ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ပါးသက်သာစေရေး စနစ်တကျကွာရန်တင်း(Quarantine)ဝင်ရောက်ပေး

လတ်တလောမှာဆိုရင် မြန်မာနိုင်ငံအနှံ့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုတွေ မြင့်တက်လာတာနဲ့အမျှနိုင်ငံအနှံ့ဖွင့်လှစ်ထားတဲ့ Quarantine Centre တွေမှာလည်း အလုပ်များနေကြတာကိုတွေ့ရသလိုံသာန Home Quarantine၊ Hotel Quarantine စသဖြင့် ဝင်ကြတာလည်း တွေ့ရပါတယ်။ ကွာရန်တင်း(Quarantine)ဝင်ခြင်းဆိုသည်မှာ မိမိမှ တစ်ဆင့်တခြားသူများသို့ ရောဂါကူးစက်မှု မရှိအောင် တတ်နိုင်သမျှ တခြားသူများနဲ့ထိတွေ့ပြောဆိုဆက်ဆံမှုမပြုဘဲ သီးသန့်ခွဲခြား နေထိုင်ခြင်းကို ဆိုလိုပါတယ်။

ကွာရန်တင်း(Quarantine)ဝင်ခြင်း၏အရေးပါပုံ

ဒီလိုမျိုးရောဂါပြန့်ပွားမှုအထွတ်အထိပ်ကို ရောက်ရှိနေတဲ့အချိန်မှာ ကွာရန်တင်း(Quarantine) ဝင်ခြင်းနဲ့ Quarantine Centre များရဲ့အခန်းကဏ္ဍဟာ အရေးပါလာပါတယ်။ အထူးသဖြင့် သိပ်သည်းတဲ့ လူနေမှုစနစ်ရှိတဲ့ ရန်ကုန်လို မြို့ကြီးတွေအပြင် နယ်မြို့ လေးတွေမှာလည်း အိမ်နီးချင်းအချင်းချင်းဖြစ်စေ၊ မိတ်ဆွေချင်းဖြစ်စေ သီးခြားနေထိုင်ကြခြင်းထက် တစ်ဦးနဲ့တစ်ဦး တရင်း တနှီးတွေ့ဆုံ၊ စုဝေးတတ်တဲ့ လူမှုယဉ်ကျေးမှုရှိတဲ့အတွက်ကြောင့် အခုလိုရောဂါပြန့်ပွားမှုမြင့်တက်နေတဲ့အချိန်မှာ လူတစ်ဦးကနေ အခြားလူတစ်ဦးကို ကူးစက်ခြင်းမရှိစေဖို့နဲ့ ရောဂါပိုးမပြန့်ပွားသေးတဲ့အရပ်ဒေသတွေကို ပြန့်ပွားခြင်းမရှိအောင်ကာကွယ်ဖို့အတွက် ကွာရန်တင်း(Quarantine)ဝင်ခြင်းဟာ မဖြစ်မနေဆောင်ရွက်ရမယ့်ကိစ္စတစ်ခုဖြစ်လာပါတယ်။

ဘယ်အချိန် ကွာရန်တင်း(Quarantine)ဝင်ရမလဲ

ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့မိသူများကို အခြားသူများနှင့် ထပ်မံထိစပ်မှုမရှိစေရန်အတွက် ကွာရန်တင်း (Quarantine) ဝင်ခြင်းကို ဆောင်ရွက်ရပါတယ်။ ကူးစက်ခံရသူတွင် ဖျားနာခြင်းမဖြစ်ပေါ်မီသို့မဟုတ် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံနေရလျှင် ကွာရန်တင်း(Quarantine)ဝင်ရောက်ထားခြင်းကြောင့် ထပ်မံကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင်ပါတယ်။ ယခုအခါမှာ နေရာထိုင်ခင်းအနေအထားနှင့် ပိုးတွေ့ရှိမှုအနေအထားများအရ Quarantine ဝင်ရောက်ခြင်းကို Facility Quarantine စင်တာများတွင်သာမကဘဲ မိမိနေအိမ်များတွင် ကွာရန်တင်း(Quarantine)ဝင်ရောက်ခြင်းကို ခွင့်ပြုဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါတယ်။ မည်သည့်နေရာတွင်ကွာရန်တင်း(Quarantine) ဝင်ရောက်ရသည်ဖြစ်စေ မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို စနစ်တကျလိုက်နာဆောင်ရွက်မှသာ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်။

