ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၀၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  မတ်  ၂၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၀၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မတ် ၂၆ ရက် ညနေ ၅ နာရီတွင် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်သွားကားလမ်း မိုင်တိုင်အမှတ် ၉၇ အနီးတွင်   စစ်တောင်းတံတားဘက်မှ ကျိုက်ထိုဘက်သို့ ယားဘို ၄၉ နှစ် မောင်းနှင်လာသည့် Hilux SURF မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးရာ  မော်တော်ယာဉ်၏ ကိုယ်ထည်အတွင်း ထည့်သွင်းသယ်ဆောင်လာ သည့်  ငွေကျပ် ၁ ဒသမ ၀၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား  ၃၄၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ် ဝမ်ဟိုင်းကျေးရွာမှ မွန်ပြည်နယ် ဘီးလင်းမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့်  ယားဘိုကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။                   

(သတင်းစဉ်)