ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများသာမက နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်၍ အင်တိုက် အားတိုက်ဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြရန်လို

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများသာမက နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်၍ အင်တိုက် အားတိုက်ဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြရန်လို

 
နေပြည်တော်၊ ဇူလိုင်- ၁၈

 
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပြီး ကုသရေးလုပ်ငန်း သည် အများနှင့်ဆိုင်သည့် ကိစ္စရပ်ဖြစ်သဖြင့် ကျန်းမာရေးဝန်ထမ်းများသာမက ပြင်ပမှ ကျွမ်းကျင်သူများ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကျန်းမာ ရေးဝန်ထမ်းများသည် အနီးကပ်ဆုံး၊ လက်တွေ့အကျဆုံးတာဝန်ယူ ဆောင် ရွက်နေကြရသူများဖြစ်သဖြင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ၊ အားပေးမှုများနှင့် စောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

 
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုသည် ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပေါ်ခဲ့စဉ် မသိသာခဲ့ သော်လည်း လက်ရှိတတိယလှိုင်းတွင် ဖြစ်ပွားမှုနှုန်းများပြား မြန်ဆန်လာသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံများတွင် ရောဂါဖြစ်ပွားမှုအနေဖြင့် လူဦးရေသန်း ၁၉၀ ကျော်ရှိပြီဖြစ်ပြီး မိမိတို့နိုင်ငံတွင် ဇူလိုင် ၁၇ ရက်နေ့အထိ ၂၂၄၂၃၆ ဦးရှိပြီဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ တတိယလှိုင်းသည် မိမိတို့နိုင်ငံ၌ ဇွန်လမှ စတင် ဖြစ်ပွားလာခဲ့ပြီး ဇူလိုင်လ ၁ ရက်မှစ၍ ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက် လာ သည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့၏ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းများကို သုတေသနပြု နှိုင်းယှဉ်ရာတွင် များစွာ ကွာခြားမှု ရှိပြီး တတိယလှိုင်းတွင် ကူးစက်ဖြစ်ပွားမှုနှုန်းများသည်ကို ဆတိုးဖြင့် ကူးစက်ပြန့်ပွား လျက်ရှိသည်ကို တွေ့ရှိရကြောင်း။

 
ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ၁ ဒသမ ၆ သန်းကျော်ကို ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပြီး ဒုတိယအကြိမ်ထိုးနှံမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ လူထု အားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများကို လှူဒါန်း ရရှိမှုများ၊ မှာယူမှုများဖြင့် အဆက်မပြတ် တင်သွင်းလျက်ရှိပြီး ဇူလိုင် ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၇ သိန်းခွဲ ထပ်မံ ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်လည်း ဆက်တိုက် ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ဩဂုတ်လ ပထမအပတ်အတွင်း၌လည်း ကာကွယ်ဆေးများ ဆက်လက် ရောက်ရှိလာမည် ဖြစ်သ ဖြင့် ယခုနှစ်အတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများကိုလည်း ဆေးဝါး တင်သွင်းမှုနှင့် ပတ်သက်၍ ကန့်သတ်ချက်မထားရှိပဲ ခွင့်ပြုပေးထားကြောင်း။

