ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ခြင်းသာမက ပြည်ပမှအောက်ဆီဂျင်များကိုပါ အင်တိုက် အားတိုက် ထုတ်လုပ်ဖြန့်ဝေလျက်ရှိ

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ခြင်းသာမက ပြည်ပမှအောက်ဆီဂျင်များကိုပါ အင်တိုက် အားတိုက် ထုတ်လုပ်ဖြန့်ဝေလျက်ရှိ

 
နေပြည်တော်၊ ဇူလိုင် - ၁၆

 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင်လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့သဖြင့် အောက်ဆီဂျင် လိုအပ်ချက်များ ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် နိုင်ငံတော်နှင့် တပ်မတော်ပိုင် Oxygen Plant များ၊ ပုဂ္ဂလိကပိုင် Oxygen Plant များတွင် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ စေတနာရှင်အလှူရှင် များမှ စုပေါင်းလှူဒါန်းငွေများဖြင့်လည်း အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်း များကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်း ပေးလျက်ရှိပြီး လိုအပ်သည့်နေရာများ သို့ ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိသည်။

 
ထိုသို့ တင်သွင်းဖြန့်ဝေပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်စင်တာများအတွက် ပြည်ပမှမှာယူထားသည့် ဆေးရုံသုံး အောက်ဆီဂျင်ဓာတ်ငွေ့ရည် တင်ဆောင်လာသည့် မက်ထရစ်တန် ၂၀ ဆံ့ မော်တော် ယာဉ် ၂ စီးသည် ဇူလိုင် ၁၅ ရက် ည ၈ နာရီနှင့် ယနေ့နံနက် ၃ နာရီခန့်တို့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ထိုသို့ရောက်ရှိလာသည့် Liquid Oxygen အရည်များကို ဇူလိုင် ၁၅ ရက် ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် မြောက်ဉက္ကလာပမြို့နယ်ရှိ မြောက်ဉက္က လာပဆေးရုံကြီး၊ ဝေဘာဂီ အထူးကုဆေးရုံ၊ လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တို့ရှိ ဖိအားမြင့်အောက်ဆီဂျင် သိုလှောင်ကန်များအတွင်းသို့ ကျွမ်းကျင်သူနည်းပညာ ရှင်များက ဖြည့်သွင်းပေးကြသည်။ ယင်းသို့ Liquid Oxygen များ ဖြည့်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ ဦးလှစိုး နှင့်အဖွဲ့ဝင်များ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ တို့က အနီးကပ်ကြည့်ရှု၍ လိုအပ် သည်များမှာကြားခဲ့သည်။
အဆိုပါရောက်ရှိလာသော Liquid Oxygen များကို ဆေးရုံများနှင့် ကိုဗစ် ကုသရေးစင်တာများတွင် တက်ရောက်ကုသခံနေသော လူနာများ၊ အောက်ဆီဂျင်လိုအပ် နေသော ပြည်သူများအတွက် တပ်မတော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် အလှူရှင်များ၏ ငွေအားလူအားအကူအညီများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောက်ဆီဂျင်လိုအပ်လျက်ရှိသော ဆေးရုံများနှင့် ပြည်သူများထံသို့ စနစ်တကျဖြန့်ဖြူးလှူဒါန်းပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအပြင် အောက်ဆီဂျင်လိုအပ်မှုမရှိစေရေးအတွက် စေတနာရှင်၊ အလှူရှင်များ၏ စေတနာသဒ္ဒါ ထက်သန်စွာလှူဒါန်း သောငွေများဖြင့် Liquid Oxygen မက်ထရစ် တန် ၂၀ ဆံ့ကား ၂၆ စီးစာ ဝယ်ယူထားပြီးဖြစ်၍ မကြာမီရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့ ဆက်လက်ရောက်ရှိ လာမည်ဖြစ်ကြောင်း သိရှိရသည်။

 
