ကပ်ရောဂါဖြစ်နေတဲ့ကမ္ဘာကြီးမှာ ဆက်လက်ရှင်သန်ရပ်တည်နိုင်စေဖို့ (၃)

ကပ်ရောဂါဖြစ်နေတဲ့ကမ္ဘာကြီးမှာ ဆက်လက်ရှင်သန်ရပ်တည်နိုင်စေဖို့ (၃)

လူသားတွေအနေနဲ့ ဒီကနေ့လိုကပ်ဘေး ကြီးကိုရင်ဆိုင်နေရချိန်မှာ ဒီကပ်ဘေးကြီး ပြီးသွားရင် ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်စွာ   ဆက်လက်နေထိုင်သွားနိုင်ရေးအတွက် ကျွန်တော့်အနေနဲ့တင်ပြလာတာဟာ အခုဆိုရင် အပိုင်း(၃)ကို ရောက်ရှိလာပါပြီ။အပိုင်း (၁) မှာ လူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မခံရစေဖို့ မိမိကစကာကွယ်ရေးက အရေးကြီးတယ်ဆိုတဲ့အကြောင်း၊ ဒီလိုကာကွယ်ရာမှာလည်း အခြေခံအကျဆုံးဖြစ်တဲ့နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းစတဲ့အချက်တွေကို လုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။

အပိုင်း(၂)မှာကျတော့ရောဂါကူးစက်မှုကနေကာကွယ်ရေးအတွက် အရေးအကြီးဆုံးဖြစ်တဲ့   နှာခေါင်းစည်းတပ်ခြင်းနဲ့ ဘယ်လိုနှာခေါင်းစည်းက ဘယ်လောက် ကာကွယ်မှုရှိတယ်ဆိုတဲ့အကြောင်း၊ တကယ်လို့ကိုယ်ကဆင်ခြင်ပါလျက်နဲ့ ရောဂါကူးစက်ခံရပြီဆိုရင်လည်း ရောဂါလက္ခဏာတွေကိုသိထားသင့်တဲ့အကြောင်း၊  နောက်ဆုံးတစ်ခုက  ဘယ်လိုအချိန်တွေမှာ    ရောဂါစစ်ဆေးမှုတွေကိုလုပ်ရမယ်ဆိုတဲ့အကြောင်း တင်ပြခဲ့ပြီးပါပြီ။

အခုတင်ပြမယ့်  အပိုင်း(၃)မှာတော့စစ်ဆေးမှုရလဒ်အပေါ်မူတည်ပြီး ဘာတွေဆက်လုပ်ရမယ်။ ကိုယ့်မှာရောဂါပိုးရှိရင် လည်း အဲဒါကတခြားသူကိုဘယ်လောက်အထိကူးစက်စေတယ် စတဲ့အကြောင်းအရာတွေကို တင်ပြသွားမှာဖြစ်ပါတယ်။ကိုယ့်မှာ ကိုဗစ်-၁၉ ရောဂါရှိနေပြီလား၊ ဖြစ်နေပြီလားဆိုတာကို ရောဂါလက္ခဏာတွေကြည့်ရုံနဲ့ အတပ်မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့   သူ့ရဲ့ရောဂါလက္ခဏာအများစုက   ရာသီတုပ်ကွေးရောဂါနဲ့လည်း ခပ်ဆင်ဆင်တူနေတဲ့အတွက်ပါ။

ဒါဆိုရင် ကိုယ့်မှာ ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိဆိုတာ ဆေးစစ်ကြည့်မှပဲသိရပါလိမ့်မယ်။ ဆေးစစ်တဲ့အခါမှာလည်း တိကျတဲ့အဖြေထွက်ဖို့လိုအပ်ပါတယ်။ဒီကနေ့ ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိဆေးစစ်မှုတွေအတွက် စံချိန်မီတဲ့စစ်ဆေးမှုနည်းလမ်းကတော့ PCR  နည်းစနစ်နဲ့စစ် တာပါ။    လတ်တလောထွက်ရှိနေတဲ့ ကိုယ်တိုင်အသုံးပြုလို့ရတဲ့ ကိရိယာလေးတွေလည်းရှိပါတယ်။  သူကတော့ အဖြေ တိကျမှုအားနည်းပါတယ်။ဆေးစစ်တဲ့အခါမှာလည်း နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကိုယူပြီး ရောဂါပိုးရှိ၊ မရှိစစ်ဆေးတာဖြစ်ပါတယ်။ ကိုယ်တိုင်လုပ်တာထက် ကျွမ်းကျင်သူနဲ့လုပ်ရင်တော့ ပိုပြီးစိတ်ချရပါတယ်။