 
အောက်ဆီဂျင်နှင့် ပတ်သက်၍ လူအများစိတ်ဝင်စားလျက်ရှိပြီး အောက်ဆီဂျင် ပေး၍ ကုသသည်ဆိုသော်လည်း လိုအပ်သည့်သူများကိုသာ အောက်ဆီဂျင်ပေးကုသ ရသည်ဖြစ်ကြောင်း၊ သို့သော်လည်း ပြည်သူလူထုအနေဖြင့် ကောလာဟလ သတင်း များကြောင့် စိုးရိမ်ပူပန်ပြီး အောက်ဆီဂျင်များကို ဝယ်ယူသိုလှောင်ခြင်း၊ တစ်ဆင့်ခံ ရောင်းချခြင်းများ လုပ်ဆောင်နေကြသည်ကို တွေ့ရှိရကြောင်း၊ အောက်ဆီဂျင်ကို ဆေးရုံများနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ အကြံပြုချက်များဖြင့် အသုံးပြုခြင်းသာ အကောင်းဆုံးဖြစ်မည်ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ စက်ရုံ၊ အလုပ်ရုံများရှိ Oxygen Plant များမှ အောက်ဆီဂျင်များ ထုတ်လုပ် ပေးလျက်ရှိသည့်အပြင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှလည်း liquid အောက်ဆီဂျင်နှင့် အောက်ဆီဂျင်အိုးများကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် တင်သွင်းပေး လျက် ရှိကြောင်း၊ တတိယလှိုင်းတွင် မိမိတို့သာမက အိမ်နီးချင်းနိုင်ငံများ၌လည်း အလားတူ အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိကာ ကူးစက်မှုလျော့ကျနိုင်ရေးကို အဓိကထား ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။

 
လက်ရှိအချိန်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ သုတေသနပြု ထားသည်များကို လေ့လာမှုများနှင့် Mobility Pattern အရ လူစုလူဝေးပြုလုပ်မှု၊ လူအများစုရုံးနေမှုများ လျော့နည်းလာသည်ကို လက်တွေ့တွေ့မြင်ရပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှုမှာ မြင့်တက်လာသည်ကို တွေ့ရှိရကာ သတ်မှတ်ထားသည့် စည်းကမ်း များကို အလေးထား လိုက်နာလျက် ရှိသည့်အတွက် ပြည်သူလူထုကို ကျေးဇူးတင်ရှိပါ ကြောင်း၊ ထုတ်ပြန်ထားရှိသည့် သွားလာနေထိုင်မှု အခြေခံစည်းကမ်းများကို တစ်ဦး ချင်း တာဝန်သိစွာဖြင့် လိုက်နာ ဆောင်ရွက်ပြီး အားလုံး ပူးပေါင်းဆောင်ရွက် မည်ဆိုပါက ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိန်းသိမ်းကြပ်မတ်ရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှု နှုန်းမြင့်တက်လျက်ရှိသော်လည်း ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေးနှင့် ကုန်ထုတ်လုပ်ငန်း များ အခက်အခဲ မရှိစေရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ လေကြောင်း၊ ရထားလမ်း၊ ကားလမ်းများကို ဖွင့်လှစ် ပေးထား လျက်ရှိပြီး ပို့ဆောင်ဆက်သွယ်ရေး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း များ၏ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ တို့နှင့် ပတ်သက်၍လည်း စောင့်ရှောက်ပေးရန် လိုအပ် မည်ဖြစ်ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာမည့် ရောဂါ ကာကွယ်ဆေးများကို အများနှင့် ထိတွေ့ဆက်ဆံနေရသော ပို့ဆောင်ဆက်သွယ်ရေး တာဝန် ထမ်းဆောင်နေသည့်ဝန်ထမ်းများအား ဦးစားပေး ထိုးနှံပေးသွားနိုင်ရေး စီစဉ်ရန် လို ကြောင်း။

မကြာမီရက်သတ္တပတ်အတွင်း ကျရောက်မည့် အာဇာနည်နေ့၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့နှင့် အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်) နေ့ အခမ်းအနား များသည် မဖြစ်မနေကျင်းပပြုလုပ်ရန်လိုအပ်သည့် အခမ်းအနားများဖြစ်သော်လည်း ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတစ်စုံတစ်ရာ မရှိစေရေးအတွက် သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သွားရန်လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။

