ကနေဒါက မန်ဝမ်ကျိုးကိုပြန်လွှတ်ပေးပြီးနောက် တရုတ်က ကနေဒါနိုင်ငံသားများကိုပြန်လွှတ်ပေး

ပေကျင်း၊ ဆက်ဆံရေး

ကနေဒါက မန်ဝမ်ကျိုးကိုပြန်လွှတ်ပေးပြီးနောက် တရုတ်က ကနေဒါနိုင်ငံသားများကိုပြန်လွှတ်ပေး

အမေရိကန်၊ တရုတ်နှင့် ကနေဒါနိုင်ငံတို့ကြား သံတမန်ရေးရာတင်းမာမှုတစ်ခုကိုဖြေရှင်းနိုင်ပြီးနောက် ကနေဒါက ဖမ်းဆီးထားသည့် တရုတ်နိုင်ငံမှ ဟွားဝေကုမ္ပဏီဘဏ္ဍာရေးမှူး မန်ဝမ်ကျိုးကို ပြန်လွှတ်ပေးလိုက်သည်။

မန်ဝမ်ကျိုးအနေဖြင့် တရုတ်နိုင်ငံသို့ပြန်ရောက်လာပြီးနောက် တရုတ်အစိုးရကလည်း ၎င်းတို့ဖမ်းဆီးထားသည့် ကနေဒါနိုင်ငံသား နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်းသိရသည်။

မန်ဝမ်ကျိုးသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့၌အဖမ်းခံရခြင်းဖြစ်ပြီး နေအိမ်အကျယ်ချုပ်ဖြင့် သုံးနှစ်နီးပါး ကြာနေခဲ့ရသည်။ ကနေဒါအစိုးရသည် မန်ဝမ်ကျိုးကို အမေရိကန်အစိုးရ၏တောင်းဆိုမှုကြောင့် ဖမ်းဆီးခြင်းဖြစ်သည်။

အလားတူ ကနေဒါတွင် မန်ဝမ်ကျိုးအဖမ်းခံရပြီးနောက် တရုတ်အစိုးရကလည်း နိုင်ငံအတွင်းရှိ ကနေဒါနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၄ ရက်တွင်မူ မန်ဝမ်ကျိုးသည် ၎င်းင်းအပေါ်   စွဲဆိုထားသည့် ပြစ်မှုများနှင့်ပတ်သက်၍ အမေရိကန်တာဝန် ရှိသူများနှင့် သဘောတူညီချက်အချို့ရရှိပြီးနောက် ကနေဒါအစိုးရက မန်ဝမ်ကျိုးကို ပြန်လွှတ်ပေးလိုက်သည်။

ယခုအခါ တရုတ်အစိုးရကလွှတ်ပေးလိုက်သော ကနေဒါနိုင်ငံသားနှစ်ဦးသည် အိမ်ပြန်လမ်းပေါ်ရောက်ရှိနေပြီဖြစ်ကြောင်း ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက စက်တင်ဘာ ၂၅ ရက်တွင် ပြောသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကမူ ကနေဒါနိုင်ငံသား နှစ်ဦးကို လွှတ်ပေးလိုက်သည့် တရုတ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းပြောသည်။

Ref: Bangkok Post