ ကရင်ဝါး၊ ဝါးဖြူလေး၊ ဝါးနက်၊ ဘဝါး၊ အခြင်ဝါး စသည်တို့ ဖြစ်ကြသည်။ ယင်းဝါးများအနက် ဝါးပင်တချို့၏ သက်တမ်းများသည် အလွန် ရှည်လျားကြသည်။  ကြသောင်းဝါးသည် သက်တမ်း ၃၅ နှစ်မှ ၄၂ နှစ်၊ ကြခတ်ဝါးသည် သက်တမ်း ၄၅ နှစ်၊ သိုက်ဝါးသည် နှစ် ၆ဝ၊ တင်းဝါးသည် နှစ် ၃ဝ၊  ဝါးပိုးဝါးသည်နှစ် ၅ဝ၊ မြင်ဝါးသည် နှစ် ၃ဝ၊ ဝါးဖြူလေးနှင့် ဘဝါးသည် နှစ် ၆ဝ အထိ သက်တမ်းရှိကြသည်။ ဝါးဖြင့်  ပြုလုပ်သော လူသုံးကုန် ပစ္စည်း လုပ်ငန်းများသည် စိတ်ဝင်စားဖွယ်ရာ ကောင်းခြင်းကြောင့်  မြန်မာနိုင်ငံ အတွင်း လာရောက် လည်ပတ်ကြသော ခရီးသွား ဧည့်သည်များသည်လည်း ယင်းလုပ်ငန်း များသို့ သွားရောက် လေ့လာမှုများလည်း ရှိလာသည်။ ဝါးအနုပညာ လက်ရာများ ကမ္ဘာ့ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် မျှော်မှန်းလျက်ရှိကာ ပြည်ပပညာရှင် များနှင့် ချိတ်ဆက်နိုင်ရန်   ကြိုးပမ်းလျက် ရှိသည်။ လက်ရှိတွင် ဝါးကုန်ကြမ်း ရရှိမှု ရှားပါးနေသည့် အတွက် စိုက်ပျိုး ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေကြသည်။ ဝါးအနုပညာ လူသုံးကုန် ပစ္စည်းများသည် ဆန်းသစ်သော လက်ရာများနှင့် လုပ်ကိုင်ရမှုများ တွင်ကျယ်လာသည့် အတွက် ဈေးကောင်း ရရှိနေသော အနုပညာ ပစ္စည်းများ ဖြစ်လာသည်။ မြန်မာနိုင်ငံသည် ဝါးများစွာ ပေါက်ရောက်သော နိုင်ငံဖြစ်သည့် အတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် ရိုးရာ အသုံးအဆောင် ပစ္စည်းများ၊ ပြည်ပအသုံးအဆောင် များအား ဝါးဖြင့်ပြန်လည် ပုံဖော်လုပ်ကိုင်မှုသည် ဈေးကွက်အတွင်း သိသာစွာ မြင့်တက်လာသည်။ မြန်မာနိုင်ငံအတွင်း ကျင်းပလေ့ရှိသော ဆယ့်နှစ်လ ရာသီပွဲတော် များတွင်လည်း ယင်းပစ္စည်းများအား ပြသရောင်းချနိုင်ရန် အသင်းဖွဲ့၍ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ခေတ်မီ အသုံးအဆောင်များကြားတွင်  သဘာဝ ထုတ်ကုန်ဝါးများဖြင့် ပြုလုပ်ထားသော အနုပညာ ပစ္စည်းများ၊ အပြင်အဆင် များကြောင့် အမြင်ဆန်းစေပြီး အဓိကအားဖြင့် ဂျပန်နိုင်ငံမှ လူကြိုက်များသည့်အတွက်    မှာယူမှုများ ရှိနေ၍ ဝါးအနုပညာရှင်များက ဈေးကွက်အတိုင်း အတာတစ်ခုအထိ  ရရှိလာနေသည်။ ထို့ကြောင့် နောက်ပိုင်း ကာလများတွင် ဝါးဖြင့်ပြုလုပ်သော အနုပညာ ပစ္စည်းများ သာမက နေအိမ်အခန်းများ အတွင်း အလှဆင်ခြင်းများတွင် ဝါးဖြင့်အလှဆင်မှု တွင်ကျယ်လာမည် ဖြစ်သည့်အတွက် တစ်ခေတ်ဆန်းစေမည့် ဝါးအနုပညာ ဈေးကွက် ဖြစ်လာမည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

စိုးမိုး

Read 834 times Last modified on Sunday, 13 August 2017 08:15