 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ကိုဗစ်-၁၉ ရောဂါကာကွယ်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် “ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်လို့ ထိခိုက်မှုမရှိအောင် ဆောင်ရွက်ရန် လိုပါတယ်။ အဓိက ဘာလဲဆိုတော့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး အရေးကြီးပါတယ်။ ဒီရောဂါက ဘယ်လိုမှ တားဆီးလို့ရတာလဲ မဟုတ်ပါဘူး။ မြင်လည်း မမြင်ရဘူး၊ ကြားလည်းမကြားရဘူး၊ အနံ့လည်းမရဘူး၊ ဒီလိုအခြေအနေမျိုး မှာ ကျွန်တော်တို့အနေနဲ့ အားလုံးက ပူးပေါင်းဆောင်ရွက်မှု ပိုအရေးကြီးတယ် ဆိုတာ ကျွန်တော်ပြောလိုပါတယ်။ အဓိက က ကုသရေးပိုင်းဆိုင်ရာမှာ တာဝန်ထမ်းဆောင် နေတဲ့ ဝန်ထမ်းတွေရဲ့ ကိစ္စ၊ ဝန်ထမ်းတွေမှာလည်း နိုင်ငံ့ဝန်ထမ်းတွေ ရှိသလိုဘဲ၊ နောက်တစ်ခါ အပြင်မှာရှိနေတဲ့ ကျွမ်းကျင်တဲ့ လူတွေရှိပါတယ်။ ဆေးဘက်ပညာရှင် တွေရှိပါတယ်။ အများနဲ့ပတ်သက်တဲ့ကိစ္စ ဖြစ်လို့ အားလုံးပူးပေါင်းဆောင်ရွက်ပေး ရန်လိုပါတယ်လို့ ပြောလိုပါတယ်။ သူတို့၏ ကျန်းမာရေးဆိုင်ရာ အကာအကွယ်ကို လည်း ကာကွယ်ပေးဖို့လိုတယ်။ သူတို့ ဖျားနာနေလို့မရဘူး။ သူတို့ကိုလည်း ပိုပြီးတော့ ဂရုစိုက်ဖို့လိုတယ်။ သူတို့ရဲ့ ကုသပေးမှုက လူအများကို ဆောင်ရွက်ပေးတာ။ လူတစ် ယောက်က လူအများကို ဆောင်ရွက်ပေးတာ ဖြစ်တယ်။

 

 လူအများက သူ့ကို ဆောင်ရွက်ပေးတာမဟုတ်ဘူး။ လူတစ်ယောက်က လူအများကို ဆောင်ရွက်ပေးတာ ဖြစ်တယ်။ ဒါကြောင့် သူတို့က ပိုပြီးအရေးကြီးပါတယ်။ ဦးစားပေးပါ။ သူတို့ကို ပြန်ပြီး တော့ ဦးစားပေးဖို့ လိုပါတယ်။ ဒါတွေကလည်း အုပ်ချုပ်မှုပိုင်းဆိုင်ရာ တာဝန် ရှိတဲ့ပုဂ္ဂိုလ်အဆင့်ဆင့်ကလည်း အထူးအလေးထားပြီးတော့ ဆောင်ရွက်ပေးဖို့ ပြောလိုပါတယ်။ တစ်ဖက်ကလည်း စောစောကကျွန်တော်ပြောတဲ့ နိုင်ငံဝန်ထမ်းများနဲ့ ကျွမ်းကျင်သူများကလည်း အပြင်မှာရှိတဲ့ကျွမ်းကျင်သူ အားလုံးကလည်း ဒီဟာက နိုင်ငံရဲ့ နိုင်ငံ့အရေးဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပူးပေါင်း ဆောင်ရွက်ပေးဖို့ လိုတယ်လို့ ကျွန်တော်ပြောလိုပါတယ်။ စေတနာဝန်ထမ်းများ ခေါ်နေတာ ရှိပါတယ်။ တစ်ချို့လည်း လာရောက်သတင်းပို့ကြတာရှိပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဟိုကလည်း ခြိမ်းခြောက်၊ ဒီကလည်း ခြိမ်းခြောက်ဆိုတော့ မလာရဲ၊ မပြုရဲနဲ့ လုပ်ကြတာရှိတယ်။ တစ်ချို့လည်း အပြင်ရောက်နေတဲ့ သူတွေ လာချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေတာကို တွေ့ရတယ်။ ဒါတွေကို ကြိုဆိုတယ်လို့ ကျွန်တော် ပြောထားပြီးသားဖြစ်ပါတယ်။ ကြိုဆိုတယ်လို့ ပြောထားပြီးသားဖြစ်တာကြောင့် ပူးပေါင်းဆောင်ရွက်ပေးမှု လိုအပ်တာဆိုတာ ပြောလိုပါတယ်။ နောက်တစ်ခါ လိုအပ်သည့် ပစ္စ ည်းနှင့်ပတ်သက်ပြီး လှူနေတာတွေရှိပါတယ်။ မနေ့က တင်ပြတဲ့ ကိန်းဂဏန်းအရဆိုလျှင် ပြည်နယ်နှင့် တိုင်း အသီးသီးမှာ တော်တော်ကိုများကြပါ တယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက လူမှုရေးစိတ်ဓာတ်တွေရှိကြတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အခက်အခဲအကြပ်အတည်းတွေရှိတဲ့ကြားထဲက သိန်းပေါင်း များစွာ ပြည်နယ်နှင့်တိုင်းအသီးသီးမှာ လာရောက်လှူဒါန်းတဲ့ ပုဂ္ဂိုလ်များကိုလည်း အလှူရှင်အသီးသီးကိုလည်း ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လှူတယ်ဆိုကတည်းက ဝမ်းသာ စရာ ကိစ္စဖြစ်ပါတယ်။ အလှူရှင်အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ ဆက်လက်ပြီးတော့လည်း တတ်နိုင်သည့် အဖွဲ့အစည်းတွေ၊ အသင်း အဖွဲ့တွေကလည်း ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ ပြောလိုပါတယ်။”

