ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ခြင်းသာမက စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြည်ပမှအောက်ဆီဂျင်များကိုပါ မှာယူ ဖြန့်ဝေပေးလျက်ရှိ

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ခြင်းသာမက စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြည်ပမှအောက်ဆီဂျင်များကိုပါ မှာယူ ဖြန့်ဝေပေးလျက်ရှိ

 
နေပြည်တော်၊ ဇူလိုင် - ၁၇

 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင်လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့သဖြင့် အောက်ဆီဂျင် လိုအပ်ချက်များ ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် နိုင်ငံတော်နှင့် တပ်မတော်ပိုင် Oxygen Plant များ၊ ပုဂ္ဂလိကပိုင် Oxygen Plant များတွင် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ စေတနာရှင်အလှူရှင် များမှ စုပေါင်းလှူဒါန်းငွေများဖြင့်လည်း အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်း များကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်း ပေးလျက်ရှိပြီး လိုအပ်သည့်နေရာများ သို့ ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ တင်သွင်းဖြန့်ဝေပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်စင်တာများအတွက် ပြည်ပမှမှာယူထားသည့် ဆေးရုံသုံး အောက်ဆီဂျင်ဓာတ်ငွေ့ရည် တင်ဆောင်လာသည့် မက်ထရစ်တန် ၂၆ တန်ဆံ့ မော်တော်ယာဉ် ၁ စီးသည် ယနေ့နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့ရာ မန္တလေးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ ဦးမောင်ကိုနှင့်အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

 
ထို့နောက် Liquid Oxygen အရည်များကို တာဝန်ယူသယ်ဆောင်လာသည့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ရန်ပုံငွေရှာဖွေရေး ကော်မတီဉက္ကဌက မန္တလေးမြို့ အထွေထွေ ရောဂါကုဆေးရုံ အုပ်ကြီးထံသို့ လိုအပ်သည့်စာရွက်စာတမ်းများနှင့်အတူ လွှဲပြောင်းပေးအပ်သည်။

 
အဆိုပါရောက်ရှိလာသော Liquid Oxygen များကို ဆေးရုံများနှင့် ကိုဗစ် ကုသရေးစင်တာများတွင် တက်ရောက်ကုသခံနေသော လူနာများ၊ အောက်ဆီဂျင်လိုအပ် နေသော ပြည်သူများအတွက် တပ်မတော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် အလှူရှင်များ၏ ငွေအားလူအားအကူအညီများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောက်ဆီဂျင်လိုအပ်လျက်ရှိသော ဆေးရုံများနှင့် ပြည်သူများထံသို့ စနစ်တကျဖြန့်ဖြူးလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 
၎င်းအပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုထိ ရောက်စွာဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကျန်းမာ ရေးဆိုင်ရာပစ္စည်းများကို တင်သွင်းခွင့်ပြုထားရာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ တင်သွင်းလာ သည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၂၇၈၅ လုံးသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွေဟော်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းသို့လည်းကောင်း၊ စေတနာရှင် အလှူရှင်များ ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြည်ပမှ မှာယူထားသည့် အောက်ဆီဂျင် ၆၀ လီတာဆံ့ ၅၀ လုံး၊ ၄၀ လီတာဆံ့ ၇၉၈ လုံး၊ ၂၀ လီတာဆံ့ ၇၀ လုံးနှင့် ၁၀ လီတာဆံ့ ၁၀၄ လုံးတို့ သည် မြဝတီမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်းကောင်း အသီးသီးရောက်ရှိလာခဲ့ကြောင်း သိရှိရပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့သို့ ဆက်လက်ပို့ဆောင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။