မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြား

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၁၈

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်             ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ် ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပညာရှင်ကြီးများ၊ စာတမ်းရှင်များ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းအသီးသီးမှပါမောက္ခများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်တို့က မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပညာရေးညီလာခံအခမ်းအနားမုခ်ဦးကို စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များက “ပြည်သာရန် ပညာရေးညီလာခံ” အလင်္ကာတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၁၂)ရပ်၏ လူမှုရေး ဦးတည်ချက်တွင်ပါဝင်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ် သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေး ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်စေရေး ရည်ရွယ်ချက် ဖြင့် ကျင်းပခြင်းပင်ဖြစ်ပါကြောင်း။

ယခုညီလာခံကြီးကို ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခု ပူးပေါင်းပြီး စကားဝိုင်းဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများနှင့် ကျင်းပမည်ဖြစ်ခြင်းကြောင့် မြန်မာ နိုင်ငံ၏ ပညာရေးတိုးတက်မြင့်မားရေးကို အဟန့်အတားဖြစ်နေသည့် အခက်အခဲများ၊ ပြဿနာများ၊ စိန်ခေါ်မှုများကို စုပေါင်းဆွေးနွေးအဖြေရှာပြီး အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်စေရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းသတ်မှတ်နိုင်ကြမည် လည်းဖြစ်ပါကြောင်း။

ပညာရေးကို အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုကြပါကြောင်း၊ “ပညာရေး ဆိုသည်မှာ အမျိုးမျိုးသော သင်ယူလေ့လာမှု နည်းလမ်းများမှတစ်ဆင့်ရရှိသည့် အသိပညာ၊ အတတ် ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ အရည်အသွေးနှင့် တန်ဖိုးများဟု ဖွင့်ဆိုသည်ကိုလည်းတွေ့ရပါကြောင်း၊ လူတစ်ယောက်သည်ပညာကို မွေးကင်းစ အရွယ်မှ တည်းကစပြီး ဘဝတစ်သက်တာ သင်ယူလေ့လာနေကြရခြင်းဖြစ်ပါကြောင်း၊ ပညာကို သင်ယူလေ့လာထားသည့် လူတစ်ဦးချင်းစီသည် မိမိတတ်မြောက်ထားသည့် ပညာနှင့်ဘဝကိုပြည့်စုံအောင်မြင်အောင် တည်ဆောက်နိုင်မည်ဖြစ်သကဲ့သို့ မိမိ ကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေပြီး လူ့အသိုက်အဝန်း ကို အထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း။

