ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ လှူဒါန်း

ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ လှူဒါန်း
နေပြည်တော်၊ ဩဂုတ်- ၁၈
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများ၊ လေးမျက်နှာမြို့ ပြည်သူ့ဆေးရုံနှင့် အိုင်သပြုတိုက်နယ်ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ကျန်းမာရေးရပ်နေ ဒေသခံ ပြည်သူအိမ်ထောင်စု ၂၀၀ စုနှင့် သပိတ်ကျင်းမြို့နယ်၊ ပန်းပင်ကျေးရွာနေ ဒေသခံ ပြည်သူ အိမ်ထောင်စု ၁၆၄ စုတို့အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ နယ်မြေခံတပ်မတော် သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက အသီးသီးသွား ရောက်ထောက်ပံ့လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်း ရရှိသည်။