ဘယ်လိုလူတွေ ကွာရန်တင်း (Quarantine)ဝင်ရမလဲ

ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူနှင့် အနီးကပ်ထိတွေ့ဆက်ဆံမိသူများ (လွန်ခဲ့သော သုံးလအတွင်းကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရဖူးသူများမပါဝင်ပါ) အနေဖြင့် ကွာရန်တင်း(Quarantine) ဝင်ရောက်ရန်လိုအပ်ပါတယ်။

အနီးကပ်ထိစပ်သူဆိုသည်မှာ -

  • ကိုဗစ်-၁၉ ရောဂါရှိသူနှင့် အကွာအဝေး ၆ ပေအတွင်း ၁၅ မိနစ်နှင့်အထက် နေထိုင်မိခြင်း၊
  • ကိုဗစ်-၁၉ ကူးစက်ခံထားရသူကို နေအိမ်တွင် ပြုစုစောင့်ရှောက်ခဲ့ခြင်း၊
  • ကိုဗစ်-၁၉ ရောဂါရှိသူနှင့် ခန္ဓာကိုယ်ချင်းတိုက်ရိုက်ထိတွေ့ခြင်း၊ (ဖက်ခြင်း သို့မဟုတ် နမ်းခြင်း)
  • အစားအသောက်အတူတူစားခြင်းတို့ကို ဆိုလိုခြင်းဖြစ်ပါတယ်။

နေအိမ်ကွာရန်တင်း (Quarantine)ဝင်သူများ သိထားသင့်သည့်အချက်များ

အထက်မှာပြောခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါရှိသူနဲ့ထိစပ်မှုရှိပြီဆိုတာနဲ့ ဆေးစစ်ချက်အဖြေမရသေးသည်အထိ သီးခြားခွဲနေထိုင်သင့် ပါတယ်။ နေအိမ်တွင်ကွာရန်တင်း(ျှကမေညေအငညန)ဝင်မယ်ဆိုရင် အချိန်ကာလအားဖြင့် ၁၄ ရက်နှင့်အထက်ကြာအောင် နေထိုင်ရမှာဖြစ်ပါတယ်။ လိုအပ်တဲ့အသုံးအဆောင်တွေ၊ ဆေးဝါးတွေကို ပြင်ဆင်ထားဖို့လိုပါတယ်။အတူနေ အိမ်သားတွေနဲ့ သီးခြားခွဲနေရပါမယ်။ အိမ်မွေးတိရစ္ဆာန်တွေရှိရင်လည်း သီးခြားခွဲနေရပါမယ်။ အိမ်သားတွေနဲ့ပစ္စည်းတစ်ခုတည်းကို အတူတူသုံး တာမျိုးမလုပ်သင့်သလို အကိုင်အတွယ်များတဲ့ပစ္စည်းတွေကိုလည်း မကြာခဏသန့်ရှင်းရေးလုပ်ပေးရမှာဖြစ်ပါတယ်။ လက်ကိုလည်း မကြာခဏဆေးကြောပေးဖို့လိုပါတယ်။ ဧည့်သည်လုံးဝလက်မခံပါနဲ့။ အစားအသောက်ကိုလည်း အာဟာရအမျိုးမျိုးစုံလင်အောင် စားသောက်ဖို့လိုအပ်ပါတယ်။