ဘက်စုံပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ တတ်မြောက်မှုကိုသာမက Personal Skills ဟု ခေါ်သည့် ပင်ကိုအရည်အသွေးများ၊ ကိုယ်ရည်ကိုယ်သွေးများကို ဘက်စုံမြှင့်တင်ပေးပါကြောင်း၊ စဉ်းစားသုံးသပ်တွေးခေါ်မှု (Critical thinking)၊ ပြဿနာဖြေရှင်းမှု (Problem solving)၊ တီထွင်ဖန်တီးမှု (Creativity)၊ ဆန်းစစ်အကဲဖြတ်မှု (Evaluation)၊ ပိုင်းခြားစိတ်ဖြာသုံးသပ်မှု (Analytical skills)၊ ပူးပေါင်းဆောင်ရွက်မှု (Collaboration)၊ အလိုက်သင့် ဆောင်ရွက်တတ်မှု (Adaptability) ၊ လူမှုဆက်ဆံရေး (Social skills) ၊ စိတ်ခံစားချက်နားလည်မှု (Emotional intelligence) ၊ တရားမျှတမှု (Justice)၊ လောကနီတိဆိုင်ရာအပြုအမူ (Ethical behavior)နှင့် ဦးဆောင်တတ်မှု (Leadership)  အစရှိသည့် ဘက်စုံ ကျယ်ပြန့်သည့် အရည်အသွေးများ၊ စွမ်းရည်များ ၊ ကိုယ်ရည်ကိုယ်သွေးများ၊ အသိ ပညာ၊ အတတ်ပညာများကို ဘက်စုံပညာရေးက ပြည့်စုံစေမည်ဖြစ်ပါကြောင်း။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘက်စုံပညာရေးသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်မှ ပါဝင်နေပါကြောင်း၊ ဘက်စုံပညာထူးချွန်သည့် လူ့စွမ်းအား အရင်းအမြစ်များသည် နိုင်ငံသားများ၏ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ပိုမိုနားလည်သဘောပေါက် ကြသည်နှင့်အညီ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ပိုမိုပူးပေါင်းပါဝင် နိုင်သည့်အင်အားစုများ ဖြစ်လာကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံ အနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိရာတွင် အသိပညာ၊ အတတ် ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအား အရင်းအမြစ် များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကိုမြှင့်တင်ရန် ဦးတည်ချက်ထားပြီး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ၁၉၉၉ ခုနှစ် မှ ၂၀၁၄ ခုနှစ် အတွင်း ကျောင်းနေသူ ၁၉ ဒသမ ၄၄ သန်းတွင် ပဉ္စမတန်းတက်ရောက်သူ ၁၁ ဒသမ ၃၇ သန်း (၅၇ ဒသမ ၂၉ ရာခိုင်နှုန်း)ရှိပြီး အလယ်တန်းအဆင့် ၈ တန်းသို့ တက်ရောက်သူ ၇ ဒသမ ၇၈ သန်း (၄၀ ဒသမ ၂၆ ရာခိုင်နှုန်း) သာရှိပါကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၅ နှစ် အထက်လူဦးရေ ၄၆ ဒသမ ၄၆ သန်းတွင် သက်မွေးပညာပြီးသူ ၂ ဒသမ ၉ သိန်း၊ ဘွဲ့ရသူ ၃ သန်း ရှိသည်ကိုတွေ့ရ ပါကြောင်း၊ တန်းစဉ်ကူးပြောင်းမှု လျော့နည်းမှုမှာ များပြားနေသည်ကို မိမိ ၂၀၀၄ ခုနှစ် ရခိုင် ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် ကတည်းက စတင်သတိပြုခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်တာဝန်ယူချိန်တွင်လည်း ယခုကဲ့သို့ စိစစ်တွေ့ရှိရသည့်အတွက် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက် ပညာရေးဝန်ကြီးဌာနကို တာဝန်ပေးစိစစ်စေသည့်အခါ အထက် က အခြေအနေများကို တွေ့ရခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ကြားဖြတ်သန်းခေါင် စာရင်း အရ အသက် ၁၅ နှစ်အထက် လူဦးရေ၊ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ၂၂ ဒသမ ၉ သန်း အနက်တစ်ဝက်ခန့်သာ အလယ်တန်းအဆင့် ပညာတတ်မြောက်မှုသာ ရှိပါကြောင်း၊ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ပြီး ယင်း အနက် အသက် ၁၅ နှစ် အထက် ၄၅ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေးမြူရေး အသက်မွေးဝမ်းကျောင်း၊ ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ပါနေကြောင်း၊ ၎င်းတို့သည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံကောင်းများရှိရန် မဖြစ်မနေ လိုပါကြောင်း။

အလယ်တန်းနှင့် အထက်တန်းပြီးမြောက်သူများ တက်ရောက်ကြသည့် နည်းပညာနှင့် သက်မွေးပညာသင်တန်းကျောင်းနှင့် ဒီပလိုမာတန်း ပြီးမြောက်သူသည် လည်း တစ်နိုင်ငံလုံးတွင် သုံးသိန်းခန့်သာ ရှိသည့်အတွက် အလယ်တန်းဆင့် ပြီးမြောက်သူများကို စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေး ပညာသင်တန်းများ ပိုမိုတက်ရောက်နိုင်ရန် လမ်းဖွင့်ပေးကြရမည် ဖြစ်ပါကြောင်း၊ (၃) သိန်းဆိုသည့် ပမာဏသည်လည်း ၁၅ နှစ်အထက် လူဦးရေ၏ ၁ ရာခိုင်နှုန်းကျော်သာ ရှိသည် ကိုတွေ့ရပါကြောင်း။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအစီရင်ခံစာတွင် ကျောင်းသား အများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြကြောင်းနှင့် အသက် ၁၂ နှစ်မှစပြီး ကျောင်းတက်နှုန်းစတင်ကျဆင်းလာကာ အသက် ၁၄ နှစ်နောက်ပိုင်း အလယ်တန်းပြီး မြောက်ချိန်တွင် သိသိသာသာ ကျဆင်းလာသည်ကို ဖော်ပြထားသည် ကိုတွေ့ရပါကြောင်း။

