ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဇာစ်မြစ်နှင့် ပတ်သက်၍ သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်ကို လေးစားရန် တရုတ်တောင်းဆို

ပေကျင်း၊ နိုင်ငံရေး

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဇာစ်မြစ်နှင့် ပတ်သက်၍ သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အပြစ်တင်ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်  အခြားနိုင်ငံများ အနေဖြင့် သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်ကို လေးစားရန် တရုတ်အစိုးရက တောင်းဆိုကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့် ထိုကဲ့သို့တွေ့ရှိချက်ကို ကမ္ဘာ့နိုင်ငံများက လေးစားစေရန်    ဦးဆောင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ် ၃၁   ရက်တွင် ပြုလုပ်သော  သတင်းစာ ရှင်းလင်းပွဲ၌ပြောသည်။

သက်ဆိုင်ရာ  သိပ္ပံပညာရှင်များက ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှု ဇာစ်မြစ်ကို ထုတ်ပြန်ပြီး   နောက်တစ်ရက်အကြာတွင် တရုတ်က ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်။ ထိုထုတ်ပြန်ချက်ကို အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက အပြစ်တင် ဝေဖန်ထားသည်။

ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များနှင့် တရုတ်သိပ္ပံပညာရှင်များ ပါဝင်သော စစ်ဆေးရေး အဖွဲ့သည် တရုတ်နိုင်ငံအတွင်း စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်သည် လင်းနို့များထံမှ ဆင်းသက်ကာ အခြားတိရစ္ဆာန်များကို ကြားခံထားပြီးနောက် လူများသို့ ကူးစက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် ဝူဟန်မြို့ရှိ ရောဂါပိုးမွှားဗေဒ ဓာတ်ခွဲခန်းတစ်ခုမှထွက်ပေါ်လာခြင်းဖြစ်သည်ဟု နိုင်ငံအများအပြားက  ယုံကြည်နေသည့်အတွက် ယခုထုတ်ပြန်ချက်ကို အပြစ်တင် ဝေဖန်ထားခြင်း ဖြစ်ကြောင်း သိရသည်။