ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

နေပြည်တော်၊ ဇူလိုင် - ၂၂

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့လှူဒါန်းပေး လျက်ရှိသည်။
ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူလူထုများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်အိုး ၄၄၃၁ လုံး၊ Mask ၃၂၄၄၈၂ ခု၊ Personal Protective Equipment(PPE)ဝတ်စုံ ၁၈၀၀ စုံ၊ Hand Gel ၇၀၃ ဘူး၊ Face Shield ၂၀၀ ခု၊ လက်ဆေးဆပ်ပြာရည် ၄ ပုံး၊ လက်အိတ် Surgical Gloves ၂၀၅၀ စုံ၊ ခေါင်းစွပ် ၂၉၀၀ ခု၊ ဆေးပစ္စည်းများ၊ စက်သုံးဆီများ၊ အဟာရဖြည့်စားသောက်ဖွယ်ရာများ၊ အလှူငွေများကို သွားရောက်ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ပေးအပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဉက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက် ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ထံသို့ Oxygen Concentrator စက် ၁ လုံးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အထောက်အကူပြုပစ္စည်းများ၊ အလှူငွေများကို စေတနာရှင် အလှူရှင်များက ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် အသုံးပြုရန်အတွက် အလှူငွေများ၊ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် အောက်ဆီဂျင်အိုး ၄၀ လုံးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း အသစ်တည် ဆောက်မည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ဝယ်ယူရန်နှင့် စက်ရုံ အဆောက်အဦတည်ဆောက်ရန်အတွက် အလှူငွေများကို လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ အတွက် အလှူငွေများနှင့် Oxygen Concentrator စက် ၈ လုံးတို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ တပ်မတော်ကိုဗစ်-၁၉ လူနာများ ကုသရေးဌာနသို့ KHO 30 အမျိုးအစား အောက်ဆီဂျင်ထုတ်လုပ်ပေးသည့်စက်နှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း အလှူရှင်များက ပေးအပ်လှူဒါန်းကြရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံ ရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။