ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ အမှုဖြင့်အလိုရှိသူအား သွားရောက်ဖမ်းဆီးစဉ် လူအုပ်စုက အကြမ်းဖက်ရန်ပြုလာသဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲ

 ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ အမှုဖြင့်အလိုရှိသူအား သွားရောက်ဖမ်းဆီးစဉ် လူအုပ်စုက အကြမ်းဖက်ရန်ပြုလာသဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲ

နေပြည်တော်၊ မတ်လ ၁၂ ရက်
    
၂၀၂၁ ခုနှစ်၊ မတ်လ ၁၂ ရက် နံနက် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြသီတာရပ်ကွက် ၌(အဆိုပါရပ်ကွက်နေ အမှုဖြင့်အလိုရှိနေသူတစ်ဦး) ရောက်ရှိနေကြောင်းသတင်းအရ သက်သေ များနှင့်အတူ ရှာဖွေဖမ်းဆီးရန်သွားရောက်စဉ် ၎င်းရပ်ကွက်ဈေးလမ်းထိပ်၌ တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်ထားသူ လူအုပ်စုအင်အား(၁၅၀)ဦးခန့်က သံတံခါးအတားအဆီးဖြင့် ပိတ်ဆို့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးဂွ၊ ခဲများဖြင့် ပစ်ခတ်ရန်ပြုခဲ့ကြပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက သံတံခါးအတားအဆီးအားဖွင့်၍ အမှုဖြင့်အလိုရှိနေသူ ခိုအောင်းနေသည့် နေအိမ်သို့ သွားရောက်ရှာဖွေရန်ဆောင်ရွက်စဉ် တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားသူများက ခရာမှုတ်၍ ရှေ့သို့တိုးကာ အော်ဟစ်ဆဲဆိုပြီး လေးဂွ၊ ခဲများဖြင့် အဆက်မပြတ် ထပ်မံပစ်ခတ်အကြမ်းဖက်ရန်ပြုကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတိပေး ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်ရန်ပြုသူလူအုပ်စုထဲမှ အဆိုပါရပ်ကွက်နေ ဇော်မင်းထွန်း (၄၂)နှစ်မှာ ဝမ်းဗိုက်ထိမှန်ဒဏ်ရာရှိခဲ့ရာမှ သေဆုံးသွားခဲ့သည်ဟု သတင်းရရှိပါသည်။