ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကုသရာတွင်အသုံးပြုရန် Remdesivir ကုသဆေးအလုံးပေါင်း ၃ သောင်း နေပြည်တော်သို့ရောက်ရှိ

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကုသရာတွင်အသုံးပြုရန် Remdesivir ကုသဆေးအလုံးပေါင်း ၃ သောင်း နေပြည်တော်သို့ရောက်ရှိ

 
နေပြည်တော် ဇူလိုင် ၂၀

 
ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အရေးပေါ်ကုသရာတွင်အသုံးပြုရန်အတွက် National Strategic Investment Corporation Co.Ltd(NSIC) မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ လှူဒါန်းသည့် Remdesivir ကုသဆေးအလုံးပေါင်း ၃ သောင်းသည် တပ်မတော်လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် နေပြည်တော်လေဆိပ်သို့ ယနေ့ညပိုင်းတွင် ရောက်ရှိသည်။

 
အဆိုပါ Remdesivir ကုသဆေးများကို နေပြည်တော်လေဆိပ်၌ National Strategic Investment Corporation Co.Ltd မှ အထွေထွေမန်နေဂျာက လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လက်ခံရယူခဲ့သည်။

 
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါအား Remdesivir ဆေး ဖြင့် ကုသရာတွင် အထိရောက်ဆုံးနှင့် လူသေဆုံးမှုနှုန်းကို လျော့ချနိုင်မှု အရှိဆုံးဖြစ်ကြောင်း၊ အဆိုပါ Remdesivir ကုသဆေးကို အမေရိကန်နိုင်ငံ Gileat Sciences, Inc မှ တီထွင်ထုတ်လုပ်ပြီး အမေရိကန်နှင့် ဥရောပနိုင်ငံများရှိ FDA ထောက်ခံချက်ရရှိခဲ့ကာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကုသမှုတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ထို့ပြင် Remdesivir ကုသဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုရန်အတွက် Gileat Sciences, Inc က ထုတ်လုပ်မှုလိုင်စင်ကို အိန္ဒိယနိုင်ငံ Hetero Labs Limited မှ ဝယ်ယူ၍ Remdesivir ဆေးဝါးကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း၊ Remdesivir ကုသဆေးကို National Strategic Investment Corporation Co.Ltd အနေဖြင့် မြန်မာကျပ်ငွေ ၃ ဘီလီယံတန်ဖိုးခန့်ရှိ ဆေးအလုံးပေါင်း ၃ သောင်းအား အိန္ဒိယနိုင်ငံမှ မှာယူ၍ မြန်မာနိုင်ငံပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ မှတစ်ဆင့် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။