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများ က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် တိုင်းစစ်ဌာနချုပ်အလိုက် Oxygen plant များ၊ အောက်ဆီဂျင်အိုးများ မှာယူရောက်ရှိနေမှု၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ လက်ကားဆေးဆိုင်ကြီးများ၏ ဖြန့်ဝေရောင်းချနေမှုနှင့် သုံးသပ်ချက်များ၊ ကုန်စည် စီးဆင်းမှုနှင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန် မပြတ် စေရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများကို သတ်မှတ်စည်းကမ်း များနှင့် အညီ ဆက်လက်ဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး နှိုးဆော် ခြင်းနှင့် ရောဂါဖြစ်ပွားမှုဆိုင်ရာ၊ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက် နေမှုများကို သတင်းထုတ်ပြန်ပေး၊ ပညာပေး၊ လှုံ့ဆော်နေမှု၊ ယနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် ရောဂါပိုးအတည်ပြုလူနာ ၃၁၅ ဦးရှိသည့်အနက် ဆေးရုံ ဆင်းလာသူ ၁၂၀ ဦး၊ ကုသဆဲ ၁၉၀ ဦးဖြစ်ပြီးသေဆုံးသူ ၅ ဦးရှိကာ ၎င်း ၅ ဦး သည်လည်း မူလရောဂါအခံရှိမှုကြောင့်သေဆုံးခဲ့ရသည့် အခြေအနေများနှင့် အကျဉ်းစခန်းများရှိ ရောဂါပိုး အတည်ပြုသူများကို သက်ဆိုင်ရာ အကျဉ်းစခန်း၊ အချုပ်စခန်းများတွင် ဆေးခန်း၊ ဆေးကုသမှုနေရာများဖြင့် စနစ်တကျ ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိမှုကြောင့် အခြေအနေထိန်းချုပ်ထားနိုင်မှု၊ မဖြစ် မနေ ကျင်းပပြုလုပ်ရန် လိုအပ်သည့် အခမ်းအနားများအား အနည်းဆုံးသော အင်အားဖြင့် သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အောက်ဆီဂျင်များလိုအပ်ချက်များ မရှိစေရေး အတွက် တပ်မတော် စက်ရုံအလုပ်ရုံများ၊ ပုဂ္ဂလိက စက်ရုံများမှ နေ့စဉ်ထုတ်လုပ်၍ ဆေးရုံများသို့ နေ့စဉ်ဖြန့်ဝေပေးနေမှု၊ ပြည်ပမှမှာယူတင်သွင်းပေးနေမှုနှင့် အောက်ဆီ ဂျင် များလုံလောက်စွာရရှိရေး စီမံဆောင်ရွက်နေမှု၊ ကျန်းမာရေးဝန်ထမ်း များအား လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်နေမှု၊ တပ်မတော် စက်ရုံ အလုပ်ရုံများ၊ ပုဂ္ဂလိက စက်ရုံများမှ အောက်ဆီဂျင်များ နေ့စဉ် ထုတ်လုပ်ဆောင်ရွက်ပေးနေမှု၊ ရောဂါကူးစက်ပြန့်ပွားမှု လျော့ပါးစေရေးအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်သွားလာမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြ ရန်လိုအပ်မှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။

