ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက် ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက် ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်  စက်တင်ဘာ  ၈

ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက်    တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို  လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင်   စနစ်တကျလက်ခံ၍   ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌  Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ပြင်ဆင် ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြု ပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

ထိုသို့   ပြင်ဆင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌    သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၅၉ ဦးနှင့် အမျိုးသမီး ၁၂၇ ဦး၊ စုစုပေါင်း ၂၈၆ ဦးအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌    ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၄၆ ဦးအား လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ   နယ်မြေခံတပ်၌  ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား  ၁ဝ  ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၉  ဦးအား လည်းကောင်း  အသီးသီး လက်ခံထားရှိကြောင်း သိရှိရသည်။

အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။