ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ၏အဆုတ်က ဆေးလိပ်သောက်သူ၏ အဆုတ်ထက်ပိုမိုဆိုးဝါး

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသောလူနာ၏အဆုတ်သည် ဆေးလိပ်သောက်သူ၏အဆုတ်ထက် ပိုမိုဆိုးဝါးကြောင်း အမေရိကန်တက္ကဆက်နည်းပညာတက္ကသိုလ်၏ ကျန်းမာရေးသိပ္ပံဌာနမှ  တွဲဖက် ပါမောက္ခ ဒေါက်တာဘရစ်တနီဘန် ဟတ်ကန်ဒေါကပြောသည်။

ဘရစ်တနီဘန်ဟတ်ကန်ဒေါက   ၎င်းအနေဖြင့်   ကျန်းမာရေးကောင်းမွန်သူ၊ ဆေးလိပ်သောက်သူနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ၏အဆုတ်ဓာတ်မှန်များကို မကြာသေးမီက နှိုင်းယှဉ်လေ့လာထားသည် ဟုဆိုသည်။

ထိုလေ့လာမှုတွင်    ကျန်းမာသူ၏အဆုတ်မှာသန့်ရှင်းပြီး ဆေးလိပ်သောက်သူ၏အဆုတ်မှာ အမာရွတ် နှင့် ပိတ်ဆို့မှုဖြစ်စေသော အဖြူရောင်အကြောင်းများမြင်ရကာ   ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ၏ အဆုတ်တစ်ခုလုံးနီးပါးမှာ    အဖြူရောင်အကြောင်းများဖြင့် ပြည့်လုနီးပါးဖြစ်သည်ကိုတွေ့ရသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအနေဖြင့် ရောဂါမှပြန်လည်သက်သာလာပြီးနောက် မောဟိုက်မှုများခံစားရပါက ဆရာဝန်နှင့် ဆက်လက်ပြသရန်အရေးကြီးကြောင်း ဘရစ်တနီဘန်ဟတ် ကန်ဒေါကသတိပေးထားသည်။

ကိုဗစ်-၁၉ ရောဂါသည် နှာခေါင်း၊ ပါးစပ်နှင့်  မျက်လုံးတွင်ရှိသော   ချွဲမြှေးများမှတစ်ဆင့်     အသက်ရှူ လမ်းကြောင်းထဲ ဝင်ရောက်ကာ အဆုတ်ကိုအဓိကထိခိုက်စေပြီး လူတစ်ဦး၏ အသက်နှင့်ကျန်းမာရေး အပေါ်မူတည်၍ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများခံစားရနိုင်ကြောင်း သိရသည်။

ထိုရောဂါကူးစက်ခံရသူများသည် ဖျားခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း သို့မဟုတ် မောဟိုက်ခြင်း တို့ခံစားရသည့်အပြင် ယခုအထိမသိရှိနိုင်သေးသော   အချို့လက္ခဏာများကြောင့် သေဆုံးစေနိုင်ကြောင်းသိရသည်။