ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဩဂုတ် - ၈

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၇ ရက်တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် တာဝန်ရှိသူများသည် တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံရှိ နွားမွေးမြူရေးခြံ၊ အစာစပ်လုပ်ငန်း၊ ဉစားကြက်မွေးမြူရေးခြံ၊ ဝက်မွေးမြူရေးခြံနှင့် ဆိတ်မွေးမြူရေးခြံ၊ ခိုလမ်မြို့ရှိ ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းဖြစ်သော ဦးသောင်းဝေ ဉစားကြက်မွေးမြူရေးခြံနှင့် ငါးမွေးမြူရေး ကန်တို့ကို လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိ သူများသည် စိုက်ပျိုးရေးဦးစီးဌာန၏ စစ်တွေမျိုးသန့်ခြံမှ ဆင်းသွယ်လတ် မျိုးစေ့ထုတ်စိုက်ခင်း၊ ပေါ်ဆန်းရင်မျိုး စေ့ထုတ်စိုက်ခင်း၊ ဂန့်ဂေါကျွန်းကျေးရွာမှ ဆင်းသွယ်လတ်မျိုးစေ့ထုတ်စိုက်ခင်းနှင့် ပေါ်ဆန်းရင်မျိုးစေ့ထုတ်စိုက်ခင်း တို့ကို လည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။