ဒီလိုနေအိမ်တွင်သီးသန့်ခွဲနေထိုင်နေစဉ်အတွင်းမှာမိမိရဲ့ရောဂါလက္ခဏာအခြေအနေတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်နေဖို့လည်း လိုပြန်ပါတယ်။ ဥပမာချောင်းပိုဆိုးလာပြီလား၊ အသက်ရှူတွေကျပ်လာပြီလား၊ အဖျားပိုကြီးလာပြီလား စသဖြင့်တွေကို စောင့်ကြည့် နေရပါမယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးအခြေအနေကိုစောင့်ကြည့်ပေးမယ့် ဆရာဝန် သို့မဟုတ်ဆေးပညာရှင်တစ်ဦးဦးရှိနေရင် အကောင်းဆုံးဖြစ်တဲ့အတွက် နေအိမ်မှာ သီးသန့်ကွာရန်တင်း(Quarantine) ဝင်ခြင်းထက် Quarantine စင်တာ တွေမှာဝင်နိုင်ရင် ပိုကောင်းပါတယ်။

Facility Quarantine စင်တားများတွင် ဝင်ရောက်သူများအနေဖြင့် သိထားသင့်သည့်အချက်များ

ကွာရန်တင်း (Quarantine)စင်တာတွေမှာ ကွာရန်တင်း(Quarantine) ဝင်သူများအနေနဲ့ မိမိအတွက် သတ်မှတ်ထားတဲ့နေရာ/ အခန်းမှာသာနေရပါမယ်။ အခြားအခန်းတွေကို သွားရောက်လည်ပတ်တာ၊ စုဝေးစားသောက်တာ၊ စုဝေးတွေ့ဆုံစကား ပြောတာ တွေကို ရှောင်ကြဉ်ရပါမယ်။ Quarantine ဝင်နေသူတစ်ဦးဟာ ရောဂါလက္ခဏာမပြသည့်တိုင် ရောဂါပိုးသယ်ဆောင်သူ တစ်ဦး ဖြစ်နိုင်တဲ့အတွက် မလွှဲရှောင်နိုင်တဲ့အခြေအနေအရ အခြားလူတွေနဲ့ဆက်ဆံတဲ့အခါမှာ ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး အနည်းဆုံး ၆ ပေအကွာမှာ နေသင့်ပါတယ်။ လက်ကိုလည်း ဆပ်ပြာနဲ့ဖြစ်စေ၊ အယ်(လ်)ကိုဟော ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်ဆေးနဲ့ဖြစ်စေ မကြာခဏ စနစ်တကျဆေးသင့်ပါတယ်။ အများသုံးပစ္စည်းတွေ မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးတိုင်း၊ အိမ်သာအသုံးပြုပြီးတိုင်း၊ အစာမစားမီနဲ့ စားပြီးတိုင်း၊ နှာချေ၊ ချောင်းဆိုးပြီးသည့်အခါတိုင်း၊ နှာခေါင်းစည်း (Mask)ကို မကိုင်မီနဲ့ကိုင်ပြီးတိုင်း လက်ကိုစနစ်တကျဆေးကြောရပါမယ်။

အသုံးပြုပြီးတဲ့ပါးစပ်နှာခေါင်းစည်း (Mask)၊ တစ်ရှူး၊ရေသန့်ဘူး စတဲ့တစ်ခါသုံးပစ္စည်းတွေကိုလည်း အမှိုက်ပုံးထဲမှာ စနစ်တကျ စွန့်ပစ်ရမှာ ဖြစ်ပြီး စည်းကမ်းမဲ့တံတွေးထွေးတာ၊ အမှိုက်ပစ်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။

ကွာရန်တင်း(Quarantine) ကာလ ၁၄ ရက်ပြည့်အောင် သတ်မှတ်စည်းကမ်းများနှင့်အညီ နေထိုင်ပြီး ရောဂါလက္ခဏာတွေ မပြဘူးဆိုရင်တော့ ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ရောဂါပိုး ကူးစက်ပြန့်ပွားမှုတွေကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် စနစ်တကျ ကွာရန်တင်း(Quarantine) ဝင်ပေးဖို့လိုမှာဖြစ်ပါကြောင်း နှိုးဆော်အပ်ပါတယ်။ ။

ကိုဇေ