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌနှင့် တိုင်းမှူးတို့က ကမာ ရွတ်မြို့နယ်ရှိ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၌ Liquid Oxygen များအား ဆေးရုံနှင့် ကိုဗစ် စင်တာများသို့ ဖြန့်ဝေပေးမှုလုပ်ငန်းများကိုလည်းကောင်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ပိုင် အင်းစိန်မြို့နယ်ရှိ ရွာမသံမဏိစက်ရုံတွင် အောက်ဆီဂျင်အိုးအမျိုးမျိုးထုတ် လုပ်နေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီသည့် အောက်ဆီဂျင်များကို အရေအတွက်များများထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည်များ မှာကြားခဲ့သည်။

 
အလားတူ အောက်ဆီဂျင်လိုအပ်ချက်မရှိစေရေးအတွက် မြန်မာစီးပွားရေးကော်ပို ရေးရှင်း၊ မင်းဓမ္မ အောက်ဆီဂျင်ဓာတ်ငွေ့ စက်ရုံမှ တစ်ရက်လျင် အောက်ဆီဂျင် ကုဗပေ ၁၄၉၀၀၀ ကျော်နှင့် မြောင်းတကာ အောက်ဆီဂျင် ဓာတ်ငွေ့စက်ရုံမှ တစ်ရက်လျင် အောက်ဆီဂျင်ကုဗပေ ၁၂၀၀၀၀ ကို နေ့စဉ်ထုတ်လုပ်ဖြန့်ဝေပေးလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကိုဗစ် စင်တာများသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။
ထို့အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ပြည်သူ့ဆေးရုံ ကြီး(ခုတင်-၁၀၀၀)၌ တစ်ရက်လျင် အောက်ဆီဂျင် ၄၀ လီတာ ၅၀ လုံး ထုတ်လုပ်နိုင်သည့် Oxygen Plant နှင့် တစ်ရက်လျင် အောက်ဆီဂျင် ၄၀ လီတာ ၂၄ လုံးထုတ်လုပ်နိုင်သည့် Oxygen Plant တို့ကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့ နယ်ရှိ ပြည်သူ့ဆေးရုံ(ခုတင်-၃၀၀)၌ Oxygen Liquitမှ Gas အဖြစ် တစ်ရက်လျင် အောက်ဆီဂျင် ၄၀ လီတာ ၁၄၄၀ လုံး ထုတ်လုပ်နိုင်သည့် Oxygen Plant ၁ လုံးကိုလည်းကောင်း၊ ဇေယျာသီရိ မြို့နယ်ရှိ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ခုတင်-၃၀၀)၌ အောက်ဆီဂျင် ၄၀ လီတာ ၈၀ လုံးထုတ်လုပ် နိုင်သည့် Oxygen Plant ၁ လုံးကို လည်းကောင်း အသီးသီးတပ်ဆင်စမ်းသပ် လျက်ရှိပြီး မကြာမီရက်ပိုင်းအတွင်း အောက်ဆီဂျင်လိုအပ်ချက်များကို ထုတ်လုပ် ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