ကျောင်းဆက်မတက်သူ ၁၀ ဦးကို မေးမြန်းလေ့လာရာတွင် ၃ ဦးသည် မိသားစု ကို ကူညီနေရ၍ဟု ဖြေဆိုပြီး ၂ ဦးမှာ ကျောင်းဆက်တက်ရန် ငွေကြေးမတတ် နိုင်သောကြောင့်ဟု ဖြေဆိုသည်ကိုသိရပါကြောင်း၊ အသက် ၃ နှစ်မှ ၅၀ နှစ်အတွင်း လူဦးရေ၏ ကျောင်းဆက်မတက်ရခြင်း အဓိကအကြောင်းအရင်း မှာ မကျန်းမာခြင်း ထိခိုက် ဒဏ်ရာရခြင်း မသန်စွမ်းခြင်းကြောင့် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ ကျောင်းထားရန် ငွေမတတ်နိုင်သည်မှာ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ အိမ်အလုပ်ကူရသည်မှာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကူရသည်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်း၊ စာမေးပွဲ ကျခြင်း၊ စာမလိုက်နိုင်ခြင်းနှင့် စိတ်ဝင်စားစရာ မကောင်းသည်မှာ ၁၂ ဒသမ ၂ ရာခိုင် နှုန်း၊ ကျောင်းကဝေးလွန်းသည်က ၄ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်နေသည်ကို တွေ့ရပါ ကြောင်း၊ အဆိုပါအချက်အများအရ ဆင်းရဲမွဲတေမှုကြောင့်ဖြစ်သည်မှာ အများစု ဖြစ်နေပါကြောင်း၊ ကျောင်းတက်သူ ဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးကို အဟန့် အတားဖြစ်စေသည့် အကြောင်းရင်းများကို ယခုကျင်းပသည့် ပညာရေး ညီလာခံကြီးတွင် အဖြေရှာပြီး ဖြေရှင်းပေးကြရမည် ဖြစ်ပါကြောင်း။

ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်ပါကြောင်း၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊ ပညာမတတ် သည့် နိုင်ငံသားများပြီး ပညာရေးနိမ့်ကျသည့် နိုင်ငံသည် အမှန်တကယ် မတိုးတက် နိုင်ဟု  လက်ခံထားကြပါကြောင်း၊ နိုင်ငံတစ်နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပါကြောင်း၊ လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာကိုအဓိကတည်ဆောက် ကြရပါကြောင်း၊ နိုင်ငံ ရေးတည်ငြိမ်မှု၊ ရင့်ကျက်မှု၊ စီးပွားရေးတိုးတက်မှုများသည် ပညာတတ်ပေါကြွယ် ဝမှုနှင့် တိုက်ရိုက်အချိုးကျနေပါကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါကြွယ်ဝရေးကို ဦးတည် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် ကျောင်းနေအရွယ် ကလေးများ အားလုံး အရည်အသွေး ကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရအောင် ဖန်တီးဖော်ဆောင်ပေး ကြရန်လိုအပ်ပါကြောင်း၊ Education for All ဆိုသည့်အတိုင်း အားလုံးအတွက် ပညာရေးကို မဖြစ်မနေ အကောင်အထည်ဖော်သွားကြရမည်ဖြစ်ပါကြောင်း။

လေ့လောချက်များအရ သာမန်လုပ်ကိုင်စားသောက်နိုင်အောင် အနည်းဆုံး အလယ်တန်းအဆင့်ပညာရေး ပြီးမြောက်ရန် သင့်သည်ကိုတွေ့ရှိရပါကြောင်း၊ မိဘများ ဖြစ်သည့် မိမိတို့တစ်တွေနှင့် လုပ်ကိုင်စွမ်းရှိသူ နိုင်ငံသားအားလုံးက နောင်အနာဂတ် အတွက် ခိုင်မာသည့် လမ်းခင်းပေးရန် လိုအပ်ကြောင်း၊ စုစည်းညီညွတ်သည့်အားဖြင့် ဆောင်ရွက်ခဲ့ကြသဖြင့် အောင်မြင်မှုရသည့် သာဓကများစွာရှိပါကြောင်း။

ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာ သင်ယူခွင့် ရရှိရေး၊ အနည်းဆုံး အလယ်တန်းအဆင့် (KG+9)ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေးနှင့် အနာဂတ်ပညာရေး ပိုမိုကောင်းမွန်လာစေရေးကို အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့် တက်ညီလက်ညီ ကြိုးစားဆောင်ရွက်သွားကြပါက မအောင်မြင်စရာ အကြောင်းမရှိသည်ကို ပြောကြားလိုပါကြောင်း။

သုတေသနပြုချက်များအရ ကလေးများကိုကျောင်းထားရန် တွန့်ဆုတ် နေကြ သည့် မိဘများကို ပညာတန်ဖိုး နားလည်သဘောပေါက်အောင်စည်းရုံးပြီး  လူမှုပတ် ဝန်းကျင်အသိုင်းအဝိုင်းက ကူညီပံ့ပိုးပေးရန် အသင့်ရှိနေသည်ဟု ယုံကြည်လာအောင် လုပ်ပေးနိုင်ပါက ကလေးများကို ပိုမိုကျောင်းထားလာစေသည်ကို သိရှိရပါကြောင်း။

