ကာကွယ်ဆေးထိုးထားသည့် ခရီးသွားများအတွက် ကွာရန်တင်းဝင်ရမည့်ဥပဒေကို ထိုင်းအစိုးရဖျက်သိမ်းမည်

ဘန်ကောက်၊ ကျန်းမာရေး

ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးထားသည့် နိုင်ငံခြားသားခရီးသွားများအတွက် ကွာရန်တင်း ဝင်ရမည့်ဥပဒေကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဖျက်သိမ်းခြင်းသည် နိုင်ငံ၏ခရီးသွား လုပ်ငန်း အတွက် အထောက်အပံ့ကောင်းဖြစ်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယုချန်အိုချာက ပြောသည်။

ထိုင်းနိုင်ငံသို့လာမည့် နိုင်ငံခြားသားများအနေဖြင့် ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း အထောက်အထား ပြနိုင်ပါက သီတင်းပတ်နှစ်ပတ်ကြာ ကွာရန်တင်းဝင်ရန်မလိုတော့ကြောင်း၊ သို့သော် ၎င်းတို့ကို တာဝန်ရှိသူ များကစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့၌ ဖေဖော်ဝါရီ    ၂၃   ရက် တွင် ကျင်းပသော အစိုးရအဖွဲ့   အစည်းအဝေးပြီးနောက် ပရာယုချန်အိုချာက ပြောသည်။

အစိုးရအနေဖြင့် အဆိုပါအစီအစဉ်ကို မစတင်မီဖြစ်လာနိုင်သည့် အကြောင်းအရာများ အားလုံးကို   ဂရုတစိုက်သုံးသပ်သွားမည်ဖြစ်ကြောင်း   ၎င်းကဆက်ပြောသည်။ ထိုင်းနိုင်ငံ၌ ဆီနိုဗက်ဘိုင်အိုအန်တက်နှင့် အက်စထရာဇီနီကာ ကုမ္ပဏီတို့မှ ထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရေးပေါ် အသုံးပြု ခွင့်ပေးမည်ဖြစ်ပြီး ကာကွယ်ဆေးအလုံးပေါင်း ၆၃ သန်းကို မှာယူထားပြီးဖြစ်သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆီနိုဗက်ဘိုင်အိုအန်တက်ကုမ္ပဏီမှ ကာကွယ်ဆေးပထမသုတ်အဖြစ် ကာကွယ်ဆေး နှစ်သန်းသည် ထိုင်းနိုင်ငံသို့ရောက်ရှိမည်ဖြစ်ပြီး လာမည့်သီတင်းပတ်တွင် ကာကွယ်ဆေးထိုးလုပ်ငန်း ကိုစတင် လုပ်ဆောင်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမျိုးစုံကို တင်သွင်းရန်နှင့် မှတ်ပုံတင်ခွင့်ပြုရန် အစိုးရကခွင့်ပြုသွား မည်ဖြစ်ပြီး ပုဂ္ဂလိက ဆေးရုံများအနေဖြင့်လည်း ကာကွယ်ဆေးများ တင်သွင်းခွင့်ရရှိမည်ဖြစ်ကြောင်း ပရာ ယုချန်အိုချာက ပြောသည်။  

 Ref: TST