၎င်းအပြင် ဇူလိုင် ၁၅ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့တို့ရှိ နယ်စပ်ကုန်သွယ်ရေး ဂိတ်များမှ တစ်ဆင့် ရောက်ရှိလာသည့် အောက်ဆီဂျင် ၄၀ လီတာ ၂၀၀ လုံးကို လားရှိုးမြို့၊ ကျောက်မဲမြို့၊ နောင်ချိုမြို့၊ မန်တုံမြို့၊ နမ့်ဆန်မြို့၊ နမ္မတူမြို့များနှင့် သီပေါမြို့ တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ဧရာဝတီတိုင်းဒေသကြီးသို့လည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်မှတစ်ဆင့် ရောက်ရှိလာ သည့် အောက်ဆီဂျင်အရည် ၃၆ တန်၊ ၄၀ လီတာ ၄၉၀ လုံး၊ ၁၀ လီတာ ၄၀ လုံး၊ ၄၀ လီတာအိုးအလွတ် ၂၂ လုံးနှင့် အောက်ဆီဂျင်ဆက်စပ်ပစ္စည်း ၄၀ စုံတို့ကို ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့ရှိ ပြည်သူ့ဆေးရုံ များ၊ ကိုဗစ်စင်တာများနှင့် ရန်ကုန်မြို့များသို့လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့သို့ရောက်ရှိလာသည့် အောက်ဆီဂျင် ၂၅၀ လုံးကို ပြည်သူ့ ဆေးရုံများနှင့် တပ်မတော်ဆေးရုံများသို့လည်းကောင်း အသီးသီးဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များမှတစ်ဆင့်လည်း တင်သွင်းခွင့်ပြုထားရာ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ကုမ္ပဏီ ၁ ခုမှ တင်သွင်းလာသည့် အောက်ဆီဂျင် ၄၀ လီတာဆံ့ ၃၃၃ လုံးနှင့် Regulator ၃၃၃ ခုတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးဂိတ်မှတစ်ဆင့်ရောက်ရှိလာပြီး ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ပို့ဆောင်ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ် ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင် ထုတ်လုပ်ပေးလျက်ရှိကြောင်းနှင့် အောက်ဆီဂျင်လိုအပ်ချက်များမရှိစေရေး Oxygen Plant အသစ်များကိုလည်း ထပ်မံတိုးချဲ့ တပ်ဆင်နိုင်ရေးလုပ်ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ခြင်း သာမက ပြည်ပမှ အောက်ဆီဂျင်များကိုပါအင်တိုက်အားတိုက်ထုတ်လုပ်ဖြန့်ဝေလျက်ရှိကြောင်းကို ယခုလိုကြားသိရပါသည်-

“ကျွန်တော်တို့စက်ရုံမှာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားတဲ့အချိန်ကစပြီး  တပ်မတော် ဆေးရုံတွေအပြင်၊ ပြည်သူ့ဆေးရုံတွေ၊ ပြင်ပ ပုဂ္ဂလိကဆေးရုံတွေ၊ ပရဟိတအသင်းတွေကို ဦးစားပေးပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့စက်ရုံမှာ ယခင်ရော၊ လက်ရှိ အနေအထားရော ဈေးနှုန်းပြောင်းလဲမှုမရှိဘဲနဲ့ ၄၀ လီတာ ၂၂၀ ကုဗပေ အိုးကြီးတစ်လုံးကို ငွေကျပ် ၄၀၀၀ နဲ့ ရောင်းချပေးပြီး ၁၀ လီတာ၊ ၁၅ လီတာကိုတော့ အိုးသေးနှစ်မျိုးကိုတော့ ဈေးနှုန်းခွဲခြားခြင်းမရှိဘဲနဲ့ ငွေကျပ် ၁၅၀၀ တိတိနဲ့ ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ကျွန်တော်တို့စက်ရုံအနေဖြင့် ၂၄ နာရီ အောက်ဆီဂျင် ၄၀ လီတာအိုး၊ ၂၂၀ ကုဗပေအိုး ၇၆၈ လုံးထွက်ရှိပြီး ၂၄ နာရီ မနားတမ်းလည်ပတ်လျက်ရှိပါတယ်။ ဝန်ထမ်းအင်အားအနေဖြင့် တစ်ရက်ကို ဝန်ထမ်း ၆ ယောက်နဲ့ အဆိုင်း နှစ်ဆိုင်းနဲ့ မရပ်မနား လည်ပတ်လျက်ရှိပါတယ်။ မြန်မာစီးပွားရေးကော်ပိုရေးရှင်း