ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဩဂုတ် - ၇

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။

    ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်တာဝန်ရှိသူများသည် ပုဏ္ဏာကျွန်းမြို့နယ်ရှိ ဂဏန်းပျော့ မွေးမြူရေးလုပ်ငန်းကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများသည် ဟားခါးမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျောဘုတ်ဉယျာဉ်ခြံ(ပြည်ထောင်စုခြံ)သို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်တာဝန်ရှိသူများသည် အမရပူရမြို့နယ်၊ တမုတ်စိုးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးဧက(၁၀၀)စံပြစိုက်ကွက်တွင် တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဆောင်ရွက်နေမှုများကို လည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်း များရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့ပြင် တောင်သူများအား စိုက်ပျိုးရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။