ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိခြင်းနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ချက်

ရက်စွဲ(၂၁-၄-၂ဝ၂၁)

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Covi-shield) အရေအတွက် (၁.၅) သန်းကို ပထမအသုတ်အဖြစ် အိန္ဒိယနိုင်ငံအစိုးရ၏  လက်ဆောင်အနေဖြင့် ရရှိခဲ့ပါသည်။

ဆက်လက်၍ ဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်ကာကွယ်ဆေး (၃ဝ) သန်း အနက်မှ အရေအတွက် (၂) သန်းကို ရရှိခဲ့ရာ ယနေ့အထိ စုစုပေါင်း ကာကွယ်ဆေး အရေအတွက်(၃.၅)သန်း ရရှိပြီးဖြစ်ပါသည်။ ထပ်မံရောက်ရှိရန် ကျန်ရှိသည့်ကာကွယ်ဆေး (၂၈)သန်းကိုလည်း သတ်မှတ်ထားသည့် အချိန်ကာလများအတွင်းတွင် အသုတ်လိုက် ရောက်ရှိစေရေး ဆောင်ရွက်လျက်ရှိပါသည်။

ရရှိထားသည့် ကာကွယ်ဆေးများကို ဦးစားပေး အစီအစဉ်များအရ (၂ဝ၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် စတင်ထိုးနှံပေးခဲ့ပါသည်။ (၂၁-၄-၂ဝ၂၁)နေ့အထိ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းအဖြစ် ကာကွယ်ဆေး အရေ အတွက် (၁.၅၄) သန်း၊ ဒုတိယအကြိမ် ထိုးနှံခြင်းအဖြစ် (ဝ.၃၄)သန်း၊ စုစုပေါင်း ကာကွယ်ဆေးအရေအတွက် (၁.၈၈) သန်းကို ပြည်ထောင်စု နယ်မြေ  နေပြည်တော်နှင့်  ပြည်နယ်/ တိုင်းဒေသကြီးများ အားလုံးတွင်  ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးခဲ့ပြီးဖြစ်ပါသည်။

ကျန်ရှိသောကာကွယ်ဆေးအရေအတွက် (၁.၆၂) သန်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးများတွင် ဒုတိယ အကြိမ်မြောက်အဖြစ် ထိုးနှံပေးနိုင်ရန် အတွက် သာတူညီမျှမှုရှိစွာ စနစ်တကျ ဖြန့်ဝေထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းပြင်းထန်စွာ ကူးစက်ပြန့်ပွားမှု မရှိစေရေး မိဘပြည်သူများမှ မိမိတို့နေထိုင်ရာ ဒေသအလိုက် ဧပြီလနှင့် မေလများတွင် ဆက်လက် ထိုးနှံပေးမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (အထူးသဖြင့် ဒုတိယအကြိမ်ထိုးနှံခြင်း)ကို မပျက်မကွက်(မပျက်မကွက်)  ထိုးနှံခြင်း ခံယူကြပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံမည့်သူများအား ထိုးနှံပြီး၍ ကာကွယ်ဆေးများ ပိုလျှံမှုပေါ်မူတည်ကာ မိဘပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကာကွယ်ဆေးများ ဆက်လက် ရောက်ရှိလာခြင်းနှင့် ထိုးနှံမည့် အစီအစဉ်နှင့် ပတ်သက်၍ အပြောင်းအလဲများ ရှိပါက အချိန်နှင့်တစ်ပြေးညီ ဆက်လက် သတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ပါသည်။

(ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)