နိုင်ငံတော်အနေဖြင့် အခမဲ့ပညာရေးအစီအစဉ်အရ ပြဋ္ဌာန်းစာအုပ်များ၊ ဗလာ စာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးနေသကဲ့သို့ အတန်းကူးပြောင်းသွားကြသည့် ကျောင်းသားများထံမှ ကျောင်းဝတ်စုံများနှင့် စာအုပ် များကို လိုအပ်သည့် ကျောင်းသားများဆီ လွှဲပြောင်းပေးအပ်ခြင်းနှင့် အမှန်တကယ် ကျောင်းနေရန် အခက်အခဲရှိသည့်ချို့တဲ့ နွမ်းပါးသူများကို ပညာသင်ထောက်ပံ့ကြေး ပံ့ပိုးပေးခြင်းတို့သည် အခက်အခဲရှိသည့် မိဘများ၏ ဝန်ထုပ်ဝန်ပိုးကို အထိုက် အလျောက်လျော့ကျစေနိုင်ပြီး ကလေးများကို ကျောင်းထားရေးအတွက် အထောက် အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

ကျောင်းသားမိဘများအနေဖြင့်လည်း မိမိသားသမီးများကို အမှန်တကယ် စာတတ်မြောက်စေရန် အရည်အသွေးရှိသည့်ပညာများကို သင်ကြားပေးနိုင်မည်ဟု ယုံကြည်သည့်ကျောင်းများတွင်သာ ကျောင်းထားလိုကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လည်း ဆရာ၊ ဆရာမ လုံလောက်ရေး၊ ရရှိထားသည့်ဘွဲ့နှင့် သင်ကြားနေသည့် ဘာသာ ရပ်ကိုက်ညီရေး၊ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ရေး၊ ဆရာဆရာမများ သက်သာချောင်ချိရေး၊ သင်ရိုးညွှန်းတမ်းများမွမ်းမံရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန် ရေးတို့ကို ဆောင်ရွက်ပေးကြရန် အလွန်အရေးကြီးပါကြောင်း၊  ထို့ပြင် စာသင်ဆောင်၊ စာသင်ခန်း၊ ကျောင်းစာကြည့်တိုက်၊ သင်ထောက်ကူပစ္စည်းများ၊ သောက်ရေ၊ သုံးရေ၊ သန့်စင်ခန်း၊ အားကစားကွင်းနှင့် ကာယပစ္စည်းများ ဖြည့်ဆည်းရေးကိုလည်း ပံ့ပိုး ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းတက်ရောက်ရာတွင် သွားလာမှု အဆင်ပြေရေးအတွက် ကျောင်းအဆင့်တိုးမူဝါဒများကိုလည်းလိုအပ်ပါက ပြန်လည် သုံးသပ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် တစ်ခုဖြစ်သည့် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေးဒေသထွက် ကုန်ကြမ်းများကို အခြေ ခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း ( MSME ) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးကို ရည်ရွယ်ပြီး‌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကစပြီး ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေး အထက်တန်းကျောင်း ၅၁ ကျောင်းကို ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း KG+9 အလယ်တန်း ပညာရေး ပြီးဆုံး အောင်မြင်သူများအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများ တက်ရောက်နိုင်ကြပြီး အသက်မွေးဝမ်းကျောင်း အခြေခံ ရရှိရေးအတွက် Grade 10 ၊ Grade 11 ၊ Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များကို သင်ယူလေ့ကျင့်နိုင်ကြမည် ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျန်ခရိုင် ၇၅ ကျောင်း ဆက်လက်ဖွင့်လှစ်ဖို့ လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါကျောင်းအားလုံး ဖွင့်ပြီးသော်လည်း တန်းခွဲ ၁ ခု ၅၀ ဖြင့် နယ်ပယ် ၃ ခုမှ အခြေခံပညာအထက်တန်း အဆင့် ၁ နှစ် ၁၈၅၀၀ ဦးသာ သင်ကြားပြီးမြောက်မည်ဖြစ်ပါကြောင်၊ ၁၀ နှစ်လျှင် ၁၈၅၀၀၀ ရှိမည်ဖြစ်ပါ ကြောင်း၊ မည်သည်မျှ မသိသည်ထက်စာပါက အခြေခံတတ်သိ နားလည်သည့် သူများ က လုပ်ငန်းခွင်တွင် အထောက်အကူပြု လုပ်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းတို့ ကို သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်များတွင် အဆင့်မြင့်ပညာသင်ကြားနိုင်စေရေး ဆက် လက်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။

လုပ်ငန်းခွင်တွင် လက်တွေ့အသုံးကျမည့် ပညာရပ်၊ ကျွမ်းကျင်မှုကို အဆိုပါ ကျောင်းများတွင် ထိရောက်စွာ သင်ကြားလေ့ကျင့်ပေးပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးမည်ဆိုပါက သွင်းကုန် အစားထိုးကုန်ပစ္စည်းများ၊ Value-added တန်ဖိုး မြှင့်ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချခြင်းနှင့် မိမိတို့မိသားစု စားဝတ်နေရေး ဖူလုံရုံမက နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သ ကဲ့သို့ နိုင်ငံခြားသုံးငွေကို လျှော့ချနိုင်မည်လည်း ဖြစ်ပါကြောင်း၊ ယခုအစီအစဉ် အောင် မြင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့အပြင် အခြားသောဆက်စပ်ဝန်ကြီးဌာနများကလည်း ပံ့ပိုးဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။

