ကိုဗစ်-၁၉ ရောဂါကူးစက်မှုဒဏ်ကို အလူးအလဲခံစားနေရသည့်နယူးဒေလီ၌ ရေရှားပါးမှုနှင့်ပါကြုံတွေ့နေရ

နယူးဒေလီ၊ ကျန်းမာရေး

ကိုဗစ်-၁၉ ရောဂါကူးစက်မှုဒဏ်ကို အလူးအလဲခံစားနေရသည့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ရေရှားပါးမှုနှင့်ပါ ကြုံတွေ့နေရကြောင်း သိရသည်။

နယူးဒေလီမြို့၌ ဧပြီလအစကတည်းက ရေပြတ်လပ်မှုနှင့်ရင်ဆိုင်ခဲ့ရပြီး ယခုအခါ ရေရှားပါးမှုပြဿနာမှာ စိုးရိမ်ဖွယ်ရာနှင့် ဆေးရုံ၌ ဆေးဝါးကုသမှုများကိုပါ ထိခိုက်လာသည့် အခြေအနေဖြစ်သည်။

မြို့တော်၌ မကြာမီရက်ပိုင်းအတွင်း ရေပြတ်လပ်မှုနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ဆေးရုံများ၌လည်း ထိုနည်းတူပင်ဖြစ်ကြောင်း နယူးဒေလီမြို့တော် ရေပေးဝေရေးဌာနမှ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်အမတ် ရာဟတ်ချာဟာက ပြောသည်။

နယူးဒေလီမြို့တွင် သီတင်းပတ်ပေါင်း များစွာကြာအောင် ရေထောက်ပံ့မှုမလုံ လောက်သဖြင့် လူနေရပ်ကွက် များစွာမှာ ရေပြတ်လပ်မှုဒဏ်ကို ဆိုးရွားစွာခံစားနေရပြီး ရရှိသည့်ရေထဲတွင် အမိုးနီးယားဓာတ်ငွေ့လည်း ပါဝင်နေသည်။

အိန္ဒိယနိုင်ငံ၌ မေ ၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သန်း ၂၀ ကျော်နှင့် သေဆုံးသူ နှစ်သိန်း ကျော်ရှိလာပြီဖြစ်ပြီး ဆေးရုံများ၌ အောက်ဆီဂျင်နှင့် လူနာခုတင်များ ပြတ်လပ်နေသည့်အပြင် လူနာ အမြောက်အမြားအတွက် ဆေးဝါးများပါ ပြတ်လပ်နိုင်သည့် အနေအထားဖြစ်နေကြောင်း သိရသည်။

Ref: Sputnik