လက်အောက်ခံအနေဖြင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အောက်ဆီဂျင် နှင့် မီးသတ်ဆေးဘူးစက်ရုံ (မင်းဓမ္မ)ရယ် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အမှတ်(၂) သံမဏိစက်ရုံ (မြောင်းတ ကာ)ရယ်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အမှတ်(၃) သံမဏိစက်ရုံ (အင်းစိန်ရွာမ)တို့မှ   အောက်ဆီဂျင်များကို လွတ်လပ်စွာ ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ အခုကျွန်တော်တို့ ကြားနေရတာက အများပြည်သူတွေဆီက အချက်အလက်တွေက လိုသလောက် မပေးနိုင်ဘူးဆိုပြီး ကြားနေရပါတယ်။ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေဖြင့် ကုန်ကြမ်းရရှိဖို့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌတို့က မပြတ်ပံ့ပိုးပေးလျက်ရှိပါတယ်။ ကျွန်တော်တို့အနေဖြင့် ၂၄ နာရီလည်ပတ်ပြီး တပ်မတော်ဆေးရုံတွေ၊ ပြည်သူ့ဆေးရုံတွေ၊ အများပြည်သူ ပုဂ္ဂလိကဆေးရုံတွေမှာ ပြတ်လပ်မှုမရှိအောင် အတတ်နိုင်ဆုံး မရပ်မနား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ စက်ရုံမှာ အောက်ဆီဂျင်လာရောက်ဖြည့်တင်းမည်ဆိုပါက ကိုယ်ပိုင်အိုးလေး တွေယူလာပြီး ထောက်ခံစာတွေမလိုပါဘူး။ ဂိတ်(၁)ကနေ အိုးအသေးတွေကို ကန့်သတ်ချက်လေးထားပြီး ဂိတ်(၂) ဘက်က ၁၀ လီတာ၊ ၁၅ လီတာ အိုးတွေကို နံနက် ၉ နာရီမှ ည ၉ နာရီအထိ အိုးပေါင်း ၄၀၀ နဲ့ ၄၅၀ ကြား နေ့စဉ်ထုတ်ပေး ဆောင်ရွက် လျက်ရှိပါတယ်။ ကျွန်တော်တို့ စက်ရုံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့အတူ မြန်မာစီးပွားရေး ကော်ပိုရေး ရှင်းဥက္ကဋ္ဌရဲ့ စီစဉ်ပံ့ပိုးမှုတွေနဲ့ ကျွန်တော်တို့စက်ရုံက အများပြည်သူတွေ လိုအပ်နေတဲ့  အောက်ဆီဂျင်လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးဖို့အတွက် ၂၄ နာရီ မရပ်မနားဘဲနဲ့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ အများပြည်သူတွေအနေနဲ့လည်း အောက်ဆီဂျင်နဲ့ ပတ်သက်တဲ့ ကောလာဟလ တွေကို မယုံကြည်ဖို့နဲ့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ချမှတ်ထားတဲ့  ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ စနစ်တကျနေထိုင်ပြီး ကျွန်တော်တို့ စက်ရုံတွေအနေနဲ့ အများပြည်သူတွေလိုအပ်တဲ့ အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးအောင်ဖြိုးမြင့် (စက်ရုံမှူး) အောက်ဆီဂျင်နှင့် မီးသတ်ဆေးဘူးစက်ရုံ (မင်းဓမ္မ) ကပြောသည်။

