ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အများပြည်သူရုံးပိတ်ရက်များတွင်လည်း လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ အဆက်မပြတ် တင်သွင်းလျက်ရှိ

 

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အများပြည်သူရုံးပိတ်ရက်များတွင်လည်း လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ အဆက်မပြတ် တင်သွင်းလျက်ရှိ

နေပြည်တော်  သြဂုတ်  ၉

နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများ အတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator  ၄၂၄၂ ခုနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း Oxygen  Concentrator  ၁၉၉ ခု အပအဝင် မူဆယ်၊ လွယ်ဂျယ်၊  ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည်ဘောက်ဆာ ယာဉ်သုံးစီးဖြင့်  ၅၉ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) တန် ၂ဝ၊ အောက်ဆီဂျင်ဓာတ်ငွေ့(အိုးဖြင့်) ၂ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၅၄၂၂ ခု၊ Oxygen Plantတစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၅၃၄၁ ခု၊ PPE  ဝတ်စုံ ၂၄၃၆ဝ နှင့် နှာခေါင်းစည်း (Mask) ၈၉ တန် တင်သွင်းနိုင်ခဲ့သည်။   အထက်ပါပစ္စည်းများကို ကုမ္ပဏီ ၂၉ ခုမှ ယာဉ်စီးရေ ၅၇ စီးဖြင့် တင်သွင်းလာခြင်း ဖြစ်သည်။

သြဂုတ်လအတွင်း ယာဉ်စီးရေ ၅၃၈ စီးဖြင့် အောက်ဆီဂျင်အရည် ဘောက်ဆာယာဉ်ဖြင့်  ၅၁၆ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၁ဝ၉ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့(အိုးဖြင့်) ၆၅ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၆၂၂၁၂ ခု၊ Oxygen Plant ခုနစ်ခု၊ အောက်ဆီဂျင်  (Generator)ကိုးခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၅၁၂၇၅ ခု၊ Test Kit  ၁၄၁၆၄၂  ခု၊  PPE ၃ဝ၅၂၉၂   စုံ၊ လက်အိတ်တန်  ၄ဝ  နှင့်  နှာခေါင်းစည်း (Mask) ၇၂၆ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းထိန်းချုပ်နိုင်ရေး အတွက် ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေး အတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများ  ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူ မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေး ကြေညာချက်များကိုလည်း ဝန်ကြီးဌာန  Websiteဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး  စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။