ကျေးရွာ/ရပ်ကွက် စီမံအုပ်ချုပ်ရေးမှူးရုံးများပြန်လည်ဖွင့်လှစ်၍ အုပ်ချုပ်မှုယန္တရားများ မှန်ကန်စွာအကောင်အထည်ဖော်ဆောင်ရွက်

ကျေးရွာ/ရပ်ကွက် စီမံအုပ်ချုပ်ရေးမှူးရုံးများပြန်လည်ဖွင့်လှစ်၍ အုပ်ချုပ်မှုယန္တရားများ မှန်ကန်စွာအကောင်အထည်ဖော်ဆောင်ရွက်

နေပြည်တော်၊ မတ် - ၇
    
တိုင်းဒေသကြီးနှင့် မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရပ်ကွက်၊ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များ ခန့်အပ်ထားရှိမှုအပေါ် ကျေနပ်မှုမရှိသည်ကို အကြောင်းပြ၍ ရပ်ကွက်^ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးများအား ဖိအားပေးခြင်း၊ စီမံအုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်စုဖွဲ့ပြီး ရမ်းကားဆန္ဒပြခြင်း၊ စီမံအုပ်ချုပ်ရေးရုံး ဆိုင်းဘုတ်များဖြုတ်ချခြင်း၊ အဖျက်အမှောင့် စာများရေးသား၍ ရုံးရှေ့တွင် ချိန်ဆွဲခြင်း၊ သစ်သားချောင်းများဖြင့်ရိုက်ပိတ်ခြင်း၊ ရုံးအဝင်တံခါး များအား သော့ခတ်ခြင်း၊ တံခါးများအား သံချောင်းများဖြင့် ဂဟေဆော်ပိတ်ခြင်းများအား မင်းမဲ့စရိုက်ဆန်ဆန် ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ ဆောင်ရွက်လာခြင်းကြောင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူလူထုများအနေဖြင့် ဥပဒေ၏ အကာအကွယ်ကို မရရှိသည့်အပြင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှု ယန္တရားယိုယွင်းမှု များ ဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရှိရသဖြင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူ လူထုနှင့် ရပ်မိရပ်ဖ များ၏ တောင်းဆိုချက်အရ အထက်ပါဖြစ်စဉ်များဖြစ်ပွားခဲ့သည့်နေရာများတွင် ဆူပူမှု ဖြစ်ပေါ်အောင်လှုံ့ဆော်သူများနှင့် ဆူပူမှုတွင် ပါဝင်ပတ်သက်သူများအား တရားဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့သည်။
    
အဆိုပါ ဥပဒေမဲ့ လုပ်ရပ်များလုပ်ဆောင်ပြီး ပိတ်ထားသည့် မန္တလေးတိုင်းဒေသကြီး၊  အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ အောင်မြေသာစံရပ်ကွက်၊ မင်းတဲအီကင်းရပ်ကွက်၊ သီရိမာလာအနောက်ရပ်ကွက်၊ ပြည်လုံးချမ်းသာရပ်ကွက်များနှင့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဂွေးကုန်းကျေးရွာရှိ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးမှူးရုံးများသို့ ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်၍ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီး အုပ်ချုပ်မှု ယန္တရားများ မှန်ကန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ် ရေးမှူးရုံးများအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။