“ကိုဗစ်-၁၉ Third Wave မှာ ရန်ကုန်တိုင်းဒေသကြီးက လူနာဦးရေများပြားနေပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ အောက်ဆီဂျင်လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်ပေးဖို့အတွက် ကျွန်တော်တို့ တိုင်းကောင်စီက အစီအမံနဲ့ ဆောင်ရွက်နေပါ တယ်။ လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဆေးရုံကြီး ရှစ်ရုံမှာ Liquid Oxygen ရှစ် နေရာလုပ်ထားပါတယ်။ ဝင်ဆံ့မှုအင်အားက တန် ၈၀ ဖြစ်ပါတယ်။ တန် ၈၀ ကို ကျွန်တော်တို့အနေနဲ့ ယခင်ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှ ဆေးရုံတွေကနေ တိုက်ရိုက်ဝယ်ယူပြီး လုပ်နေတဲ့ အဖွဲ့နှစ်ဖွဲ့ဖြစ်ပါတယ်။ တစ်နေ့ ၁၃ တန်ကို ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဆေးရုံ ရှစ်ရုံကို အဖွဲ့ နှစ်ဖွဲ့နဲ့ YIG အဖွဲ့ စတဲ့ အဖွဲ့သုံးဖွဲ့က ဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။ ယနေ့ဖြစ်ပွားလာတဲ့ ကိုဗစ်-၁၉ ရောဂါရဲ့ လူနာဦးရေ တိုးပွားလာတာရယ်၊ Third Wave မှာ အများဆုံး အောက်ဆီဂျင်ကို အသုံးပြုလာတာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးရယ်၊ နာယက အဖွဲ့ဝင်တွေရဲ့အစီအမံနဲ့ Management ကော်မတီကကြီးကြပ်ပေးတဲ့ နေရာတွေကို အောက်ဆီဂျင်ရအောင်နဲ့ လိုအပ်တဲ့ Admin ပိုင်းဆိုင်ရာအားလုံးကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ဆောင်ရွက် ပေးပါတယ်။ ကုသရေးပိုင်းဆိုင်ရာ အားလုံးကိုတော့ ကျန်းမာရေးနဲ့အား ကစားဝန်ကြီးဌာနက ဒုတိယဝန်ကြီးဦးဆောင်ပြီး ရန်ကုန်တိုင်းမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ကျွန်တော်တို့ နှစ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုကတော့ နေ့စဉ်အောက်ဆီဂျင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ရန်ကုန်တိုင်းမှာ မြို့နယ် ၄၅ မြို့နယ်ရှိပါတယ်။ ကိုကိုးကျွန်းအပါအဝင်ပါ။ ကိုကိုးကျွန်းအပါအဝင် ၄၅ မြို့နယ်မှာ လက်ရှိ ၃၈ မြို့နယ် ခုတင်ဝင်ဆံ့အင်အား ၄၅၀၀ ကျော် ဆောင်ရွက်ထားပါတယ်။ စင်တာကတော့ ၆၂ ခု ရှိပါတယ်။ ကိုဗစ် Positive ဖြစ်ပြီး လူနာတွေအားလုံးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစီအစဉ်နဲ့  Quarantine Center အားလုံးကို   ပို့ဆောင်ပေးပြီး  အဲ့ဒီကနေ ထူးခြားဖြစ်စဉ်တွေ ဖြစ်တဲ့ဟာ အားလုံးကို ဆေးရုံကြီးတွေကို ပို့ဆောင်တဲ့စနစ်နဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အဖွဲ့ဆိုရင် Management ကော်မတီမှာ နေ့ညစီစဉ်ပြီး တင်ပေးလျက်ရှိပါတယ်။ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ပြန့်ပွားနှုန်းကို ထိန်းနိုင်အောင် စီမံဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ လောလောဆယ် အောက်ဆီဂျင်ရရှိမှုအခြေအနေကိုတင်ပြရရင် ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှာလာလှူတဲ့ အလှူရှင်အားလုံး ၅၆ ဦး ရှိပါတယ်။ အလှူရှင် ၅၆ ဦးမှာ  လက်ရှိပို့နေတာက ထိုင်းနိုင်ငံက 20 m Tube အိုးနှစ်လုံးရောက်ပါတယ်။ ပထမတစ်လုံးကို   မြောက်ဥက္ကလာပဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကြီးကို ဖြည့်ပေးပါတယ်။ ဒုတိယအနေနဲ့ ဒီနေ့မနက်မှာတော့  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးကို အခုဖြည့်နေပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်မှာ ၅၆ ဦးရှိတဲ့အတွက်ကြောင့် ၅၆ ဦးသည် တစ်ခါလာရင် တန် ၂၀ ဖြစ်တဲ့အတွက်  ကျွန်တော်တို့မှာ  တန်ချိန်ပေါင်း ၁၁၀၂၀ လောက်ကို လက်ထဲရပြီးဖြစ်ပါတယ်။ အခုကျွန်တော်တို့ကို ကမ်းလှမ်းနေတဲ့ အသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် လှူပေးမယ်ဆိုပြီး တိုင်းကောင်စီကို လာရောက်ဆက်သွယ်လာတာလည်းရှိပါတယ်။

ကျွန်တော်တို့ အစီအစဉ်ကတော့ ထိုင်းနိုင်ငံကနေပဲ ဆောင်ရွက်ပြီး   ယူနေရတဲ့အတွက်   အခက်အခဲတစ်ခုခုဖြစ်လာရင် ကျော်လွှားဖို့အတွက် တိုင်းကောင်စီဥက္ကဋ္ဌကြီးရဲ့ အစီအမံနဲ့ တခြားသော တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ စတဲ့သုံးနိုင်ငံကနေ အောက်ဆီဂျင်ရရှိရေးကို တိုင်းကောင်စီအနေနဲ့ ရန်ကုန်တိုင်း တိုင်းတစ်တိုင်းလုံးကို လုံလောက်အောင် ဆောင်ရွက်နေပါတယ်။  ပထမရောက်တဲ့ နှစ်စီးကို ပြည်သူ့ဆေးရုံတွေကို ဖြည့်ပေးပြီးရင် ပြည်သူလူထု အခု တကယ်တန်းစီနေတဲ့ အပြင်မှာထွက်နေတဲ့ ကောလာဟလတွေကို ဖြေရှင်းပေးဖို့အတွက် ဆောင်ရွက်နေပါတယ်။ Industry Oxygen လို့ပြောတဲ့  လက်ရှိ Gas Oxygen ထုတ်လုပ်တဲ့ စက်ရုံအားလုံးပေါင်းက ဆယ်ဂဏန်းကျော်ရှိပါတယ်။ ယနေ့ တိုင်းကောင်စီဥက္ကဋ္ဌကြီးနဲ့တိုင်းမှူးတို့က   အောက်ဆီဂျင်  တကယ်လက်တွေ့ ထုတ်လုပ်နေတဲ့ ဆင်မလိုက် သင်္ဘောကျင်းနဲ့ ရွာမသံမဏိစက်ရုံတို့ကို  သွားရောက် စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။ နောက်တစ်ရက်၊ နှစ်ရက်အတွင်းမှာ အဲ့ဒီစက်တွေကလည်း စွမ်းအားပြည့် လည်ပတ်နိုင်ဖို့အတွက် ဆောင်ရွက်နေပါ တယ်။  ဒီတစ်ရက်နှစ်ရက် အတွင်းမှာ ပြည်သူလူထုလိုအပ်ချက်ကို အဲ့ဒီစက်ရုံ နှစ်ရုံရယ်  ယခင်ထုတ်လုပ်နေတဲ့ ဆယ်ဂဏန်း ကျော်ရှိတဲ့  စက်ရုံအလုပ်ရုံတွေက အောက်ဆီဂျင် အိုးပေါင်းမြောက်မြားစွာ ထွက်လာမှာဖြစ်ပါတယ်။ ပြည်သူလူထုကြောင့်ကြနေတဲ့ အားလုံးကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာပဲ   ပြေလည်အောင် ဆောင်ရွက်ပေးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

ရန်ကုန်တိုင်းဒေသ အတွင်းမှာရှိတဲ့ ပြည်သူလူထုကို တင်ပြချင်တာက  အောက်ဆီဂျင်နဲ့ပတ်သက်လို့ အခိုက်အတန့်ဖြစ်တဲ့ဟာကို နည်းနည်း သည်းခံပေးပါ။ လက်ရှိလည်း အောက်ဆီဂျင်နဲ့ပတ်သက်လို့ နာယက နှစ်ယောက်နဲ့ ဒီအဖွဲ့ရယ်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက  ဒုတိယဝန်ကြီး အဖွဲ့ရယ်  ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုလိုအပ်ချက်၊ ဆေးရုံတွေရဲ့ လိုအပ်ချက် အစဉ်ပြည့်မီအောင် ဆောင်ရွက်ပါမယ်။ ကျွန်တော်တို့ သတင်းရရှိထားတာကတော့ ပြီးခဲ့တဲ့ Second Wave မှာ တစ်လကို ယိုးဒယားကနေ တန် ၄၀၀ လောက်ဝယ်ရတယ်။ ခုလက်ရှိ ကျွန်တော့်မှာ သုံးလစာလောက်ကို