ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၂၇

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာရှိ မျိုးစံပြမိုးစပါး စိုက်ခင်းသို့ သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်သည့် မှော်ဝန်းချောင်းအတွင်း ငါးမျိုးများစိုက်ထည့်ပွဲကို တက်ရောက်ကာ ချောင်းအတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ ၈၈၀၀၀၀ ကို စိုက်ထည့်ပေးသည်။

အလားတူ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် တာဝန်ရှိသူများသည် ဩဂုတ် ၂၆ ရက်နှင့် ယနေ့တို့တွင် ဖျာပုံမြို့နှင့် မော်လမြိုင် ကျွန်းမြို့တို့ရှိ နယ်မြေခံတပ်ရင်းများ၌ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု များအား သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။