ယခုကျောင်းများတွင် နိုင်ငံတော်၏လိုအပ်ချက်နှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်း ရှင်များ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများကို သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုစေမည့် သက်မွေးပညာရပ်များကို သင်ကြားပေးရုံသာမက လက်တွေ့လုပ်ငန်းခွင်မှာ လေ့ကျင့်နိုင်ရန်အတွက် အစိုးရ -ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership) ကို ချိတ်ဆက်ဆောင် ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင် အသိ ပညာ၊ အတတ်ပညာတတ်မြောက်သည့် ပညာတတ်များပေါများရေးကို ဦးစားပေး မျှော်မှန်းချက်အဖြစ် ထားရှိပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ အသိပညာ၊ အတတ် ပညာများကို အသုံးချပြီး တွေးတောကြံစည်လုပ်ကိုင်နိုင်ရန် အဆင့်မြင့်ပညာရပ်များကို လေ့ကျင့်သင်ကြားပေးရာတွင် ဌာနကြီးများလည်းဖြစ်ပါကြောင်း၊ ယခင်ကတက္ကသိုလ် တက်ရောက်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်းလုပ်မည်ဆိုသည့် မျှော်လင့်ချက်၊ မျှော်မှန်းချက် ထားကြပါကြောင်း၊ ယနေ့ခေတ်သည် ပါတီစုံဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေး စနစ်၊ ပညာခေတ်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းသာမကဘဲ နယ်ပယ်ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ပြီဖြစ်ပါကြောင်း၊ အလယ်အလတ်အဆင့် စီမံခန့်ခွဲသူ(မန်နေဂျာ) အဆင့်မှ အုပ်ချုပ်ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နည်းပညာ/ အတတ်ပညာ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်နယ်ပယ်များတွင် ပညာတတ်များ၏ အခန်းကဏ္ဍ ကြီးမားစွာရှိနေပါ ကြောင်း၊ ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းရှိမှု၊ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိမှု၊ တီထွင်ကြံဆမှု၊ သုတေသန ပြုမှုများသည် ယနေ့ခေတ်တွင် အရေးပါနေပါကြောင်း၊ အသုံးချနိုင်ရမည်ဖြစ်ပါကြောင်း။

အဆင့်မြင့်ပညာသင်ကြားရာတွင် နေ့ကျောင်းတက်သင်ကြားခြင်း၊ Online နှင့် သင်ကြားခြင်း၊ စာပေးစာယူသင်ကြားခြင်းများရှိပြီး မည်သည့်နည်းလမ်းနှင့် သင်ယူ သည်ဖြစ်စေ အမှန်တကယ်တတ်မြောက်နိုင်စွမ်းရှိရန် လိုမည်ဖြစ်ကြောင်း၊ ကျန်းမာ ရွှင်လန်းစွာဖြင့် ပညာသင်ကြားနိုင်ရန်လိုမည်ဖြစ်ကြောင်း၊ အရည်အသွေးရှိသည့် အဆင့်မြင့်ပညာရေးကို ဖော်ဆောင်နိုင်ရန်အတွက် အရည်အသွေးရှိသည့် ဆရာ ဆရာမများခန့်ထားခြင်း၊ အရည်အသွေးမြှင့်တင်ရေးသင်တန်းများပေးခြင်း၊ သင်ရိုး ညွှန်းတမ်းများ ခေတ်မီစေခြင်း၊ သင်ကြားနည်းစနစ်များ တိုးတက်စေခြင်း၊ နည်းပညာ အသစ်များ အသုံးပြုသင်ကြားခြင်း၊ စာကြည့်တိုက်နှင့် အင်တာနက်ကို အသုံးပြုသည့် သင်ကြားသင်ယူမှုကို အားပေးခြင်း၊ အွန်လိုင်းသင်ယူမှုပလက်ဖောင်းနှင့် ဒစ်ဂျစ်တယ် စာကြည့်တိုက်များ ထူထောင်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ သုတေသနပစ္စည်းများဖြည့်တင်းခြင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု အားပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး သုတေသနများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျောင်းသားကျောင်းသူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေခြင်း၊ နိုင်ငံခြားပညာတော်သင်များစေလွှတ်ခြင်း၊ အားကစား နှင့် ပညာရေးပေါင်းစပ်ခြင်း စသည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးသွား နိုင်မည် ဆိုပါက ရည်မှန်းချက်ပန်းတိုင်ကို အချိန်တိုအတွင်း ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း။