 
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများသည် ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ တို့အတွက် မရှိမဖြစ် အရေးပါပြီး ရပ်တန့် သွား၍ မရသည့်အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာကျရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသအလိုက် မဖြစ်မနေခရီးသွားရသည်များ ရှိသည်ဖြစ်၍ RBE ရထားများ ပြေးဆွဲပေးရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား မရရှိပါက ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည် မဟုတ်သောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက်လည်း အလေးထား ဆောင်ရွက်ကြရန်နှင့် လျှပ်စစ်ဝန်ထမ်းများကို လုံခြုံရေးအရ အကာ အကွယ် ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် ပုံနှိပ်လုပ်ငန်း များမှတဆင့် ပြည်သူများသို့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ရာတွင် ထိမိစွာဖြင့် သတိပေးနှိုးဆော်ကြရမည်ဖြစ်ပြီး တိုင်းရင်းသား ဘာသာစကားများဖြင့်လည်း ထုတ်လွှင့်ရန်လိုကြောင်း၊ ပညာပေးအစီအစဉ်များ၊ ဆောင်းပါးများ၊ သတင်းများကို လူတိုင်းနားလည်အောင်၊ ထိမိအောင် ရေးသား၊ ထုတ်လွှင့်ရန်လိုကြောင်း၊ နှိုးဆော်ချက်၊ လှုံ့ဆော်ချက်များကို လူထုနားထဲ အရောက် အသံချဲ့စက်များသုံး၍ ပညာပေးရန်၊ လှုံ့ဆော်ရန် လုပ်ဆောင်နိုင်ကြောင်း၊ ကာကွယ် ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ထိုးနှံရမည့်သူအားလုံးကို မပျက်မကွက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုကို စိတ်ရောကိုယ်ပါ အားပေးကြရမည်ဖြစ်ပြီးလိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လိုအပ်သည့် ထောက်ပံ့ကြေးများကိုလည်း ခွင့်ပြု ထားသည့်အပြင် ကျန်းမာရေးဝန်ထမ်းများ၏ စိတ်ဓာတ်မြှင့်တင်ရေးကို တာဝန်ရှိသူအားလုံးက လိုအပ်သည်များ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝေးလံ ခေါင်ဖျားသည့် ဒေသများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ အရေးပေါ်လိုအပ်ပါက တပ်မတော်ရဟတ်ယာဉ်၊ လေယာဉ်များ အသုံးပြုနိုင်ရေးစီမံ ခန့်ခွဲထားပြီး အချိန်နှင့်တပြေးညီ လုပ်ဆောင်ပေးရန်လိုကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေး ပြောကြားသည်။