တကယ်လို့များ ဆေးစစ်ချက်ရလဒ်က ကိုယ့်မှာရောဂါပိုးရှိနေတယ်လို့ညွှန်ပြရင်တော့ ကုသမှုကိုစနစ်တကျခံယူပါ။ ကိုယ့်ကြောင့် သူတစ်ပါးကိုဆက်လက်မကူးစက်စေဖို့သတိပြုပါ။အကယ်၍ ကိုယ်ကရောဂါပိုးရှိတဲ့သူနဲ့ထိတွေ့ထားတယ်။ လူစုလူဝေးရှိတဲ့နေရာကိုသွားလာထားတယ်။    ဒါတောင်မှ ဆေးစစ်ချက်ရလဒ်က ကိုယ့်မှာရောဂါပိုးမရှိဘူးလို့ပြနေရင် သိပ်တော့ဝမ်းသာမစောစေချင်ပါဘူး။

တစ်ခါတလေ ကိုယ်ကရောဂါပိုးကူးစက်ခံထားရပေမယ့်  နှစ်ပတ်လောက်နေမှရောဂါပိုးထွက်ပေါ်လာတာတွေကိုလည်း တွေ့ရှိနေရလို့ပါ။ဒါကြောင့်   ကိုယ်ကရောဂါပိုးရှိသူနဲ့ထိတွေ့ပြီး   တစ်ရက်၊ နှစ်ရက်အတွင်း ဆေးစစ်ချိန်မှာ ရောဂါပိုးမရှိဘူးလို့အဖြေထွက်ပေမယ့် သီတင်းပတ်တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ကြာတဲ့အချိန်ပြန်စစ်ဆေးကြည့်ရင် ရောဂါပိုးရှိကြောင်း အဖြေထွက်နိုင်ပါတယ်။ဒီအတွက်ကြောင့် ကွာရန်တင်းဝင်တာတို့၊ သီးသန့်ခွဲနေပြီးစောင့်ကြည့်တာတို့ စတာတွေကို   လုပ်ဆောင်နေရတာပါ။ အဲဒီလိုကာလတွေမှာလည်း ဆေးစစ်မှုတွေကိုလုပ်နေရပါမယ်။ အကောင်းဆုံးကတော့ ကိုယ့်မှာရောဂါပိုးအရှင်းပျောက်တဲ့အထိကုသမှုခံယူခြင်းပါပဲ။

ရောဂါပိုးဟာ ခန္ဓာကိုယ်ထဲဝင်သွားပြီဆိုတာနဲ့ ကူးစက်မှုကိုချက်ချင်းဖြစ်စေတာမဟုတ်ပါဘူး။ အချိန်အားဖြင့် နှစ်ရက်၊ သုံးရက်ကြာတတ်ပါတယ်။ဆိုလိုတာက သာမန်အားဖြင့် ကိုယ့်မှာရောဂါလက္ခဏာပြပြီဆိုရင်    လွန်ခဲ့တဲ့နှစ်ရက်၊   သုံးရက်လောက်ကတည်းက ကိုယ့်ခန္ဓာကိုယ်ထဲမှာရောဂါပိုးဝင်ရောက်ထားပြီးပြီဆိုတာကို သိထားရပါမယ်။ကိုယ့်ခန္ဓာကိုယ်ထဲမှာရှိတဲ့   ရောဂါပိုးအကောင်ရေပမာဏက ကိုယ်ဟာသူတစ်ပါးကို  ဘယ်လောက်အထိကူးစက်နိုင်စေတယ်ဆိုတာ တိုက်ရိုက်ရည်ညွှန်းခြင်းမရှိပါဘူး။ ဒါပေမဲ့လည်း ရောဂါပိုးက ကိုယ့်ကိုကြားခံအနေနဲ့သုံးပြီး သူတစ်ပါးကို ထပ်မံကူးစက်စေတယ်ဆိုတာကိုတော့ သိထားရပါမယ်။

