ကမ္ဘာ့ကပ်ရောဂါဖြစ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတစ်ခု - ကလေးများအဝေးမှုန်ခြင်း

ကမ္ဘာ့ကပ်ရောဂါဖြစ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတစ်ခု - ကလေးများအဝေးမှုန်ခြင်း

ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားခြင်းဟာ ကမ္ဘာကြီးအတွက်တော့ ကံဆိုးမိုးမှောင် ကျခြင်းပါပဲ။ ချစ်ခင်ရသူတွေ၊ အောင်မြင်ကျော်ကြားသူတွေကို ကိုယ့်အနားကနေ ဆွဲထုတ်သွားရုံ သာမက အခုလည်းအနာဂတ် ရဲ့ရင်သွေးငယ်တွေဟာ သူ့ရဲ့ဆိုးကျိုးကို ခံစားလာရပြန် ပါပြီ။ အဲဒီဆိုးကျိုးကတော့ ကလေးတွေမှာ အဝေးမှုန်ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်း ပါပဲ။

ဟောင်ကောင်ဒေသရှိ ကလေးငယ်တွေမှာ အဝေးမှုန်ရောဂါ ဖြစ်တဲ့သူတွေများလာတာကို တွေ့ရပါတယ်။ အကြောင်းရင်းကတော့ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး တစ်ခုဆိုတာကို သွားတွေ့ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ဖြစ်နေတဲ့ကာလအတွင်း ကလေးငယ်တွေဟာ အိမ်အပြင် မထွက်ကြ ရပါဘူး။ စာတွေဆိုရင်လည်း အွန်လိုင်းကနေပဲသင်ရပါတယ်။ အဲဒီတော့ သူတို့ဟာ ဖုန်းတို့၊ ကွန်ပျူတာ တို့လိုမျိုးဖန်သားပြင်တွေကို ကြည့်တဲ့အချိန် တွေကမြင့်တက်လာပါတယ်။ ဒီလိုမျိုး အလင်းထုတ်ပေးတဲ့ ဖန်သားပြင်တွေကို ကြည့်တဲ့အချိန် မြင့်တက်လာတာနဲ့အမျှ ကလေးတွေမှာ အဝေးမှုန်ရောဂါဖြစ်ပွားမှု မြင့်တက်လာရတာဖြစ်တယ်လို့ သြဂုတ်လ ထုတ် မျက်စိဆေးပညာ ဂျာနယ်တစ်စောင်က ဖော်ပြထားပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ပါဝင်လုပ်ဆောင်ကြရာမှာ ၂၀၂၀ ပြည့်နှစ်  စက်တင်ဘာလ အရောက်မှာတော့ နိုင်ငံပေါင်း ၁၈၀ ကျော်ကသူတို့ရဲ့  စာသင်ကျောင်း၊ ကောလိပ် အသီးသီးကို ပိတ်လိုက်ရပါတယ်။

ဒီလိုပိတ်လိုက်ရခြင်းအားဖြင့် ပညာသင်ယူနေသူ ၁ ဘီလီယံအပေါ် သက်ရောက်မှုတွေ ဖြစ်စေခဲ့တာပါ။ ၁ ဘီလီယံဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ ကျောင်းသား အရေအတွက် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ သုတေသီတွေကပြောပါတယ်။ ကျောင်းတွေ ပိတ်လိုက်ရတဲ့အတွက်  ကလေးတွေရဲ့ အပြင်ထွက်ပြီးဆော့ကစားရမှုနဲ့ တစ်ဦးနဲ့တစ်ဦး ရင်းနှီးစွာထိတွေ့ ဆက်ဆံရမှုတွေဟာ အလွန်ကန့်သတ် ခံလိုက်ရပါတော့တယ်။

ဟောင်ကောင်မြို့လိုနေရာကတော့ ပိုဆိုးတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လူနေထူထပ်တဲ့ အတွက် ပြည်သူအများစုဟာ အပြင်ထွက်ပြီးဆော့ကစားလို့ရတဲ့ နေရာအနည်း အကျဉ်းသာရှိတဲ့ အထပ်မြင့်တိုက်တွေနဲ့   တိုက်ခန်းငယ်တွေမှာသာ နေကြရလို့ပါ။

ဒီတော့ တစ်ဖက်ကလည်း ကျောင်းတွေ၊ ကစားကွင်းတွေကိုပိတ်ထားရချိန်ကြာလာ လေလေ တစ်ဖက်မှာ ဖုန်းတို့၊ ကွန်ပျူတာ တို့ကို ကြည့်ချိန်များလာလေလေဖြစ်ပြီး အဆုံးသတ်ရလဒ်ကတော့ ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အဝေးမှုန်ဖြစ်သွားရ တော့တာပါပဲ။