 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆွေးနွေးမှုများ၏ အဓိကရည်ရွယ် ချက် သည် ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရေးပင်ဖြစ်ပြီး ရောဂါပိုးကူးစက်မှု ကြောင့် ပြည်သူများ စိုးရိမ်ပူပန်နေရမှုများကို ဖြေလျော့ပေးနိုင်ရေး ကြိုးပမ်းလုပ် ဆောင်ကြရမည်ဖြစ်ကြောင်း၊ သတိပေးနှိုးဆော်မှုများကို ဆက်တိုက်ဆောင်ရွက်ခဲ့ သဖြင့် လှုပ်ရှားသွားလာမှုများလျော့ကျလာသည်ကို တွေ့ရှိရပြီး ရုံးပိတ်ရက်ရှည် ကာလအတွင်း၌လည်း သွားလာမှုများကို စနစ်တကျရှိစေရေး နှိုးဆော်ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝါတွင်းကာလ ဝါဆိုကြမည့် ရဟန်း၊ သံဃာ၊ သီလရှင်များ၏ ကျန်းမာရေး၊ ဆွမ်းကွမ်းကိစ္စမလစ်ဟင်းစေရေး ဆောင်ရွက်ပေး ရန်လိုကြောင်း၊ ထို့ပြင် ကိုးကွယ်ရာဘာသာများအလိုက် ဘုရားသွားကျောင်းတက်ခြင်း၊ ဝတ်ပြုခြင်းများကို ဆောင်ရွက်ကြမည်ဖြစ်ရာ စည်းကမ်းနှင့်အညီဖြစ်စေရေး ကြပ်မတ် ကြရမည်ဖြစ်ကြောင်း။

 
ကုန်ထုတ်လုပ်ငန်းများ လည်ပတ်နေစေရေးနှင့် ကိုဗစ်ကာလ သွားလာမှု ကန့်သတ် ချက်အချို့ကြောင့် စိုက်ပျိုးကုန်များ၊ မွေးမြူရေးထုတ်ကုန်များ ပို့ဆောင် ဖြန့်ချိမှု ခက်ခဲလာလျင် ကူညီဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ တောင်သူ လယ်သမား များ စိုက်ပျိုးစရိတ်နှင့် သင့်လျော်သော အမြတ်ငွေရရှိရန် ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ အခြေခံစားကုန်သဖွယ်ဖြစ်နေသော ကြက်ဥဈေးနှုန်းနှင့် ပတ်သက် ပြီး ကောလာဟလ ဖြစ်အောင် ဈေးနှုန်းမြင့်တက်အောင် လုပ်ဆောင်နေမှုများ ကို တွေ့ရှိရပြီး ဥစားကြက် မွေးမြူရေးကို မိမိတို့အနေဖြင့် လွန်ခဲ့သည့် ၆ နှစ် ၇ နှစ်ကတည်းကပင် အားသွန်ခွန်စိုက် လုပ်ခဲ့ကြောင်း၊ ယခင်ကပင် တပ်မတော်က ပြည်သူလူထုကို ရောင်းချပေးနေ သည်ကိုတွေ့နိုင်မည်ဖြစ်ကြောင်း၊ စိုးရိမ်စရာ မရှိ ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူလူထုတစ်ရပ်လုံး၏ စိုးရိမ်ကြောင့်ကြမှုများကို လျော့ပါးအောင် ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း ဖြင့်ကြောင်းဖြင့် ပြောကြားသည်။