တချို့သုတေသနတွေရဲ့တွေ့ရှိချက်အရဆိုရင် ကိုယ်ကရောဂါပိုးကူးစက်ခံထားရပြီး ရောဂါလက္ခဏာမပြသေးပေမယ့် ကိုယ့်ကိုခုတုံးလုပ်ပြီး   ထွက်သွားတဲ့ရောဂါပိုးက တခြားသူဆီသွားရောက်ကူးစက်နေတတ်တယ်ဆိုတာသိရပါတယ်။အထူးသဖြင့်တော့ ရောဂါလက္ခဏာမပြမီ ၄၈ နာရီအတွင်း ကိုယ့်ဆီမှာရှိတဲ့ရောဂါပိုးက သူတစ်ပါးဆီရောက်သွားတတ်ပါတယ်။ အဖြစ်များတာကတော့  ကိုယ့်မှာရောဂါလက္ခဏာပြပြီး ၁၀ ရက်အတွင်း သူတစ်ပါးကိုကူးစက်စေခြင်းပါပဲ။ဒါကြောင့်လည်း   ကိုယ့်မှာရောဂါလက္ခဏာပြပြီဆိုရင် တခြားသူတွေဆီကိုဆက်ပြီးမကူးစက်စေဖို့ တစ်ယောက်တည်း သီးသန့်ခွဲနေတာအကောင်းဆုံးဖြစ်တယ်လို့ ပညာရှင်တွေကပြောထားတာပါ။

ဒီအတွက်ကြောင့် ကိုယ့်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီ၊ ရောဂါလက္ခဏာပြနေပြီဆိုရင်   အနည်းဆုံး  ၁၀  ရက်အထိတစ်ယောက်တည်းနေခြင်းက ကိုယ့်ကြောင့်သူတစ်ပါးကိုကူးစက်စေခြင်းကို တားဆီးကာကွယ်နိုင်ပါလိမ့်မယ်။ကိုဗစ်-၁၉ ရောဂါဟာ ဘယ်သူတွေကိုကူးစက်စေနိုင်လဲဆိုတော့     အသက်ကြီးငယ်မဟူ လူတန်းစားမခွဲခြားဘဲ အားလုံး ကိုကူးစက်စေနိုင်ပါတယ်။ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်တော့ ခံစားရတဲ့ရောဂါပြင်းထန်မှုအတိမ်အနက်မတူကြပါဘူး။ အများအားဖြင့် သက်ကြီးရွယ်အိုတွေမှာ ရောဂါပြင်းထန်လေ့ရှိပါတယ်။သက်ကြီးရွယ်အိုတွေဟာ သူတို့ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက်နေထိုင်ခဲ့ရတဲ့ပုံစံတွေကြောင့် တခြားရောဂါတွေလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

တစ်နည်းပြောရရင် သက်ကြီးရွယ်အိုတွေအများစုဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ရင် အသက်သေဆုံးတဲ့အထိ  ခံစားရတာက သူတို့မှာရောဂါစုံသွားလို့ပါ။ဒီလိုပြောလိုက်လို့ လူငယ်တွေကရော ပြင်းထန်တဲ့ဝေဒနာကိုမခံစားရဘူးလားဆိုတော့ သူတို့လည်းအလားတူခံစားရနိုင်ပါတယ်။  ဒါပေမဲ့ အင်မတန်နည်းပါတယ်။အထူးသဖြင့်တော့ ဆီးချိုရောဂါရှိတဲ့သူတွေ၊   သွေးတိုးရောဂါရှိတဲ့သူတွေဟာ ကိုဗစ်-၁၉ ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို အများဆုံးခံစားရသူတွေပါ။ဒါကြောင့် ကိုယ့်မှာဒီလိုရောဂါအခံတွေရှိနေပြီဆိုရင် ကိုဗစ်-၁၉ ရောဂါကူးစက်မခံရအောင် သူများထက်နှစ်ဆဆင်ခြင်မှ တော်ကာကျပါလိမ့်မယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပြီဆိုတာနဲ့ ကုသမှုခံယူရမယ်လို့အထက်မှာပြောခဲ့ပါတယ်။ ဘယ်လိုနည်းနဲ့ကုသမှုခံယူမလဲဆိုတာကိုဆက်ပြောပြပါမယ်။ကုသမှုခံယူတဲ့နေရာမှာ ကိုယ်က ရောဂါပြင်းထန်သူလား၊ ရောဂါမပြင်းထန်သူလားဆိုတာ ကိုယ့်ကိုယ်ကိုယ်အသိဆုံးပါ။ ကိုယ့်ထက်ပိုသိတာက ဆရာဝန်တွေပါ။ ဒီတော့ ကိုယ့်မှာရောဂါဖြစ်ပြီဆိုတာနဲ့ ဆရာဝန်နဲ့ပြသတိုင်ပင်ပါ။ ကိုယ်ကရောဂါပြင်းထန်လို့ ဆေးရုံတက်ရောက်ကုသရမယ်ဆိုရင် ဆရာဝန်ကဆေးရုံတင်ပါလိမ့်မယ်။