အဝေးမှုန်ခြင်းဆိုတာက မျက်စိရဲ့ ပုံသဏ္ဌာန်ပြောင်းလဲသွားတဲ့အခြေအနေ ဖြစ်ပါတယ်။ အဲဒီအခြေအနေကြောင့် အလင်းယိုင်မှုဟာ မှန်မှန်ကန်ကန်မဖြစ်တော့ဘဲ ပုံရိပ်က မြင်လွှာရဲ့မျက်နှာပြင်ပေါ်မှာ သွားပြီးပေါ်ရမယ့်အစား မြင်လွှာရဲ့ ရှေ့မှာ သွားပေါ် နေတာပါ။

ကလေးတွေမှာ အဝေးမှုန်ရောဂါဖြစ်တာက တကယ့်ကိုအရေးတကြီးကိုင်တွယ် ဖြေရှင်းရမယ့် အကြောင်းအရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဝေးမှုန်ရောဂါရှိတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ အမြင်အာရုံမှုန်ဝါးတာမျိုးနဲ့ နောက် ဆုံးမှာမျက်စိကွယ်တာမျိုးအထိ  ဖြစ်နိုင်ခြေအလွန်များတဲ့အတွက်ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါကြောင့် မဖြစ်မနေ ပြောင်းလဲသွားရတဲ့နေထိုင်မှုပုံစံက ကလေးတွေရဲ့ အမြင်အာရုံအပေါ် ဘယ်လောက် အတိုင်းအတာအထိ သက်ရောက်မှုရှိတယ် ဆိုတာကို သိနိုင်စေဖို့အတွက် သုတေသီတွေက ဟောင်ကောင်ကလေးငယ်များနဲ့ မျက်စိသုတေသန ကို လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီသုတေသနမှာ ကလေးငယ် ၁၇၉၃ ဦးရဲ့ မျက်စိတွေကို စစ်ဆေးမှုပါဝင်ပြီး သုတေသနမှာပါဝင်တဲ့ ကလေးတွေကလည်း အသက် ခြောက်နှစ်နဲ့ ရှစ်နှစ်အတွင်းမှာသာ ရှိပါတယ်။ သုတေသနမှာပါဝင်တဲ့ကလေးတွေကို အုပ်စုနှစ်ခုခွဲထားပါတယ်။ တစ်ခု ကတော့ ကပ်ရောဂါကာလအုပ်စုဖြစ်ပြီး နောက်တစ်ခုကတော့ ကပ်ရောဂါမတိုင်မီ ကာလအုပ်စု ဖြစ်ပါတယ်။

ပထမအုပ်စုမှာတော့ ကလေး ၇၀၉ ဦး ပါဝင်ပြီး သူတို့ကို ရှစ်လကြာလေ့လာ စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ ဒုတိယ အုပ်စုမှာတော့ ကလေး ၁၀၈၄ ဦးပါဝင်ပြီး သူတို့ကို စောင့်ကြည့်မှုက သုံးနှစ်ရှိပါပြီ။

သုတေသီတွေဟာ ကလေးတွေရဲ့အမြင် အာရုံကောင်းမွန်မှု၊ အရာဝတ္ထုတွေကို ရှင်းရှင်းလင်းလင်းမြင်ရမှု အခြေအနေတွေကို တိုင်းတာစစ်ဆေးပြီး သူတို့ကို သူတို့ရဲ့ နေထိုင်မှုပုံစံနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေမေးခဲ့ပါတယ်။

မေးခွန်းတွေကတော့ ကလေးတွေအနေနဲ့ အိမ်အပြင်ထွက်ပြီး ဘယ်လောက်ကြာကြာ ကစားရလဲ။ ဖန်သားပြင်တွေကို ဘယ်လောက် ကြာကြာကြည့်ရလဲဆိုတဲ့ မေးခွန်းတွေပါပဲ။ အဲဒီနောက် ထွက်လာတဲ့ရလဒ်ကတော့ ကပ်ရောဂါကာလအုပ်စုမှာပါတဲ့ ကလေး ငါးယောက်မှာ တစ်ယောက်က ရှစ်လအတွင်း အဝေးမှုန်ရောဂါဖြစ်နေပြီး ကပ်ရောဂါ မတိုင်မီကာလ  အုပ်စုမှာတော့  ကလေးသုံးယောက်မှာ တစ်ယောက်ကသာ သုံးနှစ် အတွင်းမှာ အဲဒီရောဂါဖြစ်နေတာကို တွေ့လိုက်ရခြင်းဖြစ်ပါတယ်။

