ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အသီးထွက်နှုန်း ကောင်းသဖြင့် ဈေးကောင်းရရှိရန် တောင်သူများ မျှော်လင့်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အတွင်းရှိ ငရုတ်စိုက်တောင်သူများ အနေဖြင့် ငရုတ်သီးနှံများ စိုက်ပျိုးရာတွင် ဆည်ရေ၊ မြစ်ရေ၊ မြေအောက်ရေတို့ဖြင့် အမျိုးမျိုးစိုက်ပျိုးကြရာ ယခုနှစ်တွင် ငရုတ်စိုက်ခင်းများ အပင်ဖြစ်ထွန်းပြီး အသီးထွက်နှုန်း ကောင်းသဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ငရုတ်စိုက်ပျိုးသူများထံမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ၆၉၂ ငရုတ်မျိုးများကို အဓိကထား စိုက်ပျိုးပြီး စိုက်ပျိုးရာတွင် ရေသွင်း၊ ရေထုတ် လွယ်ကူစေရန်အတွက် ပေါင်များပြုလုပ်၍ တစ်ပင်တန်း၊ နှစ်ပင်တန်း စိုက်ပျိုးကြသည်။

ငရုတ်တစ်ဧက စိုက်ပျိုးမည်ဆိုပါက ငွေကျပ် ရှစ်သိန်းနှင့် ၁ဝ သိန်း ကုန်ကျစရိတ်ရှိပြီး အပင်ကောင်းပါက  ရာသီကုန်သည်အထိ ငရုတ်တင်း ၂ဝဝ ခန့်ရရှိကြောင်း၊ ကျောက်ဆည် မြို့နယ်တွင်  မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှ သတ်မှတ်ထားသည့်  တိုက်နယ်  ၁၂  ခုရှိရာမှ ၂ဝ၂ဝ-၂ဝ၂၁  ခုနှစ်တွင် တိုက်နယ်ခြောက်ခု၌ ငရုတ်သီးနှံ ၁၂၁၈ ဧက စိုက်ပျိုး ထားရှိကြောင်း သိရသည်။