တက္ကသိုလ်များသည် ခန့်ညားထယ်ဝါမှု၊ ဂုဏ်သိက္ခာအဆင့်တစ်ခုရှိရန် လိုအပ် သည်နှင့်အညီ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးကို တာဝန် ရှိသူအသီးသီးက အလေးထား ထိန်းသိမ်းစောင့်ရှောက်ပေးရမည် ဖြစ်သကဲ့သို့ တက္ကသိုလ်အင်္ဂါရပ်များ တတ်နိုင်သမျှ ပြည့်စုံအောင် ဖြည့်ဆည်းပေးရမည်ဖြစ်ပါ ကြောင်း၊ ခေတ်မီပြီးထိရောက်သည့်သင်ယူမှု ဝန်းကျင်ကောင်းများဖန်တီးပေးရန် အ တွက် လိုအပ်သည့်သင်ကြားရေး အဆောက်အအုံများ၊ စာကြည့်တိုက်များ၊ သုတေသန စင်တာများ ပြည့်စုံစေရမည်ဖြစ်ပါကြောင်း။

တက္ကသိုလ်များအနေဖြင့် နိုင်ငံတော်စီးပွားရေးလိုအပ်ချက်နှင့် ကိုက်ညီမယ့် ခေတ်မီသင်ရိုးညွှန်းတမ်းများကို သင်ကြားရာတွင် လက်ရှိဖွင့်လှစ်ပို့ချလျက်ရှိသည့် ဘာသာရပ်သင်တန်းများကို ပြန်လည်သုံးသပ်မွမ်းမံခြင်း၊ ဈေးကွက်လိုအပ်ချက် တောင်းဆိုမှုများပြားသည့် ဘာသာရပ်သင်တန်းအသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ကို သုံးသပ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

အဆင့်မြင့်ပညာရေးကဏ္ဍအနေဖြင့် ဘာသာရပ်ကျွမ်းကျင်မှုရှိအောင် သင်ကြား ပေးသည့်အပြင် လူမှုအသိုက်အဝန်း တိုးတက်မြင့်မားမှုကို အထောက်အကူပြုစေရေး အတွက်ကိုပါ အလေးထား လေ့ကျင့်သင်ကြားပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများစွာထဲတွင် ပညာ ရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုသည် အလွန်အရေးကြီးပါကြောင်း၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏အနာဂတ်အတွက် အကောင်းဆုံးအကျိုးရလဒ်များကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့် ခွဲဝေပေးလျက် ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန အပါအဝင် ပညာရေးနှင့်ဆက်စပ်နေသည့် ဝန်ကြီးဌာနများအတွက် ပညာရေးအသုံးစရိတ် စုစု ပေါင်း ၃၁၄၆ ဒသမ ၁၄၉ ဘီလီယံခွင့်ပြုထားပါကြောင်း၊ အဆိုပါခွင့်ပြုပေးထားသည့် ပညာရေးအသုံးစရိတ်သည် ပြည်ထောင်စုအသုံးစရိတ်၏ ၉ ဒသမ ၄၈ ရာခိုင်နှုန်းနှင့် ဂျီဒီပီ၏ ၂ ဒသမ ၁၈ ရာခိုင်နှုန်းရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ယူခဲ့သည့် ၂ နှစ်တာကာ လအတွင်း ပညာရေးအတွက်ထင်ရှားသည့်ချီးမြှင့်မှု၊ ပံ့ပိုးမှုအချို့ကို ဖော်ပြရမည်ဆို ပါက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကစတင်ပြီး သင်ကြားရေးဆရာ ဆရာမများကို ပညာအရည်အချင်းအလိုက် ချီးမြှင့်ငွေများပေးအပ်ခဲ့ရာတွင် ပါရဂူဘွဲ့အတွက် သုံး သောင်းကျပ်နှုန်း၊ မဟာဘွဲ့အတွက် နှစ်သောင်းငါးထောင်ကျပ်နှုန်းဖြင့် ဘွဲ့လွန် ဒီပလိုမာအတွက် တစ်သောင်းကျပ်နှုန်းဖြင့် လစဉ်ချီးမြှင့်ပေးအပ်လျက်ရှိပါကြောင်း။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က စတင်ပြီး အုပ်ချုပ်မှုစရိတ်အဖြစ် တက္ကသိုလ် ပါမောက္ခချုပ်၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် မူလတန်း၊ အလယ် တန်း၊ အထက်တန်းကျောင်းအုပ်ကြီးများအား ကနဦးလစာ၏ ၁၀ ရာခိုင်နှုန်းကို လစဉ်ထပ်ဆောင်း ချီးမြှင့်ပေးအပ်လျက် ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး တိုင်းရင်းသား နေ့စားလပေး သင်ကြားရေးအထောက်အကူပြု ဆရာ (Teaching Assistant) များကို မူလက တစ်လလျှင် ကိုးသောင်းခြောက်ထောင်ကျပ်မှ တစ်သိန်း သုံးသောင်းကျပ်ကိုလည်းကောင်း၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ (Language Teacher)များကို ပုတ်ပြတ်တစ်လလျှင် သုံးသောင်းကျပ်နှုန်းမှ ခြောက် သောင်းကျပ်ကိုလည်းကောင်း တိုးမြှင့်ပြီးလစဉ်ချီးမြှင့်ပေးအပ်လျက်ရှိပါကြောင်း။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လကစတင်ပြီး အိမ်ငှားစရိတ်အဖြစ် လူပျို၊ အပျိုများအတွက် မူရင်းလစာ၏ ၄ ရာခိုင်နှုန်းနှင့် အိမ်ထောင်သည်များအတွက် မူရင်းလစာ၏ ၈ ရာခိုင် နှုန်းကို လစဉ်ထောက်ပံ့လျက်ရှိပါကြောင်း၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ဝတ်စုံစရိတ်အဖြစ် ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက် တစ်ဦးလျှင်သုံးသောင်းကျပ် ထောက်ပံ့ လျက်ရှိပါကြောင်း။