အလှူရှင်ရ ထားပြီးဖြစ်ပါတယ်။ သယ်ပို့တဲ့အခက်အခဲတွေအနေနဲ့ ပါလာတဲ့အောက်ဆီဂျင်ကို နည်းပညာဆိုင်ရာ  လိုအပ်ချက်လေး တွေ Team လေးတွေဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။   Team   လေးတွေက ကျွမ်းကျင်မှုတွေအားလုံး ပူးပေါင်းပြီးတော့ ပြည်သူလူထုအတွက်  လာရောက်ပြီးတော့ ကူညီပေးတဲ့အတွက် ကူညီပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ အလှူရှင်တွေဖြစ်တဲ့ ၅၆ ဦး ကျွန်တော်တို့လက်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက လူ့အသက်ကိုကယ်ချင်တယ်ဆိုရင် ကျွန်တော်တို့ကို လာရောက်ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိတွက်ကြည့်တဲ့အခါမှာ  သယ်ခကိုတော့ မန္တလာမင်းကုမ္ပဏီက  ကားကိုအခမဲ့လှူဒါန်းပါတယ်။ အောက်ဆီဂျင်လှူတဲ့သူတွေလည်း အဆင်ပြေအောင်ဆောင်ရွက်ပေးပါတယ်။  နောက်ထပ်အလှူရှင်က ဦးအောင်မြတ်ပါ။ သူက ခုလက်ရှိလှူနေတဲ့အပြင် ကားနှစ်စီးလည်းဝယ်ထားပေးပါတယ်။ အဲဒါလည်း ကျွန်တော်တို့ လက်ဝယ်ကိုရောက်နေပါပြီ။ အဲဒီကားနှစ်စီးနဲ့သယ်ပြီးတော့ ရန်ကုန်တိုင်းမှာ လိုအပ်တာအားလုံးကို ဖြည့်ဆည်းပေး မှာဖြစ်တယ်။ ကျွန်တော်ခုနကပြောသလို သုံးလစာမဟုတ်ပါဘူး။ နောက်ထပ်လည်း လိုအပ်သလောက် လှူပါမယ်လို့သူပြောတယ်။  ဒီအလှူအတွက် ကျွန်တော် ဦးအောင်မြတ်ကို အရမ်းကျေးဇူးတင်ပါတယ်။

ကျန်တဲ့အလှူရှင်တွေဖြစ်တဲ့ ဦးသိန်းဝင်းဇော်တို့ဦးဆောင်ပြီး လုပ်တဲ့ ၅၆ ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ လာရောက်လှူဒါန်းသူတွေအားလုံးကလည်း ကျွန်တော်တို့တိုင်းကောင်စီကို ဆက်သွယ်ပြီးတော့ နောက်ထပ် ပြည်သူလူထု အသက်ကယ်ဖို့ လှူဒါန်းကြဖို့ မေတ္တာရပ်ခံလိုပါတယ်။   ပြည်သူလူထုနဲ့ ရန်ကုန်တိုင်းကို လုံလောက် သွားပြီဆိုရင် ကျွန်တော်တို့ ဥက္ကဋ္ဌကြီးအစီအမံတွေနဲ့ ကျန်တဲ့တိုင်းနှင့်ပြည်နယ်တွေမှာ လိုအပ်မယ်ဆိုရင် ကျွန်တော်တို့လုပ်နေတဲ့ အစီအမံတွေနဲ့ ထပ်မံပြီး ပံ့ပိုးဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွက် လုံလောက်အောင်နှင့် ရန်ကုန်တိုင်းပြည်သူ လူထုကို ဦးစားပေးမှာပါ။ ပြီးရင် နီးစပ်ရာ  တိုင်းတွေမြို့တွေကို  ဆက်ပြီး လှူဒါန်းသွားမှာဖြစ်ပါတယ်။ လက်ရှိအနေ အထားနဲ့ တွက်ချက်ထားတာကတော့ ကားတစ်စီးကို သိန်း ၁၂၀ ဖြစ်ပါတယ်။ ရန်ကုန်အရောက်ပါ။ Liquid Oxygen အသားဖိုးနဲ့ စရိတ်ကို တိုင်းကောင်စီကခံပါမယ်။ မည်သူမဆို  စိတ်ပါဝင်စားပြီးတော့ ပြည်သူလူထု အသက်ကယ်ချင်သောပုဂ္ဂိုလ်များအားလုံး ကျွန်တော်တို့နဲ့  ဆက်သွယ်ဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု ဦးဇော်ဝင်းရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊  ရန်ကုန်တိုင်းဒေသကြီး အောက်ဆီဂျင်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌကပြောသည်။                         

    (၁၀၀)