ကမ္ဘာ့ကပ်ရောဂါကာလမှာ ချီးကျူးထိုက်သူ အိန္ဒိယအမျိုးသားတစ်ဦး

သုံးဘီးဆိုင်ကယ်ကိုမောင်းပြီး အသက်မွေးဝမ်းကျောင်းနေတဲ့ မိုဟာမတ်ဂျာဗက်ခန်းဆိုသူ အမျိုးသားဟာ တစ်နေ့မှာ မထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုကို တွေ့လိုက်ပါတယ်။

အဲဒီမြင်ကွင်းကတော့ လူတချို့ဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရတဲ့ လူကြီးမိဘတွေကိုကျောပိုးပြီး ဆေးရုံ ပို့ပေးနေရ တဲ့မြင်ကွင်းပါပဲ။ ဒီအချိန်မှာ သူ့အတွေးထဲဝင်လာတာက ဒီလိုလူတွေကို သူ့အနေနဲ့ ကူညီပေးရ မယ်ဆိုတဲ့စိတ်ပါ။

ပြီးတဲ့အခါမှာတော့ အိန္ဒိယနိုင်ငံအလယ် ပိုင်း ဘိုပယ်မြို့မှာနေတဲ့ အသက် ၃၄ နှစ်ရှိ မိုဟာမတ်ဂျာဗက်ခန်းဟာ   သူ့ဇနီးရဲ့ လက်ဝတ်လက်စားတွေကိုရောင်းချပြီး သူ့ရဲ့သုံးဘီးဆိုင်ကယ်ကို လူနာတင်ယာဉ်အသေးစားအဖြစ် ပြောင်းလဲလိုက်ပါတယ်။

သုံးဘီးလူနာတင်ယာဉ်ထဲမှာ အောက်ဆီဂျင်အိုးတစ်လုံး၊ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာတဲ့ ကိရိယာတစ်ခုနဲ့ တခြားဆေးပစ္စည်းတွေထည့်သွင်းထားပါတယ်။

“အသက်ငင်နေတဲ့ ကိုဗစ်-၁၉ လူနာတွေကို အောက်ဆီဂျင်မပေးဘဲ ဆေးရုံကိုခေါ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီတော့ ကျွန်တော်စဉ်းစားလိုက်တာက ကျွန်တော့်ရဲ့သုံးဘီးဆိုင်ကယ်ကို လူနာတင်ယာဉ် တစ်စီးအဖြစ် ဘာကြောင့်မပြောင်းလဲနိုင်ရမှာလဲ။ သုံးဘီးဆိုင်ကယ်က တကယ့်လူနာတင်ယာဉ်တွေလို နေရာ မကျယ်ပေမယ့် လူ့အသက်တွေကိုတော့ကယ်ပေးနိုင်ပါတယ်” လို့ မိုဟာမတ်ဂျာဗက်ခန်းက ပြောပါတယ်။

“လူငယ်တွေက လူနာတွေကိုအောက်ဆီဂျင်မပေးဘဲ ထမ်းခေါ်သွားနေတာကို ကျွန်တော်တွေ့ရပါတယ်။ လူနာတင်ယာဉ်တစ်စီးကိုခေါ်မယ်ဆိုရင်လည်း ကုန်ကျစရိတ်က ရူပီး ၅၀၀၀ ကနေ ၁၀၀၀၀ ကြားရှိဦးမယ်။    လူဆင်းရဲတစ်ယောက်က ဒီလောက်ပမာဏကို ဘယ်လိုတတ်နိုင်မှာလဲ။ အထူးသဖြင့် အခုလိုကပ်ရောဂါ ဖြစ်နေတဲ့အချိန်မှာ လူအများစုက ဝင်ငွေမရှိကြပါဘူး” လို့ သူက ဆက်ပြောပါသေးတယ်။

သူ့ရဲ့သုံးဘီးလူနာ တင်ယာဉ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်အိုးကိုတော့ အလှူရှင်တစ်ဦးကလှူဒါန်းပြီး တခြားတစ်ဦး ကတော့ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတဲ့ကိရိယာကိုလှူဒါန်းပါတယ်။