 
ထို့နောက် ရောဂါကာကွယ်ကုသထိန်းချုပ်ရေး စီမံဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် “ Quarantine Center နဲ့ ပတ်သက်၍ ပြင်ထားတာ ရှိပါ တယ်။ တပ်မတော်နဲ့အရပ်ဘက်ဆေးရုံတွေ၊ နေရာ၊ ဌာန တွေကို အားလုံးပေါင်း ၆၉၈၀၀ ဦးရေခန့်အတွက် Center ၁၉၃၄ နေရာမှာ ပြင်ဆင်ထားပါတယ်။ လက်ရှိ ၂၅ ရာခိုင်နှုန်းဘဲ Quarantine Center များတွင် ရှိပါတယ်။ အလားတူ Positive လူနာ များနဲ့ပတ်သက်ပြီး နေရာပေါင်း ၁၁၁၄ နေရာမှာ ၄၅၉၀၀ ၊ ၄၆၀၀၀ ခန့် ဝင်ဆံ့တဲ့ အင်အားရှိပါတယ်။ လောလောဆယ် ၆၂ ရာခိုင်နှုန်းဘဲ Postive လူနာထားတဲ့နေရာမှာ ရှိပါတယ်။ ကုသရေး Center ပေါင်း ၅၆၀ လုပ်ထားတဲ့နေရာမှာ ဝင်ဆံ့တာက ၂၅၅၀၀ ခန့်ရှိပါတယ်။ ၉၂ ဒသမ ၂ ရာခိုင်နှုန်းရှိပါတယ်။ သူကတော့ ပိုများပါတယ်။ ကုသရေး Center မှာရှိတဲ့ လူနာများနဲ့ပတ်သက်၍ တစ်ချို့ကလည်း Postive လူနာထားတဲ့ နေရာဘက်သို့ ရွှေ့သင့်ရင် ပြန်ရွှေ့ရမှာဘဲ။ ဒါကတော့ လက်ရှိ အခြေအနေမှာ မဖြစ်သေးပါဘူး။ သို့သော်လည်း ကြိုတင်ပြီးစဉ်းစားထားဖို့လိုတယ်။ ဘယ်လိုဖြစ်လာ လို့ရှိရင် ဘယ်နေရာမှာ Shift လုပ်မလဲဆိုတာ အဲ့မှာ စီမံခန့်ခွဲရေး လုပ်ဖို့ အရေး ကြီးပါတယ်။ သူတို့ရဲ့ စားရေး၊ သောက်ရေး အရေးကြီးပါတယ်။ သူတို့ စားရေး၊ သောက်ရေး၊ ကျွေးမွေးရေးပေါ့။ တပ်မတော်ကတော့ တပ်မတော်မှာ တက်နေတဲ့ ဆေးရုံတွေမှာ နေရာ ၃ နေရာမှာ အကုန်လုံး ကျွေးမွေးထားပါတယ်။ ထို့အတူဘဲ ဆေးရုံတွေမှာလည်း တတ်နိုင်သလောက် ကျွေးမွေးနေတယ်။ အလှူရှင်တွေနဲ့ လုပ်ပေးထားတာ ရှိတယ်။ ဒါတွေလည်း မျက်ခြေမပြတ်ကြည့်နေဖို့ လိုပါတယ်။ လူနာတွေကလည်း အာဟာရရှိဖို့ လိုပါတယ်။ ကိုဗစ် နဲ့ပတ်သက်ပြီး ခံနိုင်ရည်ရှိအောင် အာဟာရရှိအောင် ဆောင်ရွက်ပေးဖို့လိုတယ်။ စားနိုင်တဲ့ လူနာတွေရှိသလို မစားနိုင်တဲ့ လူနာတွေရှိမယ်။ မျက်ခြေမပြတ်ကြည့်ဖို့ လိုပါတယ်။ ဆင်းရဲချမ်းသာ မဟုတ်ပါဘူး။ ဆင်းရဲလို့ မလုပ်နိုင်ဘူး၊ မကျွေးနိုင်ဘူး၊ မစားနိုင်ဘူး ဆိုတာ မဖြစ်ပါစေနဲ့။ အားလုံးကို ကျွန်တော်တို့က လူသားတစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ဟာတွေကို ပေးလို့ရ အောင်ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ ပြောလိုပါတယ်။” 

ဆက်လက်ပြောကြားရာတွင် ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက် ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခက်အခဲများရှိပါက သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် တိုင်းစစ်ဌာနချုပ်များသို့ ဆက်သွယ်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းနှင့် ကုသရေးနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် ပါဝင် ဆောင်ရွက်လျက်ရှိသည့် စီမံခန့်ခွဲသူများ၊ ပူးပေါင်းပါဝင်သူများ၏ လုံခြုံရေး ထိခိုက် မည့်ကိစ္စရပ်များအပေါ် ပြည်သူလူထုက ဝိုင်းဝန်းပူးပေါင်းဆန့်ကျင်ဆောင်ရွက်ရန်လိုပြီး ပါဝင်သည့် ပြည်သူလူထုကိုလည်း အသိအမှတ်ပြုရန်လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။