ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များ၊ ဆေးရုံတက်လူနာများနှင့် ဒေသခံ ပြည်သူများအား အလှူငွေ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များ၊ ဆေးရုံတက်လူနာများနှင့် ဒေသခံ ပြည်သူများအား အလှူငွေ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဩဂုတ်- ၁၀

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး မြို့နယ်ရှိ ဆုံကွယ်ကျေးရွာနှင့် နားဖကျေးရွာတို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့သည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  နိုင်နိုင်ဦး၊ လားရှိုးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် Mask ၃၀၀၀ ခုတို့အားလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရာမညပရဟိတ၊ အေးမြကြည်လင်ပရဟိတ လူမှု ကူညီရေးအသင်းအဖွဲ့၊ မော်လမြိုင်လူမှုကူညီရေးအဖွဲ့နှင့် ဘိုဘိုဝင်းပရဟိတ လူမှု ကူညီရေးအသင်းအဖွဲ့များသို့ ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ၊ အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် ကျိုက်မရောမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ငွေကျပ် ၈၅ သိန်းတန်ဖိုးရှိ အောက်ဆီဂျင် Concentrator ၅ လုံးတို့အား ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်း ကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများဖြစ်သည့် ၄၀ လီတာ အောက်ဆီဂျင်အိုး ၂၀ လုံး၊ PPE ဝတ်စုံ ၁၀၀ စုံနှင့် အလှူငွေ ၅ သိန်းကျပ်နှင့် စားသောက်ဖွယ်ရာများအား  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည့် စေတနာ့ ဝန်ထမ်း Volunteer များအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်  ထိန်ဝင်းနှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဝယ်ယူ အသုံးပြုရန်အတွက် အလှူငွေ ၁၂၃၉၀၀၀ ကျပ်အား လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။