ကိုရီးယားနှစ်နိုင်ငံကြား အရေးပေါ် ဆက်သွယ်ရေးလိုင်းများ ပြန်ဖွင့်ရန် တောင်ကိုရီးယား တိုက်တွန်း

ကိုရီးယားနှစ်နိုင်ငံကြား အရေးပေါ် ဆက်သွယ်ရေးလိုင်းများ ပြန်ဖွင့်ရန် တောင်ကိုရီးယား တိုက်တွန်း

ကိုရီးယားနှစ်နိုင်ငံကြား ဆက်သွယ်ထားသည့် အရေးပေါ် ဆက်သွယ်ရေးလိုင်းများကို ပြန်ဖွင့်ရန် တောင်ကိုရီးယား အစိုးရက မြောက်ကိုရီးယား အစိုးရကို စက်တင်ဘာ ၂၆ ရက်တွင် တိုက်တွန်းလိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယား  နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးပွဲများ ကျင်းပရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ထုတ်ဖော် ပြောပြီး နောက်တစ်ရက်တွင်    တောင်ကိုရီးယား အစိုးရ၏ တောင်းဆိုချက် ထွက်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယား နိုင်ငံအပေါ် ရန်လိုသည့် မူဝါဒများ ထားရှိခြင်းနှင့် လိုတစ်မျိုး၊ မလိုတစ်မျိုး ပြောဆိုခြင်းများ မရှိတော့ပါက နှစ်နိုင်ငံကြားရင်ကြားစေ့ရေးမှာ ပုံပေါ်လာနိုင်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ညီမ ကင်ယိုဂျုံက ပြောထားသည်။

တောင်ကိုရီးယား နိုင်ငံသည် ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို ဆွေးနွေးညှိနှိုင်းမှုမှ တစ်ဆင့်ရရှိစေရန်  တွန်းအားပေး ဆောင်ရွက်နေစဉ် ကင်ယိုဂျုံ၏ ထုတ်ပြန်ချက်ကို အလွန်တန်ဖိုးထားကြောင်း တောင်ကိုရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

နှစ်နိုင်ငံရင်ကြားစေ့နိုင်ရန် စတင်လျှောက်လှမ်းရမည့် ခြေလှမ်းများအတွက် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးသည် လက်ရှိဆိုင်းငံ့ထားသည့် နှစ်နိုင်ငံကြား အရေးပေါ်ဆက်သွယ်ရေးလိုင်းများကို  ပြန်ဖွင့်ရန် လိုအပ်ကြောင်း၊ နှစ်နိုင်ငံကြား ဆိုင်းငံ့နေသည့် ကိစ္စများကို အဆိုပါ ဆက်သွယ်ရေးလိုင်းများမှ တစ်ဆင့် ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား အစိုးရသည် ပြီးခဲ့သည့်လ အနည်းငယ်တွင် အဆိုပါအရေးပေါ် ဆက်သွယ်ရေးလိုင်းများကို သီတင်းပတ်နှစ်ပတ်ကြာ ပြန်ဖွင့်လှစ်ခဲ့သည်။

သို့သော် တောင်ကိုရီးယားက အမေရိကန်နှင့် စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်သည့် အတွက် မြောက်ကိုရီးယားက ထိုအရေးပေါ် ဆက်သွယ်ရေးလိုင်းများကို ပြန်ပိတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယခုလအစောပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံက မတ်လနောက်ပိုင်း ပထမဆုံး အနေဖြင့် အမြင့်ပျံ ဒုံးကျည်များနှင့် အနိမ့်ပျံဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ပြီး တောင်ကိုရီးယားကလည်း ရေငုပ်သင်္ဘော အခြေပြုအမြင့်ပျံ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို ပထမဆုံးအကြိမ် အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။