အင်းတော်မြို့နယ်၊ မန္တလေး- မြစ်ကြီးနားသွား မီးရထားလမ်း၊ မိုင်တိုင်အမှတ်၊ ၅၇၁ မိုင်၂ ဖာလုံရှိ သဲချောင်းကုန်းတံတားအား သောင်းကျန်းသူ(စိစစ်ဆဲ)အကြမ်းဖက်အဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

 အင်းတော်မြို့နယ်၊ မန္တလေး- မြစ်ကြီးနားသွား မီးရထားလမ်း၊ မိုင်တိုင်အမှတ်၊ ၅၇၁ မိုင်၂ ဖာလုံရှိ သဲချောင်းကုန်းတံတားအား သောင်းကျန်းသူ(စိစစ်ဆဲ)အကြမ်းဖက်အဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ မတ် - ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ရှိ မန္တလေး- မြစ်ကြီးနားသွား  မီးရထားလမ်း မိုင်တိုင်အမှတ်၊ ၅၇၁ မိုင် ၂ ဖာလုံရှိ သဲချောင်းကုန်းတံတား၊ တံတား အမှတ်(၄၀၅)အား မတ် ၁၂ ရက် ည ၁၂ နာရီခန့်တွင် သောင်းကျန်းသူ(စိစစ်ဆဲ) အကြမ်းဖက်အဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် မီးရထားလမ်း ဇလီဖားတုံး  ၄ တုံး မီးလောင် ပျက်ဆီးခဲ့ပြီး ရေလယ်တိုင်အုတ်ခုံ၏ ထိပ်ပိုင်းပြိုကျပျက်ဆီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းစဉ် ဆိုင်ကယ်ဘတ္ထီအိုး တစ်လုံးအား ဝါယာကြိုးဖြင့်တွဲလျက် အနက်ရောင်ဘူးအား တိပ်အဝါဖြင့်ပတ်ထားပြီး တံတားရေလယ်တိုင်နှင့် ဆက်သွယ်ထားသည်ကို စစ်ဆေးတွေ့ရှိရသည်။ အဆိုပါတံတားအား  သက်ဆိုင်ရာမှ အမြန်ဆုံးပြင်ဆင်ပြီး ပုံမှန်အတိုင်းသွားလာနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့သည် အများပြည်သူ ထိတ်လန့်တုံလှုပ်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံsရေးလုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။