ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ပြည်ပမှအောက်ဆီဂျင်များကိုပါ မှာယူ ဖြန့်ဝေပေးလျက်ရှိ

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ပြည်ပမှအောက်ဆီဂျင်များကိုပါ မှာယူ ဖြန့်ဝေပေးလျက်ရှိ

 
နေပြည်တော်၊ ဇူလိုင် - ၁၉

 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက် ရာတွင် အောက်ဆီဂျင်လိုအပ်ချက်အား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေရန်အတွက် နိုင်ငံတော်နှင့် တပ်မတော် ပိုင် Oxygen Plant များ၊ ပုဂ္ဂလိကပိုင် Oxygen Plant များတွင် တိုးမြှင့် ထုတ်လုပ်လျက်ရှိပြီး စေတနာရှင်အလှူရှင်များ ကလည်း အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်များကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်း လှူဒါန်းပေးလျက်ရှိကာ လိုအပ်သည့်နေရာများသို့ ပို့ဆောင် ဖြန့်ဝေ ပေးလျက်ရှိသည်။

 
ထိုသို့ တင်သွင်းဖြန့်ဝေပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်စင်တာများအတွက် ပြည်ပမှမှာယူထားသည့် ဆေးရုံသုံး အောက်ဆီဂျင်ဓာတ်ငွေ့ရည် တင်ဆောင်လာသည့် မက်ထရစ်တန် ၂၀ တန်ဆံ့ မော်တော်ယာဉ် ၁ စီးသည် ယနေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီး Liquid Oxygen များကို ကမာရွတ်မြို့နယ်၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းရှိ ဖိအားမြင့် အောက်ဆီဂျင်သိုလှောင်ကန်အတွင်းသို့ လည်းကောင်း၊ ယနေ့နေ့လယ်ပိုင်း တွင် လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဖိအားမြင့် အောက်ဆီဂျင်သိုလှောင် ကန်အတွင်းသို့ လည်းကောင်း ကျွမ်းကျင်သူနည်းပညာရှင်များဖြင့် ဖြည့်သွင်းပေးခဲ့ကြ သည်။

 
အဆိုပါရောက်ရှိလာသော Liquid Oxygen များကို ဆေးရုံကြီးများနှင့် ကိုဗစ် ကုသရေးစင်တာများတွင် တက်ရောက်ကုသခံနေသော လူနာများ၊ အောက်ဆီဂျင် လိုအပ်နေသော ပြည်သူများထံသို့ စနစ်တကျဖြန့်ဖြူးလှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း နှင့် မကြာမီရက်ပိုင်းတွင်လည်း ထပ်မံမှာယူထားသည့် Liquid Oxygen များ ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။