ကစားသမားဘဝကနေ အနားယူပြီး ရန်ကုန်ယူနိုက်တက်အသင်း လူငယ်နည်းပြအဖြစ် ဆောင်ရွက်မည့် စိုးမင်းနိုင်

ဘောလုံးကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်သော   ရန်ကုန်ယူနိုက်တက် အသင်း   ကစားသမား  စိုးမင်းနိုင်သည် လူငယ်အသင်း နည်းပြအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော့်အတွက်    ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ရတာပါ။ ကျွန်တော် ဆက်ပြီး ဘောလုံးကစားနိုင်သေးတယ်။     ပရိသတ်တွေကလည်း ကျွန်တော့်ကို ကစားသမားဘဝနဲ့ပဲ မြင်ချင်သေးတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ COVID-19 ရောဂါအခြေအနေကြောင့်  ဘဝအတွက်    ရေရှည်ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရတာဖြစ်ပါတယ်''ဟု စိုးမင်းနိုင်ကပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် စိုးမင်းနိုင်၏ စာချုပ်သက်တမ်းသည် ယခုလကုန် တွင် ကုန်ဆုံးမည်ဖြစ်၍ ရန်ကုန်ယူနိုက်တက်  ယူ-၁၉ အသင်း၏ လက်ထောက်နည်းပြအဖြစ်   နည်းပြချုပ်  ဦးအေးနိုင်နှင့် အတူ လက်တွဲဆောင်ရွက်မည်ဖြစ်သည်။

တိုက်စစ်မှူးစိုးမင်းနိုင်သည်  ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ မကွေးအသင်း တွင် ကစားခဲ့ပြီး ၂ဝ၁၅ ခုနှစ်က မကွေးအသင်းနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။ 

ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းသို့  ပြောင်းရွှေ့လာပြီး   အသင်းနှင့်အတူ ချန်ပီယံဆု  လေးကြိမ်ရရှိခဲ့ကြောင်း  သိရသည်။