ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၌ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ အကြမ်းဖက်ဖောက်ခွဲရေးသမား ၅ ဦးအား လက်လုပ်မိုင်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

 ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၌ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ အကြမ်းဖက်ဖောက်ခွဲရေးသမား ၅ ဦးအား လက်လုပ်မိုင်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၁၁         

ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၌ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ အကြမ်းဖက်ဖောက်ခွဲရေးသမား  ၅ ဦးအား လက်လုပ်မိုင်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ မွန်စံပြ(၄)လမ်းထိပ်ရှိ အပျိုကြီး လက်ဖက်ရည် ဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ လက်ဖက်ရည်ဆိုင်တွင် မွန်စံပြ(၇)လမ်း၊ ဟင်္သာကုန်းရပ်ကွက်နေ ရာအိမ်မှူး ဦးသောင်းငွေ(ခ) သကြားလုံး(၆၂)နှစ် (ဘ)ဦးကလွေပါ အမျိုးသား ၅ ဦးတို့မှာ လက်ဖက်ရည် ထိုင်သောက်နေစဉ် ဆိုင်ကယ် စီးနင်းလာသည့် အကြမ်းဖက်သူအမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်အတွင်းသို့ သေနတ်ဖြင့် ၅ ချက် ပစ်ခတ်မောင်းနှင်ထွက်ပြေးသွားသဖြင့် ဦးသောင်းငွေ(ခ) သကြားလုံးတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး တစ်ရပ်ကွက် တည်းနေ ဦးထွန်းထွန်းဦး(၄၉)နှစ် (ဘ)ဦးချစ်သောင်းတွင် ဝမ်းဗိုက်၊ ယာလက်မောင်း၊ ယာနံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးဌေးကျော် (၄၈)နှစ် (ဘ)ဦးဘကြိုင်တွင် ဝဲဘက်နားအနောက်ဘက် ကျည်ရှပ်ထိဒဏ်ရာ၊ ဦးအောင်ထွန်း(ခ)ဦးထွန်း (၇၂)နှစ် (ဘ)ဦးနိုင်အောင်ထွန်းတွင် ယာပုခုံး ကျည်ဖောက်ဝင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဆေးဝါး ကုသနိုင်ရေး ပဲခူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဦးထွန်းထွန်းဦးမှာ ထပ်မံသေဆုံးသွားခဲ့ပါသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသူများအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းလျက်ရှိစဉ် တာဝန်သိပြည်သူများက ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ အောက်စုပိုင်း ရပ်ကွက်၊ ကျိုက္ကစင်လယ်ကွင်း၌ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ကိုင်သူများ ရောက်ရှိနေကြောင်း သတင်းပေးပို့မှုအရ ဇူလိုင် ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျိုက္ကစင်လယ်ကွင်း အတွင်းမှ  နေအောင်(၂၅)နှစ် (ဘ)ဦးသိန်းနိုင် ပိုင်ဆိုင်သည့် လယ်တဲအတွင်းမှ နေအောင်နှင့် အောင်အောင်တို့ ၂ ဦးအား ဂျင်ကလိ ၈ ချောင်း၊ ဒူးလေး ၁ လက်၊ ဖုန်းဓါတ်ခဲ ၁ ခု၊ လက်လုပ်မိုင်း ၁ လုံး၊ ပြုလုပ်ဆဲလက်လုပ်မိုင်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ အဆိုပါ လယ်တဲအနီးတွင် အပြာရောင်မိုးကာစအုပ်ထား သည်ကို တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ အဆိုပါမိုးကာအောက်ရှိ မြေကြီးထဲ၌မြှုပ်ထားသော အဝါရောင်ကော်ပုံးအတွင်းမှ ဝါယာကြိုးတပ်ဆင်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ ယမ်းကြိုး တပ်ဆင်ထားသည့် လက်လုပ်မိုင်း ၁၃ လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး အနီးတွင်ရှိနေသော ကမာနတ်ကျေးရွာနေ စနေ(၂၃)နှစ်၊ (ဘ)ဦးတင်စိုး၊ သန်းထိုက်နှင့် ကြည်စိုးတို့ ၃ ဦးအား တွေ့ရှိရ သဖြင့် ထိန်းသိမ်းဖမ်းဆီးခဲ့ပါသည်။

အထက်ပါဖြစ်စဉ်တွင် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့သည့် အကြမ်းဖက်ဖောက်ခွဲရေးသမားများအား  ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။