ကာဗွန်ဒိုင်အောက်ဆိုက်ကိုထိန်းချုပ်နိုင်သည့်နည်းပညာတီထွင်နိုင်သူကို အီလွန်မက်က ဒေါ်လာသန်း ၁၀၀ ပေးမည်

ဝါရှင်တန်၊ နည်းပညာ

တက်စလာကုမ္ပဏီဥက္ကဋ္ဌနှင့်  စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်သော အီလွန်မက်ကကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ထိန်းချုပ်နိုင်သည့်အကောင်းဆုံးနည်းပညာ တီထွင် နိုင်သူကိုအမေရိကန်ဒေါ်လာ သန်း ၁၀၀ ဆုချီးမြှင့်သွားမည်ဖြစ်သည်။

၎င်းင်းအနေဖြင့်   အဆိုပါဆုငွေအတွက် ဒေါ်လာသန်း ၁၀၀ ကိုလှူဒါန်းထားကြောင်း၊ လာမည့် သီတင်းပတ်တွင် အသေးစိတ်အချက်အလက်များကို  ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အီလွန်မက်က တွစ်တာတွင်ရေးထားသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရေးအတွက် အရေးကြီးသော လုပ်ဆောင်ချက်များတွင်   ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို ထိန်းချုပ်နိုင်သည့်နည်းပညာသည် လည်း အရေးပါသောလုပ်ငန်းစဉ်ဖြစ်သည်။ သို့သော်  ထိုလုပ်ငန်းစဉ်အတွက်နည်းပညာမှာ တိုးတက်မှု မရှိသလောက်ဖြစ်နေသည်။

အကယ်၍   ကမ္ဘာ့နိုင်ငံများအနေဖြင့် သတ်မှတ်ထားသည့်  ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုသုည အထိရောက်ရှိလိုပါက ဆိုပါဓာတ်ငွေ့ကိုထိန်းချုပ်နိုင်သည့် နည်းပညာကို အသုံးပြုရမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီကပြောထားသည်။ အမေရိကန်သမ္မတအသစ်  ဂျိုးဘိုင်ဒင်သည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်သွားမည်ဟုကတိပြုထားပြီး   ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ဖယ်ရှားရေး နည်းပညာကျွမ်းကျင်ပညာရှင် ဂျနီဖာဝေကော့ကို စွမ်းအင်ဝန်ကြီးဌာန၌ ဒုတိယ လက်ထောက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးထားကြောင်းသိရသည်။