ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့်ရရှိလာသည့် သင်ခန်းစာများ၊ အတွေ့အကြုံများကို သင်ခန်းစာယူ၍ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်လာပါက လိုအပ်သည်မှန်သမျှကို ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်မည်ဖြစ်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့်ရရှိလာသည့် သင်ခန်းစာများ၊ အတွေ့အကြုံများကို သင်ခန်းစာယူ၍ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်လာပါက လိုအပ်သည်မှန်သမျှကို ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်မည်ဖြစ်

နေပြည်တော်၊ ဩဂုတ် - ၉

    လက်ရှိအခြေအနေများအရ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျသွားသော်လည်း ပေါ့ဆစွာဖြင့် နေထိုင်သွားလာလုပ်ဆောင်မှုများကို မလုပ်ဆောင်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့်ရရှိလာသည့် သင်ခန်းစာများ၊ အတွေ့အကြုံများကို မေ့လျော့မသွားကြစေလိုဘဲ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်ပါက လိုအပ်သည်မှန်သမျှကို ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်မည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

    အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဝန်ကြီးချုပ် များ၊ တာဝန်ရှိသူများက  Video Conferencing ဖြင့် တက်ရောက်ကြသည်။

    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုသည် ဇွန်လနှောင်းပိုင်းတွင် ကူးစက်မှုနှုန်း မြန်ဆန်မြင့်မားလာသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထိုသို့ ရောဂါကူးစက်ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်ဆုံးဖြတ်ချက်များ အချိန်နှင့် တစ်ပြေးညီချမှတ်နိုင်ရေး၊ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဆောလျင်စွာ လုပ်ဆောင်နိုင်ရေးအတွက် ဇူလိုင် ၉ ရက်နေ့တွင် မိမိကိုယ်တိုင်ဦးဆောင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ အချိန်အထိ အစည်းအဝေး ၇ ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း၊ ထိုသို့ အစည်းအဝေးများ ပြုလုပ်ခြင်း၊ ဗဟိုကော်မတီမှတစ်ဆင့် နေ့စဉ်ကြပ်မတ်ကွပ်ကဲခြင်း၊ တာဝန်ရှိသူအသီး သီးနှင့် ပြည်သူလူထုတို့မှ ဝိုင်းဝန်းစုပေါင်းပါဝင် လုပ်ဆောင်ခဲ့ခြင်းကြောင့် ယခု အချိန် တွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ ကြောင်း။

    ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင်လည်း ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင် ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရောဂါကူးစက် ဖြစ်ပွားမှုအနေဖြင့် ဇူလိုင် ၈ ရက်ညပိုင်းအထိ တစ်ကမ္ဘာလုံးတွင် ရောဂါပိုးအတည်ပြု သူ ၂၀၂ သန်းကျော်၊ သေဆုံးသူ ၄ ဒဿမ ၃ သန်းကျော် ရှိပြီဖြစ်ပြီး မိမိတို့နိုင်ငံတွင် ရောဂါပိုးအတည်ပြုသူ ၃ သိန်း ၂ သောင်းကျော်နှင့် သေဆုံးသူ ၁ သောင်း တစ်ထောင် ကျော်ရှိပြီဖြစ်ကြောင်း၊ ကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် ထားနိုင်သည်ဆိုသော်လည်း စိတ်ချရသည့် အနေအထားတွင် မရှိသေးကြောင်း၊ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းကို ယခုဩဂုတ်လတွက် တစ်ဝက်၊ ခေါက်ချိုးကျသည်အထိ ဆွဲချ နိုင်ရေး ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခင်က ၄၀၀၀ ဦးခန့်ဖြစ်ပွားမှုကို ၂၀၀၀ ဦး အထိ လျော့ကျနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်လများတွင် ထိုထက်ပိုမိုကျ ဆင်းအောင် ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ဩဂုတ်လ ၁ ရက်နေ့တွင် ကူးစက်ဖြစ်ပွားသူ ၃၄၀၀ ကျော်ရှိခဲ့ပြီး ၈ ရက်နေ့တွင် ကူးစက်ဖြစ်ပွား ၃၂၀၀ ကျော်ဖြစ်ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ပတ်ဝန်း ကျင်တွင် ရှိနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး တို့တွင် ရောဂါကူးစက်ဖြစ်ပွားမှုများကို  အမြန်ဆုံးဆွဲချပေးနိုင်ခဲ့ ကြောင်း၊ လူဦးရေ ထူထပ်များပြားသည့်  တိုင်းဒေသကြီးများအနေဖြင့် အထူး ဂရုစိုက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အချို့ရောဂါဖြစ်ပွားမှုနှုန်းနည်းပါးသည့် နေရာ ဒေသ များသည်လည်း မပေါ့ ကြစေလိုကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်းလျော့ကျစေရေး ချမှတ်ထားသည့် သတ်မှတ်ထားသည့် သွားလာနေထိုင်မှုများကို Indicator ၊ Figure တို့တွင် ကြည့်ရှုပါက မြို့ကြီး များတွင် လိုက်နာမှုရှိပြီး လျော့ကျလျက်ရှိသော်လည်း အချို့မြို့များ၊ ဒေသများတွင် ပုံမှန်အတိုင်းလှုပ်ရှားသွားလာလျက်ရှိသည်ကို တွေ့ရှိရ သဖြင့် ပေါ့ပေါ့ဆဆ နေထိုင်သွားလာလှုပ်ရှားမှုများကို မလုပ်ကျစေလိုကြောင်း၊ သက်ဆိုင်ရာဒေသများရှိ တာဝန်ရှိသူများအနေဖြင့်လည်း နေရာဒေသမရွေး ကျန်းမာ ရေး ဆိုင်ရာ အသိပညာပေးမှုများ၊  လိုက်နာရန်လိုအပ်သည်များကို လူတိုင်းသိရှိအောင် လုပ်ဆောင်ပေးရန်လိုကြောင်း။

    လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းမှစ၍ အခြေခံစားသောက်ကုန်များ၊ အခြေခံအိမ်သုံး ဆေးပစ္စည်းများ၊ ကုန်ဈေးနှုန်းကြီးမြင့်လာသည်ကို တွေ့ရှိရ ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွင် Cost of Production (ထုတ်လုပ်မှုကုန်ကျစရိတ် များပြားခြင်းကြောင့် မြင့်မားခြင်း)နှင့် Supply and Demand (စားသုံးသူနှင့် ထုတ်လုပ် သူမမျှတခြင်းကြောင့် မြင့်မားခြင်း)ဟူ၍ ရှိကြောင်း၊ အဆိုပါ အကြောင်းနှစ်ခုမှလွဲ၍ ကုန်ဈေးနှုန်းမြင့်မားရန် အကြောင်းမရှိကြောင်း၊ ရောဂါကန့်သတ်ချက်များကြောင့် လမ်းပန်းဆက်သွယ်မှု ကုန်ကျစရိတ်နှင့် လုပ်အားခ ကုန်ကျစရိတ်များကြောင့် အတိုင်း အတာတစ်ခုအထိ ဈေးနှုန်းမြင့်မားမှုရှိသည်ကို မပြောလိုသော်လည်း မတန်တဆ ဈေး တင်ရောင်းချမှုများကို မဖြစ်စေလိုကြောင်း၊ ထိုသို့ ကုန်ဈေးနှုန်းများ မြင့်မားလာစေရန်၊ ပစ္စည်းပြတ်လပ်၍ ဈေးမြင့်မားလာစေရန် ရည်ရွယ်ချက်ရှိစွာဖြင့် သိုလှောင်ခြင်း၊ ဈေးကစားခြင်းများလည်း ရှိသဖြင့် အခြေခံစားကုန်၊ သုံးကုန်များ ဈေးနှုန်းမြင့်မား မှု မရှိစေရေး တာဝန်ရှိသူများက ထိန်းသိမ်းလုပ်ဆောင်ပေးကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံသည် စားကုန်၊ သောက်ကုန် ထုတ်လုပ်သည့် နိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်သဖြင့် အခြေခံစားသုံးကုန်များ ကုန် ဈေးနှုန်းမြင့်မားနေမှုသည် သဘာဝမကျကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဒေသခံပြည်သူများ စားရေးဖူလုံမှုရှိစေရန် လုပ်ဆောင်လျက် ရှိကြသည့် အစိုးရပိုင်၊ တပ်မတော်ပိုင်၊ ပုဂ္ဂလိကပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကို လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီး ချုပ်များ၊ တိုင်းမှူးများအား ကြည့်ရှုအားပေးစေခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုများကို အရှိန်အဟုန်မပြတ်ဆက်လက်လုပ်ဆောင်နိုင်ရေး လိုအပ်သည် များ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
    ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆေးပစ္စည်းများ၊ အခြေခံအိမ်သုံးဆေး ပစ္စည်းများနှင့် ပတ်သက်၍ မည်သည့်ကန့်သတ်ချက်မျှ မထားရှိဘဲ တင်သွင်းခွင့် ပေးထားပြီးဖြစ်သဖြင့် သက်သာသော ဈေးနှုန်းများဖြင့်သာ ရောင်းချပေးစေလို ကြောင်း၊ ရန်ကုန်နှင့် အချို့မြို့ကြီးများမှတစ်ဆင့် ရပ်ဝေးဒေသများသို့ ဖြန့်ချိခြင်းများ လုပ်ဆောင်ရခြင်းဖြစ်သဖြင့် တိုက်ရိုက်မရောက်ရှိဘဲ တစ်ဆင့်ခံ ရောက်ရှိသုံးစွဲရသူများ အတွက်ပါ ထည့်သွင်းစဉ်းစား၍ ဈေးနှုန်းသက်သက်သာသာနှင့် ဝယ်ယူသုံးစွဲနိုင်အောင် ကိုယ်ချင်းစာတရားထား၍လုပ်ဆောင်ပေးကြစေလိုကြောင်း၊ ထို့ပြင် ဆေးဝါးများ expired မဖြစ်စေရေးနှင့် လိုအပ်နေသူများထံသို့ အချိန်မီ ရောက်ရှိစေရေး လုပ်ဆောင် ပေးရန်လိုအပ်ကြောင်း၊ အောက်ဆီဂျင်နှင့် ပတ်သက်၍ အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရသော်လည်း အစိုးရ၊ တပ်မတော်၊ အခြားလူမှုရေး အဖွဲ့အစည်းများ၊ စေတနာရှင်များ၊ ကုမ္ပဏီများနှင့် လူတစ်ဦးချင်းမှအစပြု၍ ဝိုင်းဝန်းကူညီမှုများဖြင့် တက်ညီလက်ညီ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လက်ရှိ အချိန်တွင် အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီဖြစ်ပြီး အလုံအလောက်ရရှိနိုင်အောင် လုပ်ဆောင်ပေးလျက်ရှိ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက်ကင်းသွားမည့် ရောဂါမဟုတ်ဘဲ ဗီဇပြောင်းရောဂါပိုးများ ဆက်တိုက်ပေါ်ထွက်လျက်ရှိသဖြင့် Oxygen Plant များကို ဆက်လက်တည်ဆောက်၍လည်း ကြိုတင်ကာကွယ်ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကူးစက်ဖြစ်ပွားမှုနှုန်းလျော့ကျသွားသည်ဆိုပြီး ပေါ့ဆစွာ မလုပ်ဆောင်ကျစေ လိုကြောင်း လူ့အသက်များစွာဖြင့် ရင်းပြီးရခဲ့သည့် သင်ခန်းစာများ၊ အတွေ့အကြုံများ ဖြစ်သဖြင့် မေ့လျော့မသွားကြစေလိုဘဲ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်ပါက လိုအပ်သည်မှန်သမျှကို ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်မည် ဖြစ်ကြောင်း။
    ထို့နောက် ကိုဗစ်ရောဂါနှင့်ပတ်သက်၍ လုပ်ဆောင်ပေးရမည့်အခြေအနေများနှင့် ပတ်သက်၍ ဆက်လက်ပြောကြားရာတွင် “ကိုဗစ်နှင့် ပတ်သက်ပြီးတော့ အချက် ၅ ချက် ကျွန်တော်ပြောလိုပါတယ်။ နံပတ် ၁ အချက်ကတော့ ကျွန်တော်တို့ ဒီရောဂါသည် စောစောက ကျွန်တော်ပြောသလိုပဲ ဘယ်လိုမှ အရှင်းပျောက်မယ့် အခြေအနေ မဟုတ် ဘူး၊ အရှင်းပျောက်မယ့်အခြေအနေ မဟုတ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ပတ်ဝန်းကျင်ကောင်းတွေကို ဖန်တီးပေးဖို့လိုတယ်။ ဥပမာအားဖြင့် - ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုစရိုက်တွေ၊ လူနေမှုစနစ်တွေ ဒါတွေကို ကျွန်တော်တို့က လုပ်ပေးဖို့လိုတယ်။ ဒါကျတော့လည်း လူတွေရဲ့ အသိပညာ၊ အတတ်ပညာ၊ နောက်တစ်ခါ လူမှုအဆင့်အတန်းဆိုတာဟာလည်း ဝင်ငွေတို့၊ ဘာတို့လည်း စကား ပြောတယ်၊ စီးပွားရေးကောင်းဖို့လည်းလိုတယ်။ နိုင်ငံတော်အစိုးရကလည်း ဝင်ငွေ ကောင်းနေဖို့လိုတယ်၊ ပြည်သူကလည်း ဝင်ငွေ ကောင်းနေဖို့ လိုတယ်။ အစိုးရကလည်း ဝင်ငွေရှိမှသာ အစိုးရတာဝန်ယူရတဲ့ ပတ်ဝန်းကျင်ကောင်းတွေကို၊ ဥပမာ-ပန်းဥယျာဉ် တွေ ဖော်ထုတ်ပေးတာတို့၊ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ပေးတာတို့၊ ဒါကျတော့ အစိုးရဝင်ငွေရှိမှ လုပ်လို့ရတာတွေရှိတယ်။ ပတ်ဝန်းကျင်ကောင်းတွေပေါ့၊ တစ်ဦးချင်းကျတော့လည်း သူတို့အိမ်တွေကို သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်နဲ့ လေလုံမိုးလုံနဲ့ ဒီလိုလုပ်နိုင်တဲ့ အခြေအနေမျိုး ပတ်ဝန်းကျင်ကောင်းတွေ ကျွန်တော်တို့ ဖန်တီးဖို့လိုပါတယ်။ နံပတ် ၁ အချက် အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရမယ်။ ပြည်သူရော၊ အစိုးရရော လုပ်ရမယ့် သဘောရှိတာပေါ့၊ ဒုတိယက ဘာလဲဆိုတော့ ကိုယ်ခံစွမ်းအားတွေ ကောင်းအောင်၊ တစ်ဦးချင်းရဲ့ ကိုယ်ခံစွမ်းအား တွေကောင်းအောင်၊ ကျန်းမာကြံ့ခိုင်အောင် ကျွန်တော်တို့က လုပ်ရမယ်။ ဆိုလို တာကတော့ ကျွန်တော်တို့က အားကစားတွေ ဘာတွေအားပေးရမယ်။ လူတွေ ကိုယ်ခံစွမ်းအားကောင်းအောင် ကျွန်တော်တို့က လုပ်ပေးရမယ်။ အဲ့ဒါနဲ့ ဆက်စပ် တာက ဘာလဲဆိုတော့၊ စားနပ်ရိက္ခာတွေ ဖူလုံပေါများရေးပေါ့၊ တတိယအချက်က ဖူလုံပေါများရေးပေါ့၊ စားနေမှလည်း သူက အားရှိမှာ။ အားရှိမှလည်း ကိုယ်ခံစွမ်းအား ဆိုတာလည်း ရှိမှာ၊ အားမရှိဘဲနဲ့ ကိုယ် ခံစွမ်းအား ဘယ်လိုမှ ကောင်းစရာ မရှိဘူး။ ကြံ့ခိုင်ဖို့ဆိုတာကလည်း လေ့ကျင့်မှပေါ့၊ လေ့ကျင့်မှသာ ကိုယ်ခံစွမ်းအားဆိုတာက လည်း ကောင်းလာမှာပေါ့၊ ဒီလိုဖြစ်အောင် ကျွန်တော်တို့က လုပ်ရမယ်။ အဲ့ဒီတော့ ကျွန်တော်တို့က စားနိုင်အောင် လုပ်ပေးရမယ်။ စားနိုင်အောင်လုပ်ပေးဆိုတော့၊ စော စောက ကျွန်တော်ပြောသလို ကျွန်တော်တို့က စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ တိုင်းပြည်တစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ စားရေရိက္ခာမပေါစရာ မပြည့်စုံစရာ အကြောင်းမရှိဘူး၊ ကျွန်တော်တို့လုပ်ဖို့ပဲလိုတယ်။ ကျွန်တော်တို့က စားရေရိက္ခာပေါ များအောင်လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်၊ ကျွန်တော်တို့ ပေါပေါများများစားရမယ်ဆိုလို့ ရှိရင် လူတွေရဲ့ ကျန်းမာရေးမှာ များစွာ အထောက်အကူရလာလိမ့်မယ်။ ဒါကိုမှ တစ်ခါ ပတ်ဝန်းကျင်ကောင်းနဲ့ပေါင်းစပ်ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင်၊ နောက် ကျန်းမာကြံ့ခိုင် ရေးနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ရေးမှာတော့ များစွာ အကျိုးရှိမယ်ဆိုတာတော့ ကျွန်တော်တို့ ပြောလိုတယ်။ နောက်တစ်ခုအဲ့ဒီလိုလုပ်နိုင်ဖို့ဆိုတာက တစ်ဖက်က လည်း ကာကွယ်ကုသဆေးတွေလည်း ပြည့်စုံအောင်ဆောင်ရွက်ပေးဖို့လိုပါတယ်။ ကာကွယ်ဆေးရယ်၊ ကုသဆေးရယ်၊ ဒါ အနာဂတ်မှာ မလုပ်လို့မရပါဘူး၊ အနာဂတ်မှာ ကာကွယ်ဆေးရော၊ ကုသဆေးရော ကျွန်တော်တို့ ထုတ်ကို ထုတ်ရမယ်၊ ဒါ ပြည်တွင်း မှာ ကျွန်တော်တို့ မလုပ်လို့မရဘူး၊ လူသန်းပေါင်း ၅၀ ကျော်လောက်ဟာကို ၊ တစ်ချိန် လုံး နိုင်ငံခြားက ဝယ်ဖို့ဆိုတာကတော့ တိုင်းပြည်မွဲသွားလိမ့်မယ်။ အဲ့ဒီတော့ ကျွန်တော်တို့ဆီမှာ ထုတ်လို့ရအောင် ကျွန်တော်တို့ ကြိုးစားရမယ်။ ကာကွယ်ဆေး ရော၊ ကုသဆေးရော ကျွန်တော်တို့ ရအောင်လုပ်ကြမယ်။ နောက်တစ်ခုက ဘာလဲဆို ရင် အဲ့ဒီထဲမှာ လူပြောများနေတာက တိုင်းရင်းဆေးပါ။ တိုင်းရင်းဆေးကလည်း အခု