ကျွန်းစုမြို့နယ်အတွင်း တရားမဝင်ငါးဖမ်းလှေများ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ ဝင်များသည် ဧပြီ ၂၁ ရက် ည ၈ နာရီခွဲခန့်တွင် သမီးလှကျွန်း၏ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ၌ အလျား ၂၈ ပေ၊ အနံ ၆ ပေ၊ ရေစူး ၂ ပေခန့်ရှိ တရားမဝင်ငါးဖမ်းလှေပေါ်မှ ဦးသားမဲ(ဘ) ဦးစိန်အောင်နှင့် ဦးမျိုးနိုင်(ဘ) ဦးကြီးမောင်တို့ ၂ ဦးအားလည်းကောင်း၊ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် သမီးလှကျွန်း၏ အရှေ့မြောက်ဘက် ၁၄ မိုင်ခန့်အကွာ၌ အလျား ၃၈ ပေ၊ အနံ ၇ ပေ ၅ လက်မ၊ ရေစူး ၂ ပေခန့်ရှိ  တရားမဝင် ငါးဖမ်းလှေပေါ်မှ ဦးလင်းလင်း(ဘ)ဦးစိုးတင့်အပါအဝင်  အမျိုးသား ၃ ဦးအားလည်းကောင်း၊ ည ၈ နာရီ ၅၅ မိနစ်ခန့်တွင် သမီးလှကျွန်း၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ၌ အလျား ၃၅ ပေ၊  အနံ ၇ ပေ ၅ လက်မ၊ ရေစူး ၂ ပေခန့်ရှိ တရားမဝင်ငါးဖမ်းလှေပေါ်မှ ဦးကျော်ဌေး(ဘ) ဦးရှိန်နှင့်   ဦးသက်စိုး (ဘ) ဦးလှိုင်ရွှေတို့ ၂ ဦး အားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တရားမဝင် ငါးဖမ်းလှေများနှင့် ဖမ်းဆီးရမိသူများအား  ကျွန်းစုမြို့နယ်  ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(၁၀၀)