ကချင်ပြည်နယ်(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး(ပြည်နယ်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

ကချင်ပြည်နယ်(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး(ပြည်နယ်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၂

ကချင်ပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ပြည်နယ်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမ၌ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ပြည်နယ်အဆင့်)ပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းနိုင်က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲအမျိုးအစားအလိုက် ယှဉ်ပြိုင်မှုများကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။