ကမ္ဘောဒီးယား၌ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်တည်းတွင် သေဆုံးသူ အယောက် ၂ဝ ဖြင့် စံချိန်တင်

ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် ဇွန် ၁၉ ရက်တစ်ရက်တည်းတွင် သေဆုံးသူ အယောက် ၂ဝ ရှိကြောင်းနှင့် ယင်းအရေအတွက်သည်  ရောဂါကြောင့် တစ်ရက်အတွင်း စံချိန်တင် သေဆုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။

သေဆုံးမှုများပြားရသည့် အကြောင်းရင်းမှာ အိန္ဒိယနိုင်ငံ၌ စတင်တွေ့ရှိသော ဒယ်တာမျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောကြောင့်ဖြစ်သည်။

အလားတူ   အိမ်နီးချင်းထိုင်းနိုင်ငံသို့ ခရီးသွား မှတ်တမ်းရှိသူများ အနက် ၇ ဦးတွင်  အဆိုပါဗီဇပြောင်းရောဂါ ကူးစက်ခံ ထားရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဗီဇပြောင်းရောဂါပိုး ကူးစက်ပျံ့နှံ့မှုမဖြစ်စေရန် တစ်ကိုယ်ရေ သန့်ရှင်းမှု ဂရုပြုခြင်း၊ လူစုလူဝေး မပြုလုပ်ဘဲ သတ်မှတ်အကွာအဝေး အတိုင်းနေထိုင်ခြင်းနှင့် မလိုအပ်ဘဲ အိမ်အပြင်မထွက်ခြင်းအားဖြင့် သတိရှိရှိနေထိုင်ရန်   တာဝန်ရှိသူများကတိုက်တွန်းထားသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် လူသေဆုံးမှု အနည်းဆုံး နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် မှတ်တမ်းတင် ခံထားရသော်လည်း ယခုသေဆုံးမှု အရေအတွက်သည်   ဖေဖော်ဝါရီလ နှောင်းပိုင်းမှစ၍  ယခုအချိန်ထိ  တစ်ရက်အတွင်း သေဆုံးမှု ပထမဆုံးအကြိမ် အများဆုံးဖြစ်သည်။

ယခုအခါ    ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၄၂ဝ၅၂ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၄၁၄ ဦးရှိကြောင်း သိရသည်။