ကျန်းမာရေးဝန်ကြီးဌာနရယ်၊ နောက်တစ်ခါ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးက ဆေးသုတေသနတပ်တွေရယ်၊ ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့ဒါတွေ သုတေသနလုပ်နေတာရှိတယ်။ တိုင်းရင်းဆေးဦးစီးဌာနရောပေါ့၊ အဓိကကတော့ တိုင်းရင်းဆေးကနေ ဦးစီးပြီး လုပ်ကြတာပေါ့၊ ဒါကို ခေတ်သစ် နည်းပညာတွေနဲ့ပေါင်းစပ်ပြီးတော့ တိုင်းရင်းဆေးတွေကို ကျွန်တော်တို့ ဖော်ထုတ်ဖို့ လိုတယ်။ ပြည်နယ်တွေမှာလည်း တိုင်းရင်းဆေးပညာရှင်တွေရှိပါတယ်။ ဆေး အကျော်အမော်တွေရှိကြတယ်။ ကရင်ပြည်နယ်မှာရှိတယ်။ ကချင်ပြည်နယ်မှာရှိတယ်။ ရှမ်းပြည်နယ်မှာရှိတယ်။ ဒါလည်း ပြည်နယ်တွေမှာလည်း၊ ကျွန်တော်တို့ မပြောနိုင်တဲ့၊ မသိတဲ့ တိုင်းရင်းဆေးနဲ့ပတ်သက်တဲ့ပညာရှင်တွေရှိမှာပါ။ သူတို့နဲ့ ခေါ်ယူတွေ့ဆုံဆွေး နွေးပြီးတော့မှ လက်တွေ့ကျတဲ့ဟာပေါ့ဗျာ၊ ကျွန်တော်တို့မှာတော့ တစ်ဖုံထည့်မယ် တို့၊ နှစ်ဖုံထည့်မယ်တို့၊ သေချာသိပ္ပံနည်းကျပေါ့၊ သူ့ရဲ့ စကေးလ် အတိအကျနဲ့၊ တစ်ကယ့် ကို နည်းစနစ်ကျကျနဲ့ ဖော်ထုတ်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ ကာကွယ်ကုသဆေးဟာ ပြည်တွင်းမှာပဲ လုပ်လို့ရမယ့် အနေအထားရှိတယ်။ ဒါကိုလည်း တိုင်းရင်းဆေးအပါအဝင် ကာကွယ်ဆေး၊ ကုသဆေး များကိုလည်း ပြည့်စုံအောင် ရေရှည်အတွက် ကြည့်ပြီး ဆောင်ရွက်ပေးကြဖို့ ကျွန်တော် ပြောလိုပါတယ်။ နောက် နံပါတ် ၅ အချက်ပေါ့ အဲ့ဒါ ဘာလဲဆိုတော့ ပြည်သူတွေကို ဝင်ငွေကောင်းအောင် ဆောင်ရွက်ပေးဖို့ပဲ၊ ဝင်ငွေမရှိရင် ဘာမှလုပ်လို့မရဘူး။ အမြဲ တမ်း၊ ထာဝရ ဝင်ငွေရနေရမယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အရင်အစိုးရတွေ လက်ထက်ကတည်းက ပြောတယ်။ ဆင်းရဲမှုနှုန်းလျှော့ချရေးဆိုပြီးတော့ လုပ်နေတာ ရှိတယ်။ ရာနှုန်းပြည့် မအောင်မြင်သေးပါဘူး၊ ခုထက်ထိ မအောင်မြင်သေးဘူး၊ အခု ကိုဗစ်ဖြစ်တော့ ပိုဆိုးလာတယ်။ ပိုပြီးတော့ ဆင်းရဲမှုတွေ ပိုများလာတယ်။ အဲ့ဒီတော့ ပြည်သူတွေရအောင် ဆောင်ရွက်ပေးရမယ်။ ဝင်ငွေရဖို့ နည်းလမ်းကတော့ ဘာလဲ ဆိုတော့ စောစောကပြောတဲ့ ရေခံမြေခံရှိပြီးသား စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းက နေပြီးတော့ ဝင်ငွေရအောင်ရှာဖို့ပဲ၊ အဲ့ဒီတော့ ပြည်နယ်နဲ့ တိုင်း အစိုးရများက ဦး ဆောင်ပြီးတော့မှ ထိထိမိမိဆောင်ရွက်ပေးပါလို့ ပြောချင်ပါတယ်။ 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက     ကမ္ဘာနိုင်ငံများ၊ အာဆီယံနိုင်ငံများ နှင့် မြန်မာနိုင်ငံ တို့အတွင်း ကူးစက်ပြန့်ပွားမှု နှင့် ကူးစက်ပြန့်ပွားမှုလျော့ကျလာ သည့် အခြေအနေများ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည့်အခြေအနေများ၊ ရောဂါဖြစ်ပွားလာမှ ကုသခြင်းထက် မဖြစ်ပွားမီ ကြိုတင် ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများ၊ ကူးစက် ပြန့်ပွားမှုကျဆင်းလာသည်နှင့်အညီ ဖြေလျော့မှုများ ဆောင်ရွက်ရာတွင် ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများ၊ စင်တာများအလိုက် ပြုစုကုသမှု ဆောင် ရွက်ပေးနေသည့်အခြေအနေများ၊ ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများ အား ရောဂါစစ်ဆေးခြင်းနှင့် ကူးစက်မှုထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတကာမှ မှာယူထားသည့် ကာကွယ်ဆေးများရောက်ရှိမှု၊ ထိုးနှံ ရေးဆောင်ရွက်နေမှု၊ ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများနှင့် ဆက်လက် ထိုးနှံရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး သို့ ကာကွယ်ဆေးများ ဖြန့်ခွဲပို့ဆောင်နေမှု၊ ရောက်ရှိမှုနှင့် ဆေးထိုးနှံရေး ဆောင်ရွက် နေမှုအခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် မိသားစုဝင် များအား ကာကွယ်ဆေးထိုးနှံရေးဆောင်ရွက်နေမှုအခြေအနေများ၊ အာဆီယံအပါ အဝင် နိုင်ငံတကာမှ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အောက်ဆီဂျင်လိုအပ်ချက်နှင့်ပတ်သက်၍ ပြည်ပမှမှာယူတင်သွင်းနေမှု၊ ထပ်မံရောက်ရှိ လာမည့်အခြေအနေ၊ ပြည်တွင်းထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ အောက်ဆီဂျင်ဝယ်ယူရောင်းချမှုများတွင် မှောင်ခိုဈေးကွက်ဖြစ်ပေါ်မှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြင့်လာမှုမရှိစေရေး ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်လျက်ရှိသူများကို လေ့ကျင့်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကိုဗစ်ရောဂါနှင့် ဆက်စပ်ဆေးဝါးများ ဖြန့်ချိရေးဆောင်ရွက်နေမှု အခြေအနေများ၊ ဆေးဝါးများတင်သွင်းနိုင်ရေးအတွက် ဖြေလျော့ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည့်အခြေအနေများ၊ ဆေးပစ္စည်းများ ဖွင့်လှစ်ရောင်းချမှုနှင့်ပတ်သက်၍ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြည်တွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးဝါးစက်ရုံများမှ နေ့စဉ်ဆေးဝါးထုတ်လုပ်မှု၊ နိုင်ငံအနှံ့သို့ ဖြန့်ဝေပေးနေမှုအခြေအနေများ၊ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် နိုင်ငံသားများအတွက် Relief Flight များ ပြေးဆွဲ၍ နိုင်ငံသားများအား ပြန်လည် ခေါ်ယူခဲ့မှု၊  ဆေးပစ္စည်းများ သယ်ဆောင်ခဲ့မှု အခြေအနေများ၊ ပြည်တွင်းရေကြောင်း၊ လေကြောင်းနှင့် ရထားပို့ဆောင်ရေးခရီးစဉ်များ ပြေးဆွဲလျက်ရှိသည့်အခြေအနေများ၊ တိုင်းရင်းဆေးမှတဆင့် ကာကွယ်ဆေးနှင့် ကုသဆေးများထုတ်လုပ်နိုင်ရေး တိုင်းရင်း ဆေးသမားတော်များအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ကျန်းမာရေး ဝန်ထမ်း လိုအပ်လျက်ရှိသည့်ဒေသများတွင် ဝန်ထမ်းများခန့်အပ်ထားရှိမှု အခြေ အနေများ၊ ပြည်သူလူထုအား ရုပ်သံလိုင်းများ၊ သတင်းစာများ၊ မီဒီယာများမှတဆင့် ကျန်းမာရေးအသိပညာပေးအစီအစဉ်များကို ထုတ်လွှင့်နေမှု၊ တိုင်းရင်းသားဘာသာ များဖြင့် ထုတ်လွှင့်ပေးနေမှုအခြေအနေများ၊ သတင်းမီဒီယာများ၏ မေးမြန်းချက်များ ကို အချိန်နှင့်တပြေးညီ ပြန်ကြားဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော်ဆေးရုံ များတွင် ကုသရေးဆောင်ရွက်ပေးနေသည့် အခြေအနေနှင့် အောက်ဆီဂျင်ထုတ်လုပ် သုံးစွဲဖြန့်ဝေပေးနေမှုအခြေအနေများ၊ ကုသရေးစင်တာများတွင် တပ်မတော်သား ဆေးတပ်ဖွဲ့ဝင်များဖြင့် တာဝန်ပေးအပ်ထားမှု အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော် ဝန်ကြီးချုပ် က ဖြည့်စွက်မှာကြားရာတွင် ရောက်ရှိလာသည့် ဆေးဝါးများကို စဉ်ဆက်မပြတ်ဖြန့်ဝေ၍ အချိန်နှင့်တပြေးညီ လျင်မြန်စွာထိုးနှံပေးသွားရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးထိုးနှံနိုင်ရေး ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ တိုင်းရင်းဆေးမှ ကာကွယ်ဆေးနှင့် ကုသဆေးများထုတ်လုပ်ရာ တွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆေးတပ်ဖွဲ့တို့မှ စနစ်တကျ သုတေသနပြု၍ ခိုင်မာ တိကျစွာဖြင့် ထိထိရောက်ရောက်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် မိမိတို့နိုင်ငံသားများအား ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျစိစစ်၍ ရောဂါကူးစက်ခံရသူများအား ဆေးဝါးကုသ မှုများကို ထိထိရောက်ရောက်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကူးစက်ခံရမှုမရှိသူ များကိုလည်း လိုအပ်သည့်စောင့်ကြည့်မှုများ ပြီးစီးပါက သက်ဆိုင်ရာနေရပ်အသီးသီး သို့ ပြန်လည်စေလွှတ်ပေးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစိုးရအဖွဲ့များ က ကူညီဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ကာကွယ်ဆေးများထိုးနှံနိုင်ရေးနှင့်ပတ်သက်၍ “ကာကွယ်ဆေးနဲ့ပတ်သက်လို့ရှိရင် မြန်မြန်ဖြန့်ဖို့လိုတယ်၊ ရောက်တဲ့ကာကွယ်ဆေး တွေမြန်မြန်ဖြန့်၊ မြန်မြန်ဖြန့်ပြီးတော့။ ရောက်တာက ကျွန်တော်တို့က ပြည်ပကလာ တဲ့အခါကျမန္တလေးနဲ့ရန်ကုန်က၊ အဓိကကတော့ ရန်ကုန်ပေါ့၊ ရန်ကုန်ကနေပြီးတော့ နောက်တစ်ခါမန္တလေးပေါ့၊ ဒါကတော့ ရှိတာပေါ့။ သို့သော်အဲ့ဒီကနေပြီးတော့ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းတွေ ကိုမြန်မြန်ဖြန့်ဖို့လိုတယ်။ အဲ့တော့ တစ်ရက်စော ပြီးရောက်ရင် တစ်ရက်ဆေး တစ်ရက်ကြိုထိုးနိုင်လို့ရှိရင် တစ်ရက်ပိုပြီး ကာကွယ်မှုပို လုပ်နိုင်တာပေါ့။ စောစော ပိုလုပ်နိုင်တယ်။ ဒါကာကွယ် ဆေးနှင့်ပတ်သက်တာပေါ့။ ဒီလိုပဲ ထုတ်ကုန်ပစ္စည်းတွေ၊ ကျွန်တော်အဖွင့်မှာ ပြောလိုက်တဲ့ ဒေသမှာရှိတဲ့ကုန် ထုတ်လုပ်မှုက ထွက်နေတဲ့ စားကုန်၊ သောက်ကုန် ပစ္စည်းတွေရှိတယ်၊ ဒါတွေကိုလည်း မြန်မြန်ဖြန့်နိုင်ဖို့လိုတယ်၊ ထိထိရောက် ဖြန့်နိုင်ဖို့လိုတယ်။ ဥပမာအားဖြင့်-ရှမ်း ပြည်နယ်မှာ မနှစ်ကဖြစ်ခဲ့ဖူးတယ်၊ ကျွန်တော်တို့ ခရမ်းချဉ်သီးတွေ၊ ကြက်သွန်ဖြူတွေ၊ နောက်တစ်ခါ ဂေါ်ဖီတွေ၊ ဟင်းသီးဟင်းရွက်တွေ အဲ့လိုပဲဖြစ်လို့ဆိုပြီးတော့ ကျွန်တော် တို့ ပြည်နယ်အစိုးရနဲ့ စစ်တိုင်းစစ်ဌာနချုပ် နဲ့ပေါင်းပြီးတော့မှ သမဝါယမ ဒီလိုနဲ့ လုပ်ကြတာရှိတယ်၊ အမြန်ဆုံးဖြန့်ကြပြုကြပေါ့၊ ပုဂ္ဂလိကတွေကလဲဒီလိုဘဲ ဝိုင်းကူကြ နဲ့ ဒီလိုဖြစ်ကြတာရှိတယ်၊ ဆိုလိုတာ ကတော့ လက်ဝယ်ပုံမနေဖို့လိုတယ်။ ငွေမြန်မြန် ပြန်ပေါ်လာဖို့လိုတယ်၊ အလုပ်ဖြစ်ဖို့ လိုတယ်၊ အဲ့ဒါနံပါတ်တစ်အချက်ပေါ့၊ နံပါတ်နှစ် မြန်မြန်သုံးဖို့ပေါ့၊ ဆေးတွေရောက်လာတယ်၊ ကာကွယ်ဆေးတွေ ခင်ဗျားတို့လက်ထဲ ရောက်လာတယ်၊ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းတွေရောက်ကြမယ်၊  ရောက်မယ် ဆိုရင် ဒီဆေးတွေမြန်မြန်ထိုးနိုင်ဖို့လိုတယ်၊ စောစောကကျွန်တော်ပြောသလို တစ်ရက် စော ရောက်ပြီးတော့ တစ်ရက်စောပြီးတာ့ မြန်မြန်ထိုးနိုင်လေ တစ်ရက်ကြိုပြီး ကာကွယ်မှုပေးနိုင်တာ။ ရာနှုန်းပြည့်မဟုတ်တောင်မှ ဘာပဲပြောပြော အထိုက် အလျောက်တော့ အကာအကွယ်ဖြစ်မယ်။ ကာကွယ်ဆေး ထိုးထားလို့ရှိရင်။ ဒါကတော့ မြန်မြန်ဖြန့်ဖို့ရယ်၊ မြန်မြန်သုံးဖို့ရယ်။ ဒီနှစ်ခုကတော့ ဒီကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး တော့ ထိထိရောက်ရောက်လိုမယ်လို့ပြောလိုပါတယ်။ 