ထို့ပြင် ထိရောက်သည့် သင်ကြားသင်ယူမှုမြှင့်တင်နိုင်ဖို့အတွက် ဆရာကျောင်း သားအချိုးမျှတရန်လိုအပ်သည်နှင့်အညီ ပညာရေးဝန်ကြီးဌာနတွင် ဆရာဆရာမ အသစ်များကိုခန့်ထားပေးခဲ့ရာ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမပေါင်း ၁၃၉၀၃ ဦး၊ တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ၅၈၉၉ ဦးနှင့် ပညာရေးဒီဂရီ ကောလိပ် နည်းပြ၊ သရုပ်ပြ ၃၃၃ ဦးတို့ကို ခန့်အပ်ပေးခဲ့ပါကြောင်း၊ အခြားဝန်ကြီးဌာန များက ကျောင်းအသီးသီးတွင်လည်း ဆရာ၊ ဆရာမ ၇၅၃၇ ဦးကိုခန့်အပ်ခဲ့ပါကြောင်း။ ယခင်က ပညာရေးတက္ကသိုလ် နှစ်ခုမှာသာဖွင့်လှစ်ခဲ့သည့် ဘီအီးဒီ (စာပေးစာယူ) ဘွဲ့သင်တန်းကို ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းမှာ တစ်နှစ်လျှင် နှစ်သုတ်နှုန်း ဖြင့် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါတယ်။

အရည်အသွေးရှိသည့် ပညာရေးကို သင်ကြားနိုင်ခွင့်ရရှိရန်နှင့် သင်ကြား သင်ယူမှုဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန်အတွက် အခြေခံပညာကဏ္ဍတွင် စာသင်ဆောင်အသစ် ၅၈၃၅ ဆောင်၊ စာကြည့်တိုက် ၁၂၅ ဆောင်၊ အဆင့်မြင့် ပညာကဏ္ဍ တက္ကသိုလ်များမှာ စာသင်ဆောင်အသစ် ၂၁ ဆောင်၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင် ၂၂ ဆောင်၊ ဆရာ ဆရာမအဆောင် ၃ ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ ၃ ခု၊ သုတေသနစင်တာ ၅ ခု၊ စာကြည့်တိုက် ၃ ခု၊ အားကစားရုံ ၁ ရုံနဲ့ ပညာရေးဒီဂရီကောလိပ်များမှာ စာသင်ဆောင်အသစ် ၂၃ ဆောင်၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင် ၄၀ ၊ ဝန်ထမ်းအိမ်ရာ ၂၇ ခု၊ စာကြည့်တိုက် ၁ ခု၊ အားကစားရုံ ၂ ရုံတို့ဆောက်လုပ်ပေးခဲ့သည့်အပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကျောင်းတိုင်းတွင် သင်ထောက်ကူ ပစ္စည်း၊ စက်ပစ္စည်း၊ ပရိဘောဂ၊ ဓာတ်ခွဲခန်းသုံးပစ္စည်း၊ ရည်ညွှန်း စာအုပ်များကို ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ အခြားဝန်ကြီးဌာနများမှ ကျောင်းအသီးသီး တွင် အဆောက်အဦ ၁၄၈ လုံးဆောက်လုပ်ပေးနိုင်ခဲ့ပါကြောင်း။

နိုင်ငံတော်အနေဖြင့် ပညာရေးအသုံးစရိတ်များ နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးပြီး ပညာ ရေးကဏ္ဍ မြင့်မားစေရန် အဖက်ဖက်မှပံ့ပိုးပေးလျက်ရှိသကဲ့သို့ ပညာရေးဝန်ထမ်း များကလည်း မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်း လိုပါကြောင်း။