ပြီးတဲ့အခါ အသက်အရွယ်၊ လိင်အမျိုးအစား၊ စောင့်ကြည့်မှုကာလ၊ မျိုးရိုးလိုက်မှု၊ အိမ်အပြင်ထွက်ကစားမှုကြာချိန်နဲ့ ဖန်သားပြင်ကို ကြည့်မှုကြာချိန်တို့ကိုလိုက်ပြီး ခွဲလိုက် တဲ့အခါမှာတော့ ကပ်ရောဂါကာလအုပ်စု မှာပါဝင်တဲ့ကလေးတွေထဲမှာ အဝေးမှုန်ရောဂါ ဖြစ်သူအရေအတွက်က ပိုလို့သာများပြားလာပါတယ်။

ဒီလိုမျိုး အဝေးမှုန်ရောဂါဖြစ်ပွားသူ အရေအတွက်များပြားခြင်းဟာ ကလေးတွေ အိမ်အပြင် ထွက်ပြီးဆော့ကစားရတဲ့ အချိန်ကျဆင်းမှုနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ သုတေသနမှာပါပြီး အဝေးမှုန်တဲ့ကလေးတွေဟာ  တစ်ရက်ကို အိမ်အပြင်ထွက်ကစားရမှု ၁ နာရီ ၁၅ မိနစ်ကနေ ၂၄ မိနစ် အထိကျဆင်းကာ ဖန်သားပြင်ကိုကြည့်ရှုမှု ကြာမြင့်ချိန်ကတော့ အရင်က တစ်ရက် ကို ၂ နာရီခွဲရှိရာမှ အခုတော့ တစ်ရက် ကို ၇ နာရီအထိ မြင့်တက်လာတာကို  စိတ်မကောင်းဖွယ်ရာတွေ့ရပါတယ်။

တကယ်တော့ ကလေးတွေဆိုတာ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားရမယ့် အရွယ်တွေ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ တစ်နည်းအားဖြင့် အတုအယောင်ကမ္ဘာထဲမှာ ပျော်မွေ့ ရမယ့် အရွယ်တွေမဟုတ်ပါဘူး။

ဒါပေမဲ့လည်း တစ်ဖက်ကပြန်ကြည့်ရင် ကိုဗစ်-၁၉ ရောဂါပိုးဆိုတာ အခန့်မသင့်တာနဲ့ ကူးစက်ဖို့အသင့်ရှိနေပြန်တော့ လွတ်လပ်စွာ ဆော့ကစားရမယ့်အခြေအနေနဲ့ ရောဂါပိုး ကူးစက်ခံရမယ့်အခြေအနေ ကြားမှာ လွန်ဆွဲနေရပြန်ပါတယ်။

ဒီပြဿနာတွေကို ဖြေရှင်းဖို့ကတော့ ကျွမ်းကျင်တဲ့ဆရာဝန်တွေ၊ အစိုးရပိုင်းက မူဝါဒချမှတ်သူတွေ၊ ဆရာ/ဆရာမတွေနဲ့ မိဘတွေရဲ့ ပေါင်းစည်းအားနဲ့ဆောင်ရွက်မှု လိုအပ်ပါတယ်။

ကလေးတွေဟာ သိပ်ကိုအပြစ်ကင်းပါတယ်။ သူတို့ဟာ လောကကြီးအကြောင်းကို ဘာဆို ဘာမျှမသိသေးပါဘူး။ သူတို့အနေနဲ့ လောကကြီးအကြောင်းကို သင်ယူမယ်ဆိုတဲ့အချိန်မှာ အမြင်အာရုံ ဆုံးရှုံးနေရမယ်ဆိုရင် ဒါဟာ လူဖြစ်ရှုံးတာနဲ့အတူတူပါပဲ။

ဒါကြောင့် အခုလိုကမ္ဘာ့ကပ်ရောဂါ ကာလကြီးမှာ ကိုယ့်ရဲ့ရင်သွေးငယ်တွေအနေနဲ့ ကိုဗစ်-၁၉ရောဂါ မကူးစက်စေရေး နဲ့ ဖန်သားပြင်ကြည့်ရှုမှု  ကြာမြင့်ချိန်မများ စေရေးတို့အတွက်    အနီးကပ်ရှိနေတဲ့ မိဘတွေက ထိန်းကျောင်းပေးနိုင်ကြစေဖို့  အကြံပြုတိုက်တွန်း လိုက်ရပါတယ်။   ။