    ထိုနောက် မိမိတို့အဖွဲ့သည် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပြီး လုပ်ငန်းများအား ချက်ချင်း ဆောင်ရွက်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးသည့် အဖွဲ့ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးရန် ရာခိုင်နှုန်းအများဆုံးကျန်ရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး များတွင် ကာကွယ်ဆေးများ အမြန်ဆုံးထိုးနှံနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ လက်ဝယ် ကျန်ရှိနေသည့် ကာကွယ်ဆေးများအား အမြန်ဆုံးထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအလိုက် စီမံဆောင်ရွက်ရန်လိုပြီး လိုအပ်ချက် များအား သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနှင့် နိုင်ငံတော်စီအုပ်ချုပ်ရေးကောင်စီသို့ အချိန်နှင့် တစ်ပြေးညီတင်ပြ၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အတွက်လိုအပ်သည့် ဆေးဝါးများအား ရောင်းချကြရာတွင် အချို့ဆေးဆိုင်များမှာ အခက်အခဲအချို့ကြောင့် ဆိုင်များပိတ်ထားခြင်းဖြစ်သော်လည်း အချို့သောဆေးဆိုင် များနှင့် ဆေးဒိုင်များသည် ပြည်သူများအရေးတစ်ကြီး လိုအပ်ချိန်များတွင် မသမာသော ရည်ရွယ်ချက်များ၊ မတော်လောဘများဖြင့် ဆေးဝါးများနှင့် အောက်ဆီဂျင်များအား အဆမတန်ဈေးများတင်၍ ရောင်းချနေခြင်းများရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေမှု များအား တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်စိစစ်၍ ဥပဒေနှင့် အညီစစ်ဆေး အရေးယူဆောင်ရွက်သွားရန် လိုကြောင်း။

    အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် NUG နှင့် PDF အဖွဲ့များအနေဖြင့် ကာကွယ်ဆေးထိုးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများကို အနှောင့်အယှက်ပေးနေသည့်ဖြစ်စဉ်များရှိကြောင်း၊ နိုင်ငံ၏ လုံခြုံရေးအရ စနစ်တကျထိန်းချုပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အမျိုးသားရေး ကိုထိခိုက်စေမှုကြောင့် ဆေးဝါးများနှင့်ပတ်သက်၍ စနစ်တကျ ထိထိရောက်ရောက် ကိုင်တွယ်ဆေင်ရွက်ရန်လိုကြောင်း၊ ကာကွယ်ကုသဆေးများအား ပြည်သူများ ဈေးနှုန်း မှန်ကန်စွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်း များမှ စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း။
ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုများ ပြတ်တောက် မှု မရရှိစေရေး အားပေးဆောင်ရွက်နေရန်လိုကြောင်း၊ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်း တွင်  Supply နှင့် Demand မျှတမှုမရှိပါက ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် ယေဘူယျအား ဖြင့် မှန်ကန်မှုရှိကြောင်း၊ လက်တွေ့ဆောင်ရွက်နေရသူများမှာပိုအရေးကြီးကြောင်း၊ ထို့ကြောင့် Supply နှင့် Demand မျှတအောင်ဆောင်ရွက်နေရန်အတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများက စနစ်တကျကြပ်မတ် ဆောင်ရွက် နေရန်လိုကြောင်း၊ “အူမတောင့်မှ သီလစောင့်မည်” ဆိုသည့်အတိုင်း အလုပ်အကိုင်များ ရရှိအောင်ဆောင်ရွက်ပေးပြီး ဝင်ငွေများရရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်မှုသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် စားနပ်ရိက္ခာများဖူလုံအောင် ပြုလုပ်၍ ပြည်သူများ အလုပ်အကိုင်ရရှိပြီး ဝင်ငွေများရရှိအောင်ဆောင်ရွက်ပေးခြင်းဖြင့် အခြား ကဏ္ဍများကိုလည်း အထောက်အကူပေးနိုင်မည် ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။