ယနေ့ကျင်းပသည့် ပညာရေးညီလာခံမှ ပညာရေးတန်းစဉ် ကူးပြောင်းမှုနည်း ပါးခြင်းကို ကုစားနိုင်မည့်နည်းလမ်းများရှာဖွေရေး၊ ကျောင်းတက်သူဦးရေ တိုးတက် လာစေမည့် နည်းလမ်းများရှာဖွေရေး၊ KG+9ပညာရေးကို အမျိုးသားရေးကိစ္စတစ်ရပ် အဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးဆောင်ရွက်ရေး၊ အသက်မွေးဝမ်းကျောင်း အခြေခံရရှိရေးအတွက်  KG+10, 11, 12 တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနည်း ပညာရပ်များသင်ကြားရေး၊ လုပ်ငန်းခွင်လက်တွေ့အသုံးကျမယ့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် စက်မှုသိပ္ပံပညာရပ်များ ထိရောက်စွာသင်ကြားပြီး လူ့စွမ်းအားအရင်းအမြစ် များ မွေးထုတ်ရေး၊ အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှု အသိုက်အဝန်းကိုပါ အထောက်အက ပြုစေမည့်ပတ်ဝန်းကျင်နှင့်သင်ကြားရေး၊ ဝိဇ္ဇာ-သိပ္ပံ ပညာရှင်များ၊ နည်းပညာရှင်များ မွေးထုတ်ရေးနှင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များရှိရန် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်း ဆွေးနွေး ဖော်ထုတ်ပြီး တိုင်းကျိုးပြည်ပြုရှေ့လုပ်ငန်းစဉ် ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့်နည်းပညာများနှင့်အတူ တိုးတက်ပြောင်းလဲ လာသည့် ကမ္ဘာကြီးကိုလက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရာတွင် လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ် စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ ဥပဒေကို သိရှိလေးစားလိုက်နာတတ်ရန်နှင့် သိက္ခာရှိစွာ ပြုမူနေထိုင်တတ်အောင်လည်း လမ်းပြ သွန်သင်ပေးသွားကြရမည်ဖြစ်ပါကြောင်း၊ နောင်လာနောက်သား မျိုးဆက်သစ်များ၏ အနာဂတ်ကို ပုံဖော်ရာတွင် စာသင်ကျောင်းများ၊ သင်ရိုးညွှန်းတမ်း အရည်အသွေးများ၊ ဆရာဆရာမများ၏ ဘာသာရပ်တတ်ကျွမ်းမှုများ၊ သင်ကြားရေးကျွမ်းကျင်မှုများ၊ နာ သုံးနာနှင့် ပြည့်ဝသည့် ဆရာ့ဂုဏ်နှင့် အသက်မွေးဝမ်းကြောင်းပြုသည့် အလုပ်အပေါ် ထားရှိသည့် သဘောထား များနှင့်တန်ဖိုးထားမှုများက အရေးပါနေမည်ပင်ဖြစ်ပါ ကြောင်း။

ထို့ကြောင့် ယခုကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၃) တွင် ဝန်ကြီးဌာနပေါင်းစုံမှ ပညာရှင်များက အနာဂတ်မြန်မာ့ပညာရေး ပိုမိုကောင်းမွန် စေရေးအတွက် ရှုထောင့်စုံမှရင်းနှီးပွင့်လင်းစွာ  သုံးသပ်ဆွေးနွေးနိုင်ကြပါစေကြောင်း၊ ပညာရေးညီလာခံကြီးတွင် တက်ကြွစွာဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ် ရလဒ်ကောင်း များစွာဖော်ထုတ်နိုင်ပါစေကြောင်း၊ ပညာရေးမိသားစုများနှင့် နိုင်ငံသားများအားလုံး၏ စုပေါင်းစွမ်းပကားနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားသည်ထက် မြင့်မားရ လေအောင် ဆောင်ကြဉ်းနိုင်ကြပါစေကြောင်း၊ ပညာတတ်သည့် မျိုးဆက်များနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် ကျောင်းသား ကျောင်းသူလေးများနှင့် အနုပညာဦးစီးဌာနမှ အနု ပညာရှင်များက “လူငယ်ပွဲတော်သီချင်း”နှင့် “ပုလဲဒေဝီ ယိမ်းအက”တို့ဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာ နိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) အထိမ်းအမှတ်လက်ဆောင်ကို ပေးအပ် သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်  ဧည့်သည်တော် များသည်   အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ခန်းမအတွင်း၌ ပညာရေးနှင့် ဆက်နွယ်သည့် ဝန်ကြီးဌာန ၁၁ ခုမှ ခင်းကျင်းပြသထားသည့် ပြခန်းများကို စိတ်ပါဝင်စားစွာလှည့်လည် ကြည့်ရှုအားပေး ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညပိုင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) ဖွင့်ပွဲ အထိမ်းအမှတ် အညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ပညာရေးနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနအားလုံး ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပသည့်မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃)ကို မေ ၁၈ ရက် မှ ၂၀ ရက်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။