ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော် ဧပြီ ၈

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးသန်းနိုင်တို့သည် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို  လိုက်နာခြင်းမရှိဘဲ ချိုးဖောက်၊ ကျော်လွန်ဆောင်ရွက်ချက်များအား အရေးယူပေးပါရန် တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့    ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်နှင့်  ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးသန်းနိုင်တို့သည် ဘားအံမြို့၊ ကမ်းနားလမ်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်း စီမံကိန်းနှင့်စပ်လျဉ်း၍ ပုဂ္ဂလိကသို့ ခွင့်ပြုပေး ပိုင်ခွင့်မရှိသည့် ကမ်းနားလမ်း မြေဧရိယာ(၄)ဧကကျော်ကို ပုဂ္ဂလိကသို့ မြေငှားဂရန် ထုတ်ပေးခဲ့သဖြင့်  နိုင်ငံပိုင်မြေဆုံးရှုံးပြီး နိုင်ငံတော်ဘဏ္ဍာငွေကျပ်  သန်း ၅၃၈၀ ကျော်ကို နစ်နာစေခဲ့ခြင်း၊  ၂၀၁၈ ခုနှစ် မေ ၁၄ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကာလအတွင်း ဒေသဖွံ့ဖြိုးရေး အကြောင်းပြကာ စီးပွားရေး လုပ်ငန်းအသီးသီးမှ ကောက်ခံခဲ့သော ရန်ပုံငွေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဆိုင်ရာ အမိန့် ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ နှင့်အညီ နိုင်ငံတော်ဘဏ္ဍာစာရင်းသို့ ပေးသွင်းရမည်ဖြစ်သော်လည်း လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ ပုဂ္ဂလိကဘဏ်များတွင် သီးခြား ငွေစာရင်းများဖွင့်လှစ်ကာ ငွေကျပ် ၉၆၉၇  သန်း ကျော်ကို လက်ခံရယူခဲ့ခြင်း၊ နိုင်ငံတော်ဘဏ္ဍာငွေနှင့် သက်ဆိုင်နေသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဆိုင်ရာ အမိန့်ကြော်ငြာ စာအမှတ် ၅၈/၂၀၁၉ ၏ စာပိုဒ် ၁၅ ပါ ညွှန်ကြား ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ စုစုပေါင်း ငွေကျပ် ၇၄၂၅ သိန်းကို ပုဂ္ဂိုလ် ၁၉ ဦးသို့ ထုတ်ချေးခဲ့ပြီး ပြန်လည် ပေးဆပ်မှုမရှိသဖြင့် နိုင်ငံ့ဘဏ္ဍာဆုံးရှုံးခြင်း၊ အဆင့်မြင့် ဈေးဝယ်စင်တာ တည်ဆောက်ရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းတင်ဒါ အောင်မြင်သည့်ကုမ္ပဏီထံမှ လုပ်ငန်းစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးဘဲ စုစုပေါင်းငွေကျပ် သိန်း ၅၀၀၀ ကို ကြိုတင်လက်ခံရယူခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာငွေစာရင်းသို့ ပေးသွင်းမှု မရှိခြင်းတို့သည်  ပြည်သူ့ဘဏ္ဍာကို ကိုင် တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင် တည်ဆဲ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကိုဖောက်ဖျက်လျက် နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခဲ့ခြင်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် သည် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း ဘားအံမြို့နှင့် ရန်ကုန်မြို့တို့၌ ဆေးကုသမှုခံယူရာတွင် နိုင်ငံတော်နှင့် သက်ဆိုင်သော ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းမှ ငွေကျပ် ၁၆ ဒသမ ၅ သိန်းကို ရယူသုံးစွဲခဲ့ခြင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း  ဦးသန်းနိုင် သည်  ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၈ ခုနှစ် မတ်လအတွင်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့သွား ရောက်၍ ကျောရိုးမကြီးအား ခွဲစိတ်ကုသမှုခံယူခဲ့ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင် တစ်ဦးထံမှ အမေရိကန် ဒေါ်လာ ၁၀၀၀၀ ကို လက်ခံရယူခဲ့ခြင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း မဲဆွယ်စည်းရုံးရေး ကာလတွင် ကျေးရွာများသို့ မဲဆွယ်ရေးခရီးစဉ် သွားရောက်ခြင်းနှင့်စပ်လျဉ်း၍ ကုန်ကျစရိတ် ငွေကျပ်သိန်း ၅၀ ကို လုပ်ငန်းရှင်တစ်ဦးထံမှ တောင်းခံရယူခဲ့ခြင်းတို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ရာထူးတာဝန် အရ ပေးအပ်ထားသောလုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကို ကျူးလွန်ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်နှင့် ဝန်ကြီးဟောင်း ဦးသန်းနိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ကရင်ပြည်နယ် ဘားအံမြို့မရဲစခန်းတွင်  ယနေ့ ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေး ယူနိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

(သတင်းစဉ်)