ရောဂါမပြင်းထန်ဘူးဆိုရင်တော့ ဆေးရုံတင်မှာမဟုတ်ဘဲ သီးခြားကုသမှုခံယူနိုင်ဖို့ လမ်းညွှန်ပါလိမ့်မယ်။ အခုအချိန် ဆေးရုံတွေမှာ ဆရာဝန်အင်အားနည်းပြီး လူနာအင်အားက အဆမတန်များနေတဲ့အတွက် တချို့လူနာတွေကို    အိမ်မှာပဲကုသဖို့ဆရာဝန်တွေကပြန်လွှတ်တာပါ။ ဒါကိုနားလည်မှုမလွဲစေချင်ပါဘူး။ကုသတဲ့ဆေးဝါးတွေကိုလည်း ဆရာဝန်ညွှန်ကြားတာကလွဲလို့ ကိုယ့်သဘောနဲ့ကိုယ်မသောက်စေချင်ပါဘူး။ ပေါ့စေချင်လို့ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုတဲ့စကားပုံအတိုင်း ဒုက္ခပိုများမှာစိုးလို့ပါ။အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါဟာ လူသားတွေဆီနေလွယ်လွယ်နဲ့ပျောက်သွားမယ့်အရာ တစ်ခုမဟုတ်ပါဘူး။ ကာကွယ်ဆေးတွေပေါ်နေတယ်ဆိုပေမယ့်လည်း    အချိန်အတိုင်းအတာတစ်ခုအထိ  လူသားတွေဆီမှာ တဝဲလည်လည်နဲ့ ကျန်ရှိနေဦးမှာပါ။နောက်ပိုင်း လူအစုလိုက်အပြုံလိုက်ကူးစက်မှုမျိုးမရှိတော့သည့်တိုင် လူသားတွေနဲ့အတူရှိနေတဲ့ရာသီတုပ်ကွေးရောဂါ လိုမျိုးဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ကကာကွယ်ဆေးထိုးခွင့်ရချိန်မှာ ကာကွယ်ဆေးထိုးပါ။ ကာကွယ်ဆေးထိုးပြီးရင်လည်း   ရောဂါကူးစက်မှုကာကွယ်ရေးလမ်းညွှန်ချက်တွေကိုလိုက်နာပါ။ ကာကွယ်ဆေးမထိုးရသေးဘူးဆိုရင်တော့   အဲဒီလမ်းညွှန်ချက်တွေကို သူများထက်နှစ်ဆပိုသတိထားပြီး   လိုက်နာမှတော်ကာကျပါလိမ့်မယ်။စည်းကမ်းလိုက်နာဘေးကင်းကွာဆိုတဲ့ ဆောင်ပုဒ်လေးတစ်ခုရှိပါတယ်။ ဘယ်လိုအခြေအနေ၊ ဘယ်လိုဖြစ်စဉ်တွေမှာမဆိုစံပြုစည်းကမ်းသတ်မှတ်ချက်တွေဆိုတာလည်းရှိပါတယ်။ဒီအတွက်ကြောင့် တတ်ကျွမ်းနားလည်တဲ့သူတွေ၊ သိတဲ့ တတ်တဲ့သူတွေထုတ်ပြန်ထားတဲ့စည်းကမ်းကိုလိုက်နာခြင်းဖြင့် ကပ်ဘေးကာလကြီးမှာ ကိုယ်ကိုယ်တိုင်နဲ့ကိုယ့်ပတ်ဝန်းကျင်ကိုကယ်တင်ပြီး ကပ်ဘေးကြီးပြီးသွားတဲ့အခါ အရင်လိုပဲ  ပြုံးပျော်ကြည်နူးစွာနေထိုင်ကြပါစို့လို့   တိုက်တွန်းဆုတောင်းလိုက်ရပါတယ်။