အောက်ဆီဂျင်အိုးနဲ့ သွေးတွင်းအောက် ဆီဂျင်ပမာဏတိုင်းတဲ့ ကိရိယာတွေကို ဘယ်လိုအသုံးပြုရ တယ်ဆိုတာ ဆရာဝန် တစ်ဦးကသင်ပေးပါတယ်။

“အခုဆိုရင် လူအများအပြားက ကျွန်တော့်ကိုလှူဒါန်းမှုတွေပြုလာကြပါပြီ။ အခုလိုကပ်ဘေးကြီး မပြီးသေး သမျှကာလပတ်လုံး အခုလိုပဲ သုံးဘီးဆိုင်ကယ်နဲ့ လူနာတွေကိုတင်ပြီး ဆေးရုံတွေဆီ ဆက်လက်ပို့ပေးဖို့ လည်း တောင်းဆိုထားကြပါတယ်” လို့ မိုဟာမတ်ဂျာဗက်ခန်းက ပြောပါတယ်။

ဒါပေမဲ့လည်း မက်ဒီယာပရာဒေ့ရှ် ပြည်နယ်မှ တာဝန်ရှိသူတချို့ကတော့ သူ့ကိုဒဏ်ငွေတပ်ကြပါတယ်။ သူကျူးလွန်မိတဲ့အပြစ်ကတော့ အရေးပေါ်ခွင့်ပြုချက်မရှိဘဲ သုံးဘီးဆိုင်ကယ်ကို လူနာတင်ယာဉ်အဖြစ် ပြောင်းလဲမှုဖြစ်ပါတယ်။

ဒီအကြောင်းကို လူမှုကွန်ရက်ပေါ်မှာရှိတဲ့သူတွေက အုတ်အော်သောင်းတင်းဖြစ်ပြီး ကန့်ကွက်ကြမှသာ တာဝန်ရှိသူတွေက သူ့အပေါ်တပ်ရိုက်ထားတဲ့ ဒဏ်ငွေကိုပြန်ထုတ်ပေးပြီး သူ့ကိုလည်း အထူးခွင့်ပြုမိန့်ထုတ် ပေးလိုက်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါ နောက်တစ်ကျော့ကူးစက်မှုကို အလူးအလဲခံစားနေရပါတယ်။ ဒီအချိန်မှာ ကျန်းမာ ရေးစောင့်ရှောက်မှုစနစ်တွေက ပြိုလဲလုနီးပါးဖြစ်နေပါပြီ။

ဆေးရုံတွေမှာဆိုရင် လူနာတွေကိုထားဖို့အတွက် ခုတင်တွေမရှိတော့လောက်အောင်ကိုဖြစ်နေပါတယ်။  ဒီကြားထဲ အောက်ဆီဂျင်ကလည်း လိုအပ်တိုင်းမရတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပြန်ပါတယ်။ ဒီအချိန်မှာ လူနာတင်ယာဉ်တွေကလည်း လက်မလည်အောင်ကိုဖြစ်နေပြီး ဆင်းရဲတဲ့သူတွေကျတော့လည်း  လူနာတင် ယာဉ်မခေါ်နိုင်တဲ့ အဖြစ်တွေဖြစ်နေပါတယ်။

ဒါကြောင့် မိုဟာမတ်ဂျာဗက်ခန်းရဲ့လုပ်ရပ်ဟာ တစ်ဖက်မှာလည်း လူ့အသက်တွေကို ကယ်ပြီးသားဖြစ်သလို  တခြား တစ်ဖက်မှာလည်း သူ့လိုလူတွေထွက်ပေါ်လာစေဖို့ တွန်းအားပေးရာရောက်တဲ့အတွက် သူဟာ ချီးကျူး ထိုက်သူတစ်ဦးပင်ဖြစ်ပါတော့တယ်။    

Ref:TST

ထက်မြတ်