ကလေးငယ်များ ကျောင်း၌ စားသောက်ရေး လှုံ့ဆော်နိုင်မှုကြောင့် ရက်ရှ်ဖို့ဒ် အမ်ဘီအီးဘွဲ့ရ ဘုရင်မကြီး ပေးအပ်မည့် ထိုဘ့ွဲယူပွဲတွင် မိခင်ဖြစ်သူကို ခေါ်သွားမည်ဟု ရက်ရှ်ဖို့ဒ်ဖွင့်ဟ

မန်ယူအသင်းမှ  အသက်  ၂၂  နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး မားကပ်စ်ရက်ရှ် ဖို့ဒ်ကို  အင်္ဂလန်ဘုရင်မကြီးက  အမ်ဘီအီးဘွဲ့ ပေးအပ် ချီးမြှင့်လိုက်ကြောင်း သိရသည်။ ရက်ရှ်ဖို့ဒ် သည်   ပြီးခဲ့သည့်  နွေရာသီကျောင်းပိတ်ရက် ကာလတွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က  COVID-19 ရောဂါ အခြေအနေကြောင့် ကျောင်းများရှိ  ကျောင်းသား၊  ကျောင်းသူများအတွက်     အခမဲ့နေ့လယ်စာ စားသုံးခွင့်ဘောက်ချာများကို ဆက်မပေးတော့ဟု ကြေညာခဲ့ခြင်းကို လက်မခံ နိုင်ဘဲ ဝန်ကြီးချုပ်ထံ ပန်ကြားလွှာ ရေးသားပေးပို့ပြီး   လှုံ့ဆော်မှုတစ်ရပ်  ပြုလုပ်ခဲ့ရာ  ဘောရစ်ဂျွန်ဆင်က ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်၍  ကျောင်းများတွင်  ဆင်းရဲသည့် ကလေးငယ်များ အတွက် နေ့လယ်စာကို ဆက်လက်ကျွေးမွေးရန် ဆုံးဖြတ်ခဲ့သည်။

ရက်ရှ်ဖို့ဒ်သည် COVID-19  ရောဂါဖြစ်ပွား နေသည့် ကာလတွင် မရှိဆင်းရဲသား ကျောင်းသား၊ ကျောင်းသူများအတွက်  စာသင်ကျောင်းများ၌ နေ့လယ်စာ   စားသုံးနိုင်ရန်  ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး လှူဒါန်းနိုင်ခဲ့သောကြောင့် အင်္ဂလန် ဘုရင်မကြီးက ယခုနှစ်အတွက် ပေးအပ်ချီးမြှင့်မည့် သူကောင်းပြုခံရသူများ စာရင်းတွင် ရက်ရှ်ဖို့ဒ်ကို အမ်ဘီအီးဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဂရိတ်တားမန်ချက်စတာ မြို့တော်ဝန် အန်ဒီဘန်းဟမ်းက ''ရက်ရှ်ဖို့ဒ်က ကျွန်တော်တို့မြို့တော်ရဲ့ တကယ့်စစ်မှန်တဲ့ သံတမန်တစ်ဦးပါ။ သူက ဘယ်အခြေအနေက လာလဲဆိုတာကို   မမေ့ဘဲ ကိုယ်ရနိုင်သမျှ အရာတွေကို ပြန်ပေးဆပ်ဖို့ အမြဲ အာရုံစိုက်ထားသူဖြစ်တယ်။  အနာဂတ်ခေါင်းဆောင် ဖြစ်လာမယ့်    လူငယ်တွေအားလုံးကို  ကိုယ်စားပြုတဲ့ သူလည်းဖြစ်ပါတယ်။  ဒါ့ပြင် နိုင်ငံကို   ပိုမိုကောင်းမွန်လာအောင်  လုပ်ပေးတဲ့သူလည်းဖြစ်လို့ အမ်ဘီအီးဘွဲ့နဲ့ ထိုက်တန်ပါတယ်'' ဟု ဂုဏ်ပြု ပြောကြားခဲ့သည်။

ရက်ရှ်ဖို့ဒ်သည် မကြာသေးမီကပင် မန်ချက် စတာတက္ကသိုလ်မှ ပေးအပ်သည့် ဒေါက်တာဘွဲ့ ကိုလည်း ရရှိခဲ့သေးသည်။

ယခု အမ်ဘီအီးဘွဲ့ ရရှိပြီးနောက် ဘက်ကင်ဟမ်နန်းတော်၌   ဘုရင်မကြီး ကိုယ်တိုင်ပေးအပ်မည့် ထိုဆုကို တက်ရောက်ရယူရာတွင် သားသုံးဦးနှင့် သမီးနှစ်ဦးအား  ငယ်စဉ်က  ပင်ပန်းစွာရှာဖွေ ကျွေးမွေးခဲ့သည့် မိခင်ဖြစ်သူကို ခေါ်သွားမည်ဟု ရက်ရှ်ဖို